သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၆) ပွင့်ဆိုင်အရေး လွှတ်တော်ထံ သမ္မတအကြောင်းပြန်


ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း တောင်းဆိုခဲ့တဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုချက်ဟာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ အတွက် ပြည်ထေင်စုလွှတ်တော်က မူဘောင်တွေ သေချာချမှတ်ပြီးမှသာ စီမံဆောင်ရွက်ဖို့လိုတယ်လို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာပို့ခဲ့ပါတယ်။ အခုလို လွှတ်တော်က တောင်းဆိုချက်အပေါ် သမ္မတက လတ်တလော တွေ့သင့်တယ်လို့ မယူဆတဲ့အတွက် အကြောင်းပြချက်ပေးပြီးငြင်းပယ်လိုက်တဲ့ သဘောမျိုးဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ပြန်စတဲ့ ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးပွဲတွေကျင်းပတဲ့နေ့မှာ နိုင်ငံတော်သမ္မတက ၆ ပွင့်ဆိုင် တွေ့ဆုံရေးနဲ့ ပတ်သက်တဲ့ အကြောင်းပြန်ကြားမှု သဝဏ်လွှာကို ပေးပို့လိုက်တာပါ။ သဝဏ်လွှာအရ ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေးမှာ ကိုယ်စားပြုမှုတွေ ပိုပြီးလိုအပ်တာ၊ ဆွေးနွေးရမယ့်မူဘောင်တွေ ပါရှိဖို့ လိုနေတာတွေကို အကောင်းဆုံး စီမံနိုင်ဖို့ အကြောင်းပြန်လာတဲ့ သဘောလို့ ၆ ပွင့်ဆိုင်ဆွေးနွေးရေးမှာ တိုင်းရင်းလွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်ခံထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ခေါင်းစဉ်တစ်ခုထဲပေါ်မှာ ထည့်သွင်းဆွေးနွေးလိုတဲ့ မူဘောင်အကြောင်းအရာများကို ကြိုတင်လေ့လာနိုင်ဖို့ သူ့ဆီကို ပေးပို့ပါလို့ သူ့ဘက်က ညွှန်း ပါတယ်။ အဲတော့ သူထပ်ပြောတာကလည်း နောက်ဆုံးအပိုဒ်မှာ ပါပါတယ်။ နိုင်ငံတော်သမ္မတဦးဆောင်ပြီး ၆ ဦး တွေ့ဆုံဖို့ ဆွေးနွေးရန် တိုက်တွန်း လာသော ကိစ္စသည်ကောင်းမွန်သော လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ သို့သော်လည်း တိုင်းရင်းသား ပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားလှယ်ဖြစ်စေရေး အလားတူ ယင်းတို့ရဲ့ လိုလားတောင့်တရေး၊ မှတ်ချက်များ ပါရှိစေရေး မူဘောင်များ အဲဒါကို ကြိုတင်ချမှတ်ထားတဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှု ဖြစ်စေရေးတို့အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်တယ်လို့ အကြံပြုတယ်ဆိုတာ ထပ်ပြီး သုံးစွဲပါတယ်။”

သမ္မတဘက်က ပြန်တောင်းဆိုမှုတွေရှိလာတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ဘက်က ဒီဆွေနွေးပွဲနဲ့ ပတ်သက်တဲ့မူဘောင်တွေကို ပြန်ပြီး ချမှတ်ဖို့ လိုမယ့်အနေအထားလို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ဘက်က မူဘောင်တွေ၊ နောက်ပြီးတော့ အသေးစိတ်အချက်အလက်တွေ ပြန်ကြားပေးဖို့ အကြောင်းကြားတဲ့သဘော အကြောင်းပြန်ကြားတဲ့သဘောလို့ နားလည်ပါတယ်။”

အခုလို သမ္မတဦးသိန်းစိန်ရဲ့ ပြန်ကြားချက်ဟာ ၆ ပွင့်ဆိုင်တွေ့ဆုံရေးကို အကောင်အထည် မဖော်လိုသေးတဲ့အတွက် အကြောင်းပြချက်တစ်ခုလို့ ယူဆနိုင်တဲ့အကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကပြောပါတယ်။

“၆ ပွင့်ဆိုင်ဆိုတဲ့ဟာကို သူက ဒီလက်မခံတဲ့ သဘောဖြစ်တာပေါ့။ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ခုနက လွှတ်တော်ကတိုက်တွန်းထားတဲ့ ရည်ရွယ်ချက်နှစ်ခုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မယုံကြည်ဘူးဆိုတဲ့ အဓိပ္ပာယ်။ သူနဲ့ဆွေးနွေးယုံနဲ့တင် မပြီးဘူးပေါ့။ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတဲ့ဟာမျိုးလို့ ပြောတဲ့သဘော။ အဲတော့ ၄၈ ပွင့်ဆိုင်တွေ့ဆုံတာတို့၊ ဘာတို့ကိုတော့ ထပ်ပြီး လုပ်ချင်တဲ့သဘောဖြစ်ပါတယ်။”

တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေတုန်းက တင်ပြခဲ့တဲ့ ပြည်ထောင်စုကိုယ်စားလှယ်များရဲ့ အဆောင်အယောင်နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က မှတ်ချက်တွေနဲ့ ပြန်လည် ပေးပို့လာပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လစာ တိုးမြှင့်ခံစားဖို့အပေါ် သဘောမတူတဲ့အနေအထားလို့ သုံးသပ်နိုင်တဲ့အကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

“ဒါလေးတွေကို လွှတ်တော်အမတ်ဖြစ်လို့ ပြောတာ မဟုတ်ပါဘူး။ အနာဂတ်မှာလည်း လွှတ်တော်ကို တည်ဆောက်တဲ့ကာလမျိုးမှာ ပြည်ထောင်စုအစိုးရ ဆိုရင် များများပေးရမယ်၊ များများ ယူတာမျိုးမဖြစ်ဖို့ ပြည်ထောင်စုကိုယ်စားလှယ်တွေကို နည်းနည်းလေးနဲ့ ခုနှိမ်ထားတာမျိုးမဖြစ်ဖို့၊ ပြည်ထောင်စု အဆင့် မသတ်မှတ်တာမျိုး မဖြစ်ဖို့-နော်။ ဘယ်လိုမျိုး Check and Balance လုပ်နိုင်မလဲ။ ပြည်ထောင်စုအဆင့် မဟုတ်ရင်လေ။ ဒီအဆင့်လေးတစ်ခုတောင်မှ မပေးနိုင်တဲ့ အခြေအနေဗျာ။ ပြည်ထောင်စုအဆင့်မဟုတ်ရင် ပြည်ထောင်စုအစိုးရကို လွှတ်တော်ကိုယ်စားလှယ်တွေက လက်ညှိးထိုးပြီး ပြောနိုင်မလဲ။ မှားတာလေးတွေ၊ ပြုပြင်စရာလေးတွေကိုနော်။ ပွင့်ပွင့်လင်းလင်းပြောရင် လျော်ညီတဲ့ အဆောင်အယောင်နဲ့ ရာထူးလေးနဲ့ သူ့ရဲ့ ပုံပန်းသဏ္ဍန် လေးကတော့ ဖော်ဖို့ ပြည်သူမှာလည်း တာဝန်ရှိပါတယ်။ ပြည်ထောင်စုအစိုးရမှာလည်း တာဝန်ရှိပါတယ်။”

ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကြားမှာ မျှမျှတတဖြစ်အောင် ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် လစာတိုးရေး ဥပဒေကြမ်းကိစ္စနဲ့ပတ်သက်ပြီး သမ္မတနဲ့လွှတ်တော်အကြား ကွဲလွဲမှုရှိနေတဲ့အပေါ် ရှေ့လာမယ့်လွှတ်တော် အစည်းအဝေးတွေအတွင်းမှာ အပြန်အလှန်ဆွေးနွေးဖို့ရှိပြီး မဲခွဲဆုံးဖြတ်ဖို့တွေ ရှိလာနိုင်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်ခင်ဗျား။

XS
SM
MD
LG