သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီက ပညာရေး မြင့်မားတိုးတက်အောင် လုပ်မှာတဲ့လား


ရန်ကုန်ြ်မို့စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြပွဲ
ရန်ကုန်ြ်မို့စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြပွဲ
တိုက်ရိုက် လင့်ခ်

အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် မေလ ၅ ရက်နေ့ကစပြီး တက္ကသိုလ်နဲ့ ကောလိပ် သင်တန်းတစ်ချို့ကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ကြေညာပါတယ်။ ပညာရေးဝန်ကြီးဌာန လက်အောက် အစိုးရ နည်းပညာကောလိပ်နဲ့ အစိုးရ စက်မှုလက်မှု သိပ္ပံတွေက AGTI ၃ နှစ် ဒီပလိုမာ သင်တန်းတွေရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ တတိယနှစ် သင်တန်းတွေ၊ အစိုးရ နည်းပညာ အထက်တန်းကျောင်းတွေရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ဒုတိယနှစ် သင်တန်းတွေကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့် ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွေမှာ ဖွင့်လှစ်ခဲ့တဲ့ နောက်ဆုံးနှစ် သင်တန်းတွေနဲ့ မဟာဘွဲ့ (ရေးဖြေ) သင်တန်းတွေကိုလည်း ဖွင့်လှစ်မယ်လို့ ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့် နှစ်ဆန်း Covid-19 ကပ်ရောဂါ စပြီး ဝင်ရောက်မလာခင် အချိန်ကတည်းက အခြေခံပညာကျောင်းတွေ၊ အဆင့်မြင့် တက္ကသိုလ် ကောလိပ်တွေနဲ့ သင်တန်းတွေအားလုံး ရပ်ဆိုင်းထားခဲ့ရတာပါ။ အခု အာဏာသိမ်း စစ်ကောင်စီကတော့ တက္ကသိုလ်အဆင့် သင်တန်းတွေကို ပြန်ပြီးဖွင့်လှစ်ဖို့ စီစဉ်နေပါပြီ။ စစ်ကောင်စီလက်ထက် တက္ကသိုလ်နဲ့ ကျောင်းတွေ ပြန်ဖွင့်မယ့် အစီအစဉ် အောင်မြင်မှု ရနိုင်မလား၊ စစ်ဗိုလ်ချုပ်တစ်ယောက်က ပညာရည် မြင့်မားတိုးတက်အောင် လုပ်ပါမယ် ဆိုတဲ့ စကား ယုံစားလို့ ရနိုင်ပါ့မလား၊ လေ့လာကြည့်ကြရအောင်ပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ မိန့်ခွန်း အတော်များများမှာ အုပ်ချုပ်ရေးယန္တယားတွေ ပြန်ပြီး လည်ပတ်နိုင်ရေး၊ စက်ရုံ အလုပ်ရုံတွေ ဖွင့်လှစ်နိုင်ရေး၊ ရထားလိုင်းတွေ ပြန်ပြီး ပြေးဆွဲနိုင်ရေး၊ ဘဏ်တွေ ပြန်ဖွင့်နိုင်ရေး စတဲ့ အကြောင်းတွေ ပါသလို၊ ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး ကိစ္စကလည်း ဆက်တိုက်ဆိုသလို ပါဝင်တာ တွေ့ရပါတယ်။ သူက ၂၀၁၉ ခုနှစ် စာရင်းဇယားတစ်ခုကို ကိုးကားပြီး မြန်မာနိုင်ငံမှာ လုံး၀ ကျောင်းမနေဘူးသူ ၃ ဒသမ ၇ သန်းရှိတဲ့အကြောင်း၊ အဲဒီလူတွေဟာ ပြည်နယ်တွေမှာ အများဆုံးဖြစ်ကြောင်း၊ ပြည်သူတွေ စာတတ်မြောက်ဖို့အတွက် စာဖတ်ဝိုင်းတွေ လုပ်ပေးဖို့ လိုတဲ့အကြောင်း၊ ခုဆိုရင် စာသင်ကျောင်းတွေ တစ်နှစ် ပိတ်ထားရတဲ့အတွက် နိုင်ငံတော်၊ မိဘနဲ့ ကာယကံရှင် ကျောင်းသားကျောင်းသူတွေ နစ်နာမှုတွေ ဖြစ်ပေါ်နေတဲ့အကြောင်း၊ ကျောင်းတွေ ပိတ်ထားရလို့ ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့ကလေးကို စာပေ အသိပညာနဲ့ ဗဟုသုတ ရစေဖို့အတွက် ယဉ်ကျေးလိမ္မာနဲ့ အခြား သုတ ရသ စာအုပ်စာစောင်တွေကို ဖတ်ခိုင်းရမယ့်အပြင် ကိုယ်တိုင်လည်း စာဖတ်ကြဖို့ လိုကြောင်း၊ သူ့အနေနဲ့ကတော့ ကျောင်းတွေ ပြန်ပြီး ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းတွေ ပြန်ဖွင့်ဖို့ပြောနေသလို လက်ရှိမှာလည်း တက္ကသိုလ် ကောလိပ် အဆင့် သင်တန်းတစ်ချို့ မေလမှာ ပြန်ဖွင့်မယ်လို့ ကြေညာလိုက်ပေမယ့် စိန်ခေါ်မှု တစ်ချို့ကတော့ ရှိနေပါတယ်။

ပထမ တခုကတော့ Covid-19 ကပ်ရောဂါ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပွဲဖြစ်ပွားပြီးနောက်ပိုင်း ကြီးမား ကျယ်ပြန့်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာရှင်ကို အန်တုတဲ့ CDM လှုပ်ရှားမှုထဲမှာ ထိပ်ဆုံးက ပါဝင်သူတွေကတော့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ အဲဒီ CDM လှုပ်ရှားမှုကြောင့် အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေ မလည်ပတ်နိုင်သလို၊ စစ်ကောင်စီ ဘက်ကလည်း CDM ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ပုဒ်မ ၅၀၅(က) တပ်ပြီး ဝရမ်းထုတ်တာ၊ အခြေအနေအရ ထိခိုက်ဒဏ်ရာရသူတွေ၊ ဖျားနာသူတွေကို ကုသပေးတဲ့ CDM ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ကုသခွင့်ပေးတဲ့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေကို အရေးယူမယ်လို့ ကြေညာတာ စတာတွေကို လုပ်နေတဲ့အတွက် နဂိုကတည်းက ဆိုးဆိုးရွားရွားဖြစ်နေတဲ့ ကျန်းမာရေး မဏ္ဍိုင်ဟာ ပိုပြီး အခြေအနေ ဆိုးရွားတဲ့ဘက် ရောက်သွားစေခဲ့ပါတယ်။ အဲဒီထဲမှာ Covid-19 တားဆီး၊ ကုသ၊ ထိန်းချုပ်ရေးနဲ့ ကာကွယ်ဆေး ထိုးနှံရေး စီမံကိန်းကြီး တစ်ခုလုံးလည်း ရပ်ဆိုင်းသွားတာကို တွေ့မြင်ကြရပါတယ်။ အခု စစ်ကောင်စီရဲ့ တက္ကသိုလ် ကောလိပ် အဆင့် သင်တန်းတစ်ချို့ ပြန်ဖွင့်ရေးကိစ္စ Covid-19 ဆိုင်ရာ အစီအမံတွေ ပြင်ဆင်၊ ကြေညာ ထားတာ မရှိလေတော့ စိုးရိမ်ရတဲ့ အနေအထား ဖြစ်စေပါတယ်။

ဒုတိယ တစ်ချက်ကတော့ တက္ကသိုလ် ဆရာဆရာမတွေ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းတွေ CDM လုပ်နေကြတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ ကြေးမုံ သတင်းစာမှာ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ပညာရေး ဒီဂရီကောလိပ်နဲ့ နည်းပညာတက္ကသိုလ် စုစုပေါင်း ၁၃၄ ခုအတွက် နည်းပြနဲ့ သရုပ်ပြ အလုပ်နေရာ စုစုပေါင်း ၁၃၄၆ နေရာ ခေါ်ယူတာ တွေ့ရပါတယ်။ ဒါဟာ CDM ဝင်နေတဲ့ ပညာရေး ဝန်ထမ်းတွေကို တာဝန်ကနေ ယာယီ ထုတ်ပယ်ကြောင်း ကြေညာချက်တွေ ထွက်ပေါ်အပြီး ခေါ်ယူတာ ဖြစ်လေတော့ CDM ဝင်တဲ့ ပညာရေးဝန်ထမ်း ဘယ်လောက်များတယ်၊ ဆရာ၊ ဆရာမ လိုအပ်ချက် ဘယ်လောက် ရှိနေတယ် ဆိုတာ သိနိုင်ပါတယ်။ ဒါဟာ နည်းပြနဲ့ သရုပ်ပြတွေ အတွက်ပဲဖြစ်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန တစ်ခုလုံး အတွက် မဟုတ်၊ အခြေခံ ပညာအတွက်လည်း မပါသလို၊ ပညာရေး ဝန်ကြီးဌာန တစ်ခုလုံး အတွက်လည်း မဟုတ်သေးပါဘူး။ ဒါကြောင့် သင်တန်းတွေ ပြန်ဖွင့်ရင် ဆရာ၊ ဆရာမ မလုံလောက်မှုနဲ့ ကြုံရနိုင်ပြီး သင်ကြားမှုတွေ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

တတိယ တစ်ချက်ကတော့ တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသားတွေရဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာနိုင်ချေပါ။ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပွဲ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေဟာ ကျောင်းတွေ ပိတ်ထားချိန်ဖြစ်ပေမယ့် တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသားတွေဟာ သူတို့ ကျောင်းတွေကို CDM ကျောင်းတွေဖြစ်ကြောင်း ကြေညာတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ ကျောင်းပိတ်ထားချိန်မှာတောင် တစ်ချို့တလေ စုစည်း၊ ဆန္ဒပြပွဲ ဆင်နွဲှခဲ့ကြတဲ့ ကျောင်းသားတွေ အနေနဲ့ တက္ကသိုလ် ကောလိပ်တွေမှာ တရားဝင် ကျောင်းတက် စုစည်းခွင့်ရရင် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နိုင်ချေကလည်း အလားအလာ အများကြီး ရှိနေပါတယ်။ တကယ်တော့ လက်ရှိ စစ်ကောင်စီရဲ့ တက္ကသိုလ် ကောလိပ် အဆင့် သင်တန်းတစ်ချို့ ပြန်ဖွင့်ရေး အစီအမံဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေး တိုးတက် မြင့်မားဖို့ ဆိုတာထက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အစိုးရယန္တယား ပုံမှန် လည်ပတ်နေတာကို ပြသချင်တဲ့ ဆန္ဒကို အကောင်အထည် ဖော်တာ ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။

သိပ်မကြာခင်တုန်းကလည်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သိပ်မကြာခင် ကျောင်းတွေ ပြန်ဖွင့်မယ်၊ ပြန်ဖွင့်တဲ့အခါကျရင် တစ်နှစ်ကို အတန်း ၂ တန်း တက်ရအောင် လုပ်မယ် ဆိုပြီး ပြောခဲ့လို့ ပြည်သူတွေအကြား ပြစ်တင် ဝေဖန် ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ်။ တကယ်လည်း ၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာရှင်တွေ လက်ထက်ကို ပြန်ကြည့်လိုက်ရင် ပညာရေးနဲ့ ပတ်သက်ပြီး အာဏာရှင်တွေ စိတ်ကြိုက် အမျိုးမျိုး စမ်းသပ်တာ၊ ကျောင်းသားကျောင်းသူ ပညာရည် မြင့်မားရေးထက် အာဏာတည်မြဲရေးကိုပဲ ဦးစားပေးတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပညာရေး အလွန်နိမ့်ကျခဲ့ပြီး အတန်းအောင် စာမတတ်တွေ ဖြစ်ခဲ့ကြတာ ၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီ အာဏာရချိန်ရောက်မှ ပြုပြင်ဖို့ စတင်ကာစ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒီလို အခြေအနေမှာ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်က နောက်ထပ် အာဏာသိမ်းမှု ဆင်နွဲှခဲ့လေတော့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ ခေတ်ကာလမှာ မြန်မာနိုင်ငံ ပညာရေး မြင့်မား တိုးတက်လာလိမ့်မယ် ဆိုတာမျိုးကတော့ မျှော်လင့်လို့ ရနိုင်ကောင်းတဲ့ အရာ တစ်ခု မဟုတ်နိုင်ကြောင်းပါ။

----------------------------------------








XS
SM
MD
LG