သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးလူထုဆန္ဒခံယူပွဲမူကြမ်း လွှတ်တော်မဲခွဲ


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော် မှာ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ မူလက ဥပဒေကြမ်းကော်မတီက ယာယီ နိုင်ငံသားကတ်ပြားကိုင်ဆိုင်ထားသူတွေ အနေနဲ့ ဆန္ဒခံယူပွဲမှာ မဲမပေးသင့်ဘူးလို့ သဘောထားမှတ်ချက်ရှိပြီး သမ္မတက မဲပေးသင့်တယ်လို့ သဘောထားမှတ်ချက် ပြန်ပို့ထားတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အငြင်းအခုံတွေ ဖြစ်တဲ့ထိ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြပေးထားပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အခါမှာ ဒီဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒခံယူပွဲလုပ်မဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဥပဒေကြမ်းတစ်ခု ပြုစုရေးဆွဲထားတဲ့ကိစ္စကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အခြေအတင် ဆွေးနွေးခဲ့ကြတာပါ။ အဓိကကတော့ White Card အဖြူရောင်ကတ်ပြားလို့ ခေါ်တဲ့ ယာယီနိုင်ငံသားကတ် ကိုင်ဆိုင်ထားသူတွေအနေနဲ့ ဒီ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်လို့ သမ္မတက ဒီဥပဒေကြမ်းအပေါ်မှာ သဘောထားမှတ်ချက်ပေးပြီး လွှတ်တော်ကို ပြန်ပို့ထားတာပါ။

ဒါပေမဲ့ လွှတ်တော်ဘက်က ဥပဒေကြမ်းကော်မတီက မဲပေးခွင့်မရှိသင့်ဘူးလို့ မှတ်ချက်ရှိထားတဲ့အတွက် လွှတ်တော်ထဲမှာ အခြေအတင် ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီ အမတ်တွေဖြစ်တဲ့ ဒေါက်တာ အေးမောင်၊ ဦးဘရှိန်၊ ဒေါ်ခင်စောဝေနဲ့ ဦးထွန်းအောင်ကျော်တို့က White Card ကိုင်ဆိုင်သူတွေအနေနဲ့ မဲပေးခွင့်မရှိဘူးလို့ ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့အကြောင်း ရခိုင်အမျိုးသားပါတီ ရဲ့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဗီအိုအေ ကိုပြောပါတယ်။

“နိုင်ငံတော် အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်-ဆိုတဲ့ ဒီမဲပေးခြင်းအားဖြင့်လွှတ်တော်တွေ၊ အစိုးရတွေ၊ကျနော်တို့ ပေါ်လာတယ်၊ ဒါကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ အဲဒီထဲမှာ နိုင်ငံသားထံမှ ဆင်းသက်သည်ဆိုတဲ့ ပုဒ်မကို အကိုးအကား အထောက်အထားပြုပြီးတော့ နိုင်ငံသားကိုသာ မဲပေးခွင့် ပြုသင့်တယ်၊ ဒါကြောင့် White Card ကိုင်ဆောင်ထားတဲ့ သူတွေသာ မဲပေးမယ်ဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါဟာ ရခိုင်ပြည်နယ်ရဲ့ အရေးမဟုတ်ဘူး။ တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်ပါတယ်။ အချုပ်အခြာအာဏာကို ထိပါးလာနိုင်ပါတယ်။ ဒါကြောင့် White Card နဲ့ မဲမပေးသင့်ပါဘူးလို့ ဆွေးနွေးပါတယ်။”

တစ်ဘက်ကလည်း မွတ်ဆလင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဘူးသီးတောင် အမတ် ဦးရွှေမောင်းကတော့ သမ္မတ သဘောထား မှတ်ချက် ပေးထားတဲ့အတိုင်း ၁၅ သိန်းသော White Card ကိုင်ဆိုင်သူတွေဟာ ဒီဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်လို့ ထောက်ခံဆွေးနွေးပါတယ်။

“ဒီရိုဟင်ဂျာ မွတ်ဆလင်တွေကိုကျတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားအစား ယာယီ သက်သေခံလက်မှတ်တွေထုတ်ပေးခဲ့တယ်။ ထုတ်ပေး တာကိုက ၁၉၅၁ ခုနှစ် နည်းဥပဒေနဲ့မညီဘူး။ ပြောင်းပြန်ဖြစ်နေတယ်၊ process က reserve process ဖြစ်နေတယ်လို့ တင်ပြခဲ့တယ်။ ဒါကြောင့် မို့ white card ကိစ္စ က နိုင်ငံတော်က ဖြေရှင်းဖို့ ကျန်နေတဲ့ ကိစ္စတစ်ခု လည်း ဖြစ်နေတယ်။ လက်ရှိ အခြေအနေမှာ ပြည်ထောင်စု အစိုးရရယ်၊ ရခိုင်ပြည်နယ်အစိုးရ ဦးဆောင်ပြီးတော့ ရခိုင် Action Plan ဆွေးနွေးတဲ့ထဲမှာလည်း White Card ကိစ္စက ပါတယ်။ အဲဒီတော့ မပြီးပြတ်သေးဘဲ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ကိစ္စတွေဒီလိုအခြေအနေတွေမှာ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေက နိုင်ငံသားလို့ သတ်မှတ်ခဲ့ရသူမဟုတ်တဲ့ အတွက် အခုဒီဥပဒေကြမ်းမှာ ဆန္ဒမဲပေးပိုင်ခွင့် မရှိဘူးလို့ အဲဒီလို ပြောလို့ရှိရင်တစ်နိုင်ငံလုံးမှာ ရှိတဲ့ ၁၅ သိန်းသော White Card ကိုင်ဆောင်သူတွေအတွက် အခွင့်အရေးဆုံးရှုံးသွားမှာဖြစ်တယ်။ ဒါကြောင့်နိုင်ငံတော် သမ္မတ က နိုင်ငံသားတွေရဲ့ အခွင့်အရေးမဆုံးရှုံးဖို့နဲ့ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီဖို့အတွက် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေကို မဲစာရင်းမှာ ထည့်ဖို့အတွက်ပေးရမှာဖြစ်တယ်လို့ ကျနော်က တင်ပြတာပေါ့နော်။”

ဒီကနေ့ ဆွေးနွေးခဲ့တဲ့ ဦးရွှေမောင်း ပြောသွားတာပါ။

ဦးရွှေမောင်းလိုပဲ မဲပေးခွင့် ရှိတယ်လို့ ဝ နဲ့ မိုင်းလားက လွှတ်တော် အမတ်နှစ်ယောက်ကလည်း ဆွေးနွေးခဲ့သလို တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း မဲပေးခွင့်ရှိတယ်လို့ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

အခုလို အခြေအတင်ဆွေးနွေးပြီး နောက်ပိုင်း လွှတ်တော် ထမင်းစားနားချိန်အပြီးမှာတော့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက သူတို့ ရဲ့ မူလ သဘောထားမှတ်ချက်ပေးထားတဲ့ White Card ကိုင်ဆိုင်သူတွေ မဲပေးခွင့်မရှိဘူးဆိုတာကို ကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းက ပြန်လည် ရုပ်သိမ်းပြီး သမ္မတ သဘောထားမှတ်ချက်ကို ထောက်ခံခဲ့ပါတယ်။

ဒါကြောင့် နောက်ဆုံးလွှတ်တော်က မဲခွဲတဲ့အခါမှာ ယာယီ နိုင်ငံသားကတ် ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ်ဆိုတဲ့အချက်က အနိုင်ရခဲ့ပါတယ်။ဥပဒေကြမ်း ကော်မတီအနေနဲ့ အရင်က သမ္မတနဲ့ သဘောထားမတိုက်ဆိုင်တဲ့အခါ မူလ ရပ်တည်ချက်အတိုင်းရှိပေမဲ့ ဒီနေ့ ဒီကိစ္စမှာတော့ မူလ သဘောထားကို ပြန်လည် ရုပ်သိမ်းသွားတာဟာ မေးခွန်းထုတ်စရာကောင်းတယ်လို့ ဦးဖေသန်းက ပြောပါတယ်။

“ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ ဦးစောလှထွန်းက တင်ပြတဲ့အခါမှာလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း အတည်ပြုပေးပါလို့ တင်ပြခဲ့ပါတယ်။ မဲခွဲခါနီးကျမှ ဒီလိုပြောင်းလိုက်တာဟာ ဦးစောလှထွန်းရဲ့အာဘော် သူ့တစ်ယောက်တည်းရဲ့ ဆန္ဒ မဟုတ်ဘူးလို့ ယူတယ်။ တစ်စုံတစ်ရာများ ဖိအားပေးထားသလားလို့ ကျနော်တို့ဘက်က ထင်မြင်ယူဆမိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကလည်း အဲဒီလိုပဲ ယူဆတယ်။ အဲဒီလို အခြေအနေမျိုးဖြစ်ပါတယ်။”

မနက်ဖြန်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည် ပြုရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး ကျန်ရှိနေသေးတဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးဖို့တွေ ရှိနေတာပါခင်ဗျား။

XS
SM
MD
LG