သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က နယ်စပ်တိုက်ပွဲများ


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ သြဂုတ်လကုန်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင်အမှတ် BP (၄၀) မှာ နေရာယူထားတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို AA ရခိုင်တပ်တော်က တိုက်ထုတ်လိုက်တဲ့အတွက် နယ်ခြားစခန်း ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီဘက်က ဆောင်ရွက်နေကြောင်း စက်တင်ဘာလ (၂) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ မြေပုံနဲ့ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်လာတဲ့အတွက် စစ်ကောင်စီတပ်က AA နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကိုပြောကြောင်း စက်တင်ဘာလ (၂) ရက်နေ့က ကိုငြိမ်းချမ်းပေးပို့တဲ့ သတင်းလွှာမှာ ဖော်ပြပါတယ်။

လုံခြုံရေးအတွက် စစ်ရေးအရ တုံ့ပြန်တာရှိသလို ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့လည်း ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။ AA နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက ဝင်ရောက်နှောက်ယှက်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားရတာကို AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက VOA ကို ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ AA တပ်တို့အကြား စစ်ရေးတင်းမာလာတဲ့အတွက် အပြန်အလှန်ဖမ်းဆီးမှုတွေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ကောင်စီဟာ နယ်ခြားစောင့်စခန်း (၇) ခုကို စွန့်လွှတ်လိုက်ရတယ်လို့ ဦးခိုင်သုခ ပြောတာကို စက်တင်ဘာလ (၃) ရက်ထုတ် DMG အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း (၅) ခုနဲ့ မောင်တောမြို့နယ်စခန်း (၂) ခုကို AA ရခိုင်တပ်က သိမ်းပိုက်လိုက်တယ်လို့ စက်တင်ဘာလ (၁၅) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေသုံးပြီး ပြန်တိုက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ရေကြောင်း၊ ကုန်ကြောင်းကနေ စစ်သည်နဲ့ လက်နက်အင်အား ဖြည့်တင်းနေတာကြောင့် နေရာအနံှ့မှာ တိုက်ပွဲကြီးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စက်တင်ဘာလ (၁၄) ရက်မှာ AA ရခိုင်တပ်က သတိပေးစာ ထုတ်ပြန်ထားပါတယ်။ အထက်ပိုင်း အိန္ဒိယနယ်စပ်မှာလည်း တိုက်ပွဲပြင်းထန်တယ်လို့ ဆိုပါတယ်။ နယ်စပ်ကို ချုပ်ကိုင်နိုင်ရင် အကျိုးခံစားရမှာမို့ ကြိုးပမ်းနေကြတာ ဖြစ်ပုံရပါတယ်။

မောင်တောအခြေအနေကို ခြုံငုံကြည့်ရင် ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA နဲ့ AA ရခိုင်တပ်က အုပ်စိုးထားတာ တွေ့ရလို့ ဘာပဲလုပ်လုပ် AA နဲ့ ညှိနှိုင်းရမယ့်အခြေအနေပဲလို့ မော်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းပြောတာကို DMG အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်က တည်ထောင်ခဲ့တဲ့ ရခိုင်လွတ်မြောက်ရေးတပ်၊ ALA နဲ့ အိန္ဒိယပြည်မှာ ၂၀၀၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ ရခိုင်အမျိုးသားကောင်စီ ANC ဆိုတဲ့ လက်နက်ကိုင်တွေ ရှိပေမယ့် အင်အားဟာ ရာဂဏန်းလောက်သာ ရှိတာမို့ စစ်ကောင်စီကို ယှဉ်ပြိုင်နိုင်သူဟာ AA ရခိုင်တပ်တော်တခုတည်း ရှိတယ်လို့ ပြောနိုင်ပါတယ်။ AA ဟာ ရခိုင်ပြည်သူလူထု ထောက်ခံမှုအများဆုံး ရထားပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းပေါ်ထွက်လာတဲ့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ NLD အဖွဲ့ချုပ်ကြား ယုံကြည်မှု မတည်ဆောက်နိုင်တာဟာ NLD ရဲ့ အားနည်းချက်တခု ဖြစ်တယ်လို့ သုတေသီ ကိုကျော်ဆန်းလှိုင်က မှတ်ချက်တာကို သြဂုတ်လ (၂၂) ရက်နေ့ထုတ် USIP စာတမ်းမှာ ဖော်ပြပါတယ်။ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ NLD ကို အပြည့်အဝ ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်တဲ့အခါ ပါတီဝင်အချို့ဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ခွဲထွက်ပြီး၊ RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်တဲ့အခါ နေရာအများစုကို အနိုင်ရရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါက်တာအေးမောင်ရဲ့ RNDP နဲ့ ဦးအေးသာအောင်ရဲ့ ALD ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP ဖွဲ့တဲ့အခါ ရခိုင်မှာ အမတ်အများဆုံး အနိုင်ရပါတီ ဖြစ်လာပါတယ်။

ဒါပေမဲ့ ANP ရခိုင်အမျိုးသားပါတီဝင်ကို ပြည်နယ်ဝန်ကြီးချုပ်ခန့်ဖို့ NLD အစိုးရ ငြင်းဆန်တဲ့အခါ ပါတီချင်းပြိုင်ဆိုင်မှု ရှိလာပြီး၊ ANP ပါတီ သုံးပိုင်းကွဲသွားပါတယ်။ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ပေါ်ထွက်လာပြီး ဒေါက်တာအေးမောင်က AFP - Arakan Front Party ရခိုင်ဦးဆောင်ပါတီကို တည်ထောင်ပါတယ်။ NLD ကို မကျေနပ်တဲ့ ရခိုင်ပါတီတွေပါ။ ၂၀၁၈ မှာ AA ရခိုင်တပ်နဲ့ စစ်တပ် တိုက်ပွဲဖြစ်တဲ့အခါ NLD အစိုးရဘက်က စစ်တပ်ဘက်က ရပ်တည်ပြီး၊ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်မဲဆန္ဒရှင် လေးပုံသုံးပုံလောက် မဲပေးခွင့် ပိတ်ပင်ခံရပါတယ်။

ဒါကြောင့် စစ်ကောင်စီ တက်လာတဲ့အခါမှာ နွေဦးတော်လှန်ရေးကို ရခိုင်က ဦးစားမပေးတဲ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။ ANP ပါတီဝင် ဒေါ်အေးနုစိန်နဲ့ ဦးဇော်အေးမောင်တို့ဟာ စစ်ကောင်စီဝင်တွေ ဖြစ်လာပါတယ်။ NUG အမျိုးသားညီညွှတ်ရေးအစိုးရကို NLD နဲ့ အတူတူပဲလို့ ANP, ALD, AFP စတဲ့ ရခိုင်ပါတီတွေက သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ AA ရခိုင်တပ်တော်ကို ထောက်ခံသူ များလာတာနဲ့အတူ နိုင်ငံရေးပါတီတွေကို ယုံကြည်သူ နည်းပါးလာပါတယ်။ AA ကတော့ NUG နဲ့ ဆက်ဆံပြီး နွေဦးတော်လှန်ရေးကို ကူညီထောက်ပံ့နေပုံရပါတယ်။

==Unicode ===









XS
SM
MD
LG