သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတချို့ကို မြန်မာအစိုးရ ပြန်လက်ခံတော့မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ ၂၄၅၁ ယောက်ကို လာမယ့် နှစ်လအတွင်း မြန်မာအစိုးရက ပြန်လည်လက်ခံဖို့ ဘင်္ဂဘားဒေ့ရှ်အစိုးရနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြ ပါတယ်။

မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အားရှိသူ ရိုဟင်ဂျာ ဒုက္ခသည် ၃၂,၀၀၀ ထဲက ပထမအသုတ်အဖြစ်နဲ့ ၂,၄၅၁ ယောက်ကို လာမယ့် ၂ လအတွင်း ပြန်လည်ခေါ်ယူနိုင်ရေး စတင်ဆောင်ရွက်ဖို့ မြန်မာအစိုးရဖက်က သဘောတူလိုက်ကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဌာနာ ဒုတိယဝန်ကြီး ဦးသန့်ကျော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Md Shahidul Haque က တွေ့ဆုံ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ FOC ခေါ် ဘင်္ဂလားဒေ့ရှ် - မြန်မာ ၈ ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲအတွင်း ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား အခုလို ထူးခြားတဲ့ သဘောတူညီမှု ရရှိလိုက်ပေမယ့် တခြား သဘောထား မတိုက်ဆိုင်တဲ့ အကြောင်းအရာတွေလည်း အများအပြား ရှိနေတုန်းပဲလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာပြည်ကို ပြန်ပို့မယ့် ရိုဟင်ဂျာတွေ နှစ်ဖက် ပြန်လည် စစ်ဆေးပြီးမှ ပြန်ပို့မှာဖြစ်ပြီး အဲဒီအထဲမှာ ၂၀၀၅ နှစ်နောက်ပိုင်း ရိုဟင်ဂျာတွေက မွေးဖွားတဲ့ သားသမီးတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

တရားဝင်ပြုစုထားတဲ့ စာရင်းဇယားတွေအရ ၁၉၉၁ ခုနှစ်မှာ မြန်မာစစ်အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ၂,၅၀,၈၇၇ ယောက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၂,၃၆,၅၉၉ ယောက်ကို ကုလသမဂ္ဂရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ Cox’s Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်း ၂ ခုမှာ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၃၂,၀၀၀ လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေက ကလေးမွေးဖွားမှုနှုန်း များလွန်းတာကြောင့် သူတို့ရဲ့ အရေအတွက်ဟာလည်း တဖြည်းဖြည်း များပြားလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဖက်က အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

XS
SM
MD
LG