သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကမ္ဘာကမမေ့ဖို့ တောင်အာဖရိကနိုဘဲလ်ဆုရှင် တိုက်တွန်း


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ထောက်ခံ အားပေးပေမဲ့လည်း ရိုဟင်ဂျာတွေအရေး ပျောက်ကွယ်မသွားအောင် ဆက်လက် လုပ်ဆောင်သွားရမယ်လို့ တောင်အာဖရိကနိုင်ငံ က နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့အရေး ကမ္ဘာကသိရှိ၊ ထောက်ခံလာရေးအတွက် ရည်ရွယ်ပြီး နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဘုန်းတော်ကြီး Desmond Tutu က အဲဒီလို ပြောကြားသွားတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Oslo Conference on Myanmar’s Systematic Persecution of Rohingyas လို့ခေါ်တဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေမှု - အော်စလို ညီလာခံဆိုတဲ့ ခေါင်းစဉ်နဲ့ မေလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ နိုင်ငံတကာ ညီလာခံကို ကျင်းပနေတာပါ။

ဒီညီလာခံမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ တတ်သိပညာရှင်တွေ၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေနဲ့ နိုင်ငံ ခေါင်းဆောင် ဟောင်းတွေလည်း ပါဝင် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး Desmond Tutu ကတော့ ရိုဟင်ဂျာတွေအရေး အခုလို ဆိုးဆိုးရွားရွား ဖြစ်လာတာဟာ မြန်မာအစိုးရကြောင့်လို့ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို သဝဏ်လွှာထဲမှာ ထည့်သွင်း ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေကို ထောက်ခံအားပေးဖို့ ပြောဆိုနေတဲ့ တချိန်ထဲမှာပဲ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ အတိဒုက္ခတွေကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းရေးမရှိတဲ့၊ နိုင်ငံသားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့ တိုင်းပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည်မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာကို ပိုင်းခြားပစ်လို့ မရနိုင်ပါဘူး။ အားလုံး ပါဝင်လာအောင် ဖိတ်ခေါ်ရမှာဖြစ်သလို အားလုံးဟာလည်း အစိတ်အပိုင်းတခုအဖြစ် ပါဝင်ပါတယ်။”

ဒါ့အပြင် ငြိမ်းချမ်းရေးကို ချစ်ခင် မြတ်နိုးသူတယောက်အနေနဲ့ - မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအတွက် နိုင်ငံသား၊ လူမျိုးအဖြစ် သတ်မှတ်တဲ့စံနစ်နဲ့ အခြေခံ လူ့အခွင့်အရေးတွေ ပြန်လည် ရရှိနိုင်ရေးအတွက် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာက ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရန်ပုံငွေ ထောက်ပံ့နိုင်ရေးအတွက် ဘုံမူဝါဒ ချမှတ် လုပ်ဆောင်သင့်ကြောင်းလည်း ဘုန်းတော်ကြီး တူးတူးက ထည့်သွင်း ပြောကြားသွားပါတယ်။

ကမ္ဘာကျော် ဘီလီယံနာတဦးဖြစ်တဲ့ George Soros ကလည်း ရိုဟင်ဂျာတွေအရေး ဂရုဏာသက်ပြီး သွေးစည်းညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ဒီညီလာခံကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

“မြန်မာနိုင်ငံကို ၄ ကြိမ် ကျနော် သွားလည်ခဲ့တဲ့အထဲမှာ စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်ကိုလည်း တခေါက် ရောက်ခဲ့ပါတယ်။ အဲဒီနေရာဟာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်က Budapest မှာရှိတဲ့ Ghetto လို့ခေါ်တဲ့ အရှေ့ဥရောပတိုက်အတွင်း နာဇီတွေလက်အောက်မှာ ဂျူးတွေနေခဲ့ရတဲ့ ကျနော့် ငယ်ဘ၀ အခြေအနေနဲ့ တော်တော်တူပါတယ်။ ဒါကြောင့်လည်း ကျနော်ဟာလည်း ရိုဟင်ဂျာပါပဲ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို လတ်တလောက် ခြိမ်းချောက်နေတဲ့အရာဟာ မူဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ အဲဒီလို လှုပ်ရှားမှုတွေကို အစိုးရက တရားခွင့်ပြုထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။”

ဒီညီလာခံကို နိုင်ဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu အပြင် တခြား နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ အိုင်ယာလန်နိုင်ငံက Mairead Maguire နဲ့ အရှေ့တီမောနိုင်ငံက José Ramos-Horta ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Tomas Ojea Quintana ၊ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်နဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ အစိုးရအရာရှိဟောင်းတွေ၊ တတ်သိပညာရှင်တွေလည်း ပါဝင် တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကလည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ သူတို့အမြင်တွေကို ဒီညီလာခံအတွင်းမှာ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ ဒီညီလာကိုတော့ အောက်စဖို့ဒ် တက္ကသိုလ် ဆင်းရဲနွမ်းပါးမှုနဲ့ လူထုဖွံ့ဖြိုးမှုအဖွဲ့၊ ဟားဗတ်တက္ကသိုလ် ကမ္ဘာတဝှမ်း သာတူညီမျှရေးအဖွဲ့၊ ကမ္ဘာ့ဘာသာရေးပါလီမန်လို့ခေါ်တဲ့အဖွဲ့နဲ့ တခြား မြန်မာ့အရေးနဲ့ ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်း (၇) ဖွဲ့က ပူးတွဲ ကမကထပြု ကျင်းပတာ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပနေတဲ့ ဒီညီလာခံဟာ ရိုဟင်ဂျာတွေအရေး နိုင်ငံတကာက အာရုံစိုက်လာဖို့နဲ့ မြန်မာအစိုးရ အဆက်ဆက်က ဆယ်စုနှစ်တွေနဲ့ချီပြီး ဖိနှိပ် အုပ်ချုပ်လာခဲ့တာတွေကို ဖော်ထုတ် ပြသနိုင်ရေးအတွက် ရည်ရွယ်ပြီး LSE - လန်ဒန်စီးပွားရေးတက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်တို့မှာ မနှစ် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ ညီလာခံ ၂ ခုရဲ့ နောက်ဆက်တွဲအဖြစ် ဆက်လက် ကျင်းပတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG