သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"OECD အဖွဲ့ဝင်ကုမ္ပဏီနှစ်ခု မြန်မာစစ်ကောင်စီကို ပံ့ပိုးနေ" Hunterbrook 


အီတာလျံ Danieli သံမဏိကုမ္ပဏီတာဝန်ရှိသူတွေက စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဇွန်လ ၁ ရက်၊ ၂၀၂၃ က သစ်သီးခြင်းပေးနေပုံ။ (ဓာတ်ပုံ-မြဝတီ)
အီတာလျံ Danieli သံမဏိကုမ္ပဏီတာဝန်ရှိသူတွေက စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဇွန်လ ၁ ရက်၊ ၂၀၂၃ က သစ်သီးခြင်းပေးနေပုံ။ (ဓာတ်ပုံ-မြဝတီ)

မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ ကိုးရီးယား Posco စွမ်းအင်ကုမ္ပဏီနဲ့ အီတာလျံ Danieli သံမဏိကုမ္ပဏီတို့ဟာ မြန်မာစစ်ကောင်စီကို ပံ့ပိုးကူညီနေကြတယ်လို့ Hunterbrook Media က ဖော်ထုတ်ရေးသားလိုက်ပါတယ်။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စီးပွါးရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီး OECD အဖွဲ့ဝင် စွမ်းအင်ကုမ္ပဏီတွေ ထွက်သွားကြပေမဲ့ တောင်ကိုးရီးယား Posco ကုမ္ပဏီကတော့ မြန်မာစစ်ကောင်စီအတွက် ဝင်ငွေတွေဆက်ပြီးရှာပေးနေတယ်လို့ Hunterbrook က ရေးပါတယ်။ Posco ကုမ္ပဏီက ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှာ ဒေါ်လာသန်းနဲ့ချီ ပိုမိုရင်းနှီးမြှုပ်နှံလာသလို ပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းနေတဲ့ စစ်ကောင်စီအတွက် ဝင်ငွေတွေဆက်ပြီးရှာပေးနေတယ်လို့ Hunterbrook က ဖော်ပြပါတယ်။

Posco ကတော့ မြန်မာပြည်သူတွေ စွမ်းအင်ရအောင် ဆောင်ရွက်ပေးနေတာပါလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်းပြီးနောက်ပိုင်း Posco ရဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ကနေ စစ်ကောင်စီအတွက် ဒေါ်လာ ၁ ဘီလီယံဝင်ငွေရှာပေးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်ကို Hunterbrook က ကိုးကားဖော်ပြထားပါတယ်။ စစ်ကောင်စီက လက်နက်တွေဝယ်ဖို့ ငွေတွေရှာပေးတာဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်နိုင်တဲ့အခြေအနေကို ဦးတည်သွားစေတယ်လို့လည်း ဆိုထားပါတယ်။ အများပြည်သူတွေကိုပေးပို့တဲ့ ဓာတ်ငွေ့စက်ရုံတွေပိတ်သိမ်းနေချိန်မှာ ရွှေဓာတ်ငွေ့စီမံကိန်းက သဘာဝ ဓာတ်ငွေ့တွေကို စစ်အစိုးရပိုင် သံမဏိလုပ်ငန်းဆီ ပိုပြီးပို့ဆောင်ပေးနေတာကိုလည်း Hunterbrook က စုံစမ်းတွေ့ရှိခဲ့ပါတယ်။ စစ်ကောင်စီပိုင် သံမဏိလုပ်ငန်းဟာ လက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်ပုံရတယ်လို့လည်း Hunterbrook ကပြောပါတယ်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Christopher Win ကတော့ အကျိုးအမြတ်ရဖို့ ပြည်သူတွေရဲ့သွေးတွေစွန်းနေတဲ့စစ်အာဏာရှင်နဲ့ လက်တွဲလုပ်ကိုင်တဲ့စီးပွါးရေးကုမ္ပဏီတွေအကြောင်းပြောကြတဲ့အခါ Posco ကုမ္ပဏီကို ဥပမာပေးပြောကြလိမ့်မယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ အီတလီအခြေစိုက် စတီးလ်ကုမ္ပဏီ Danieli ဟာ စစ်ကောင်စီကို ပံ့ပိုးကူညီနေတယ်လို့လည်း Hunterbrook က သီးခြားတပုဒ်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ စစ်လက်နက်ထုတ်လုပ်မှုတွေနဲ့ ဆက်နွယ်တဲ့ စစ်ကောင်စီပိုင် သံမဏိစက်ရုပ် ပြန်လည်လည်ပတ်ရာမှာ Danieli လုပ်ငန်းက ပါဝင်ပတ်သက်နေတယ်လို့ဆိုပါတယ်။ ဒီအချက်ဟာ တာဝန်သိစီးပွားရေးလုပ်ငန်းလိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာ OECD ညွန်ကြားချက်ကိုရော၊ ဥရောပသမဂ္ဂက မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုကိုပါ ချိုးဖောက်မှုဖြစ်နိုင်တယ်လို့လည်း Hunterbrook သတင်းမှာ ရေးပါတယ်။

Hunterbrook သတင်းဌာနဟာ ပွင့်လွင်းမြင်သာမှုရှိရေးနဲ့ တာဝန်ယူတာဝန်ခံမှုတွေရှိလာစေရေး ကမ္ဘာတဝန်းအခြေအနေတွေကို စောင့်ကြည့်သုတေသနပြု ဖော်ထုတ်ရေးသားတဲ့ သတင်းဌာနတခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG