သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 နေရပ်ပြန်ခွင့်ရပေမယ့် ပြန်ခွင့်မသာတဲ့ ရခိုင်စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ


ပြန်ဖျက်နေတဲ့ ပုဏ္ဏားကျွန်း စက်မှုဇုန်စစ်‌ဘေးဒုက္ခသည်စခန်း (မတ်လ ၁၃၊ ၂၀၂၃)
ပြန်ဖျက်နေတဲ့ ပုဏ္ဏားကျွန်း စက်မှုဇုန်စစ်‌ဘေးဒုက္ခသည်စခန်း (မတ်လ ၁၃၊ ၂၀၂၃)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ထောက်ပံ့မှုတချို့ ပေးပြီး နေရပ် ပြန်ပို့နေတာပါ။ လက်ရှိမှာတော့ နေရပ်ပြန်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေ ၅ထောင်ကျော်အထိ ရှိနေသလို ပြန်စရာနေရပ် မရှိတော့တဲ့ ဒုက္ခသည်တွေလည်း ရှိနေပါတယ်။ လုံခြုံရေးနဲ့ ဘဝရပ်တည်ရေး အာမခံချက်မပေးနိုင်ပဲ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နေတာဟာ ပြည်သူကိုပိုပြီးတော့ ဒုက္ခရောက်အောင်လုပ်တာ ဖြစ်တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတချို့က စစ်ရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်ပို့ပြီးတော့ စခန်းတွေကို ပိတ်သိမ်းနေတာ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည် ၂ ထောင်ကျော်ဟာလည်း မတ်လ ပထမအပတ်ကတည်းက စစ်ကောင်စီအစီအစဉ်နဲ့ နေရပ်ပြန် သွားကြပေမယ့် သွားစရာနေရပ်မရှိတဲ့ သူတွေလည်းရှိနေတာပါ။

ပလက်ဝမြို့နယ် နှာမဒါကျေးရွာကနေ ထွက်ပြေးလာပြီး အဲဒီစက်မှုဇုန် စစ်ဘေးဒုက္ခသည် စခန်းမှာနေထိုင်တဲ့ ဦးကျော်သန်းတို့ မိသားစုကတော့ ဒုက္ခသည်စခန်းမှာလည်း နေလို့မရတော့သလို ပြန်စရာနေရာလည်း မရှိဘူးလို့ပြောပါတယ်။

“ ကျနော်တို့ကတော့ ဘယ်လိုပြောမလဲ ဆိုလို့ရှိရင် စက်မှုဇုန် ကယ်ဆယ်ရေးမှာ နေတာကတော့ ဒီအနီးအနား သာစည်ကျောက်ဆိပ်က လူတွေဆိုတော့ အဲဒီလူတွေက ပြန်မယ်ဆိုပြီးတော့ စာရင်းပေးတယ်။ ကျနော်တို့ကတော့ မပြန်ချင်ပေမယ့်လည်း ပလက်ဝမြို့နယ် နှမဒါကျေးရွာကို ပြန်လို့မရမှန်းလည်း သိပေမယ့်လည်း ကျနော်တို့ အဲဒီစက်မှုံဇုန် ကယ်ဆယ်ရေးစခန်းမှာ ဆက်လက်နေချင်တယ်ဆိုပေမယ့် တစ်ယောက်တည်း တစ်အိမ်တည်းနေလို့မသင့် တော်ဘူးဆိုပြီးတော့ ပြန်မယ့်စာရင်း ပေးလိုက်ရတာပါ။”

ပလက်ဝမြို့နယ်က နှာမဒါကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး ရွာလုံးကျွတ်ထွက်ပြေး လာရသလို နေအိမ်တွေလည်း မီးရှို့ခံရတာပါ။ လက်ရှိမှာလည်း အဲဒီကျေးရွာ စစ်ကောင်စီက တပ်စွဲထားသလို ဒေသခံ ကျေးရွာသားတွေလည်း တယောက်မှ မရှိသေးတာလည်း ဖြစ်ပါတယ်။

“နှာမဒါကျေးရွာမှာတော့ ဒေသခံတွေ အကုန်လုံးထွက်ပြေးနေကြတာ။ ၂၀၁၉ကတည်းက အကုန်လုံးထွက်ပြေးနေကြတာ အခုထိ ပြန်မရောက်သေးဘူးဗျာ။ ကျနော်တို့ ပြေးလာတုန်းက အိမ်တွေလည်း မီးရှို့ခံထားရတာ၊ ဘယ်သူ့အိမ်တွေ ပါသွားလဲတော့ မသိဘူး၊ မီးမရှို့ပဲ ကျန်ရှိတဲ့အိမ်တွေဟာလည်းရှိမယ်မထင်ဘူး ဘာလို့လဲဆိုတော့ လူပြုပြင်မှု မရှိ ခြတွေဘာတွေ စားပြီးတော့ အကုန်ပြိုနေပြီထင်တယ်။”

လက်ရှိမှာတော့ ဦးကျော်သန်းတို့မိသားစုဟာ အသိမိတ်ဆွေတယောက်အိမ်မှာ ခဏတည်းခိုနေရပြီး ရှေ့လျောက် ဘယ်ကိုသွားရမလဲ မသိဖြစ်တယ်လို့လည်း ဦးကျော်သန်း ကပြောပါ တယ်။

“ ကျနော်တို့ကျတော့ ကိုယ့်ရွာကို ပြန်လို့မရဘူး၊ ကျနော်တို့ရွာမှာ စစ်တပ်ကလည်း စိုးမိုးထား တယ်၊ မိုင်းရှင်းလင်းမှုလည်း မရှိသေးဘူးဆိုတော့ ရွာသားတွေလည်း အကုန်လုံး မပြန်ကြသေးဘူး။ ကျနော်တို့ ရွာသားတွေကတော့ စစ်တွေ ကယ်ဆယ်ရေးစခန်း၊ ကျောက်တော် ညောင်ချောင်း၊ လေးမြို့ချောင်း အကုန်လုံး ဖြန့်ပြီးတော့ရှိတယ်၊ တယောက် တခြားစီဖြစ်နေတယ်။ အခုကျနော်တို့က နေရပ်ကိုလည်း ပြန်လို့မရဘူးဆိုတော့ အသိမိတ်ဆွေ တယောက်အိမ်မှာ လောလောဆယ် တည်းနေတယ်။ ဒါကြောင့် ကျနော်တို့ ဘယ်သွားရမှန်းမသိဘူး။ ဘယ်မှာနေရမှန်း မသိဘူး။ ရုန်းမရဘူးဖြစ်နေတယ်။”

အခုလို အခက်အခဲဖြစ်နေတာ ဦးကျော်သန်းတို့ မိသားစုတခုတည်းမဟုတ်ပဲ တခြားသော စစ်ဘေးဒုက္ခသည်တွေ တော်တော်များမျာလည်း သူတို့လို ပြန်စရာနေရပ်မရှိတဲ့ အခက်အခဲတွေအပြင် နေရပ်မှာ လုပ်ကိုင်စားသောက်စရာမရှိ ဖြစ်နေပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ အပစ်ရပ်ထားတယ်ဆိုပေမယ့် လုံခြုံတဲ့ အခြေအနေ တရပ်မဟုတ် သေးတဲ့အပြင် လုံခြုံရေးအာမခံချက်မပေးပဲ စစ်ကောင်စီအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့နေတာဟာ ပြည်သူတွေကို ပိုဒုက္ခရောက်စေတယ်လို့ အခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။

“မကြာခင်က SAC ဖက်က ပစ္စည်းနည်းနည်းပါးပါး ထောက်ပံ့ပေးပြီးတော့ ရခိုင်စစ်ရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးတတာတွေ ရှိတယ်။ ဆက်ပြီးတော့လည်း ဖိအားပေးနေ တာတွေကို တွေ့ရပါတယ်၊ ဆိုတော့ လုံခြုံရေးနဲ့ လိုအပ်တဲ့စားဝတ်နေရေး အခက်အခဲတွေကို အပြည့်အဝ ကူညီလုပ်ဆောင်တာမရှိပဲနဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ဖိအားပေး နေတာကတော့ ပိုပြီးတော့ ဒုက္ခရောက်အောင် လုပ်နေတာနဲ့ တူတယ်လို့ မြင်တယ်။”

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကတည်းက ထောက်ပံ့မှုတွေ ကိုရပ်ဆိုင်းထားပြီး နေရပ်ပြန်မယ့် စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်ယူပြီးတော့ ပြန်မယ့်သူတွေကို ငွေကျပ်ခြောက်သိန်းနဲ့ အသုံးအဆောင် ပစ္စည်းတချို့ ထောက်ပံ့ပေးပေမယ့်လည်း နေရပ်ပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ ရှေရှည်အတွက် စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}















XS
SM
MD
LG