သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲပေးဖို့ အခက်အခဲတွေ့


မြန်မာပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ အဝေးရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ မိမိရောက်ရှိနေတဲ့ နိုင်ငံက မြန်မာသံရုံး ဒါမှမဟုတ် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေကို သွားရောက် မဲပေးကြရမှာဖြစ်ပေမဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မဲမပေးတော့ဘူးလို့ ဆုံးဖြတ်သူတွေ ရှိလာပါတယ်။ အမေရိကန်နိုင်ငံ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတွေက မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားတွေဟာ အောက်တိုဘာ ၁၇ နဲ့ ၁၈ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဝါရှင်တန်ဒီစီက မြန်မာသံရုံး ဒါမှမဟုတ် နယူးယောက်မှာရှိတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးနဲ့ Los Angeles မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေကို သွားပြီးမဲပေးရမှာ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ် Houston မြို့မှာနေထိုင်သူ မဘေဘေးကတော့ မြန်မာသံရုံးက သတ်မှတ်ထားတဲ့ အစီအစဉ်တွေဟာ မြန်မာနိုင်ငံသားတွေအတွက် အခက်အခဲ ရှိနေတာကြောင့် ရွေးကောက်ပွဲမှာ မဲပေးချင်ပေမဲ့လည်း မဲသွားပေးနိုင်မှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။

“ကျမတို့ကတော့ တက္ကဆက်နဲ့ LA ကလည်း ခရီးကလည်း ဝေးတယ်။ အလုပ်လုပ်ရတဲ့ ရက်တွေလည်းရှိတယ်။ သွားဖြစ်ဖို့က အရမ်းခက်ခဲပါတယ်။ အဆင်သိပ်မပြေပါဘူး။ လူတွေကလည်း စားဝတ်နေရေးကို လုံးပမ်းနေရတဲ့အတွက်ကြောင့် ခရီးကလည်း ထောက်နေတဲ့အတွက်ကြောင့် ဘယ်လိုမှ အဆင်မပြေနိုင်ဘူးထင်တယ်။ ဒီအတွက်ကြောင့် မဲမပေးဖြစ်ဘူးဆိုတော့ ကျမတို့ အရမ်းကို စိတ်မကောင်းဘူး ဖြစ်နေပါတယ်ရှင့်။ အခု သူတို့ မဲပေးတဲ့စနစ် လုပ်ထားတာက အဝေးရောက်နေတဲ့သူတွေ မဲပေးလို့မရအောင်လို့ လုပ်ထားတဲ့ အစီအစဉ်ဖြစ်နေတာကြောင့် တော်တော်လေးကို ကွာခြားမှုတွေ အများကြီး ရှိနေပါတယ်။ သူများနိုင်ငံ ဥရောပတို့၊ အမေရိကားတို့နဲ့ ယှဉ်လိုက်လို့ရှိရင် အများကြီးကို ကွာခြားပါတယ်။”

ဒီလို အဆင်မပြေမှုတွေ ရှိနေပေမဲ့လည်း အမေရိကန် အနောက်ဘက်ခြမ်း Los Angeles မှာ နေထိုင်သူ မအေးဆွေဆွေကတော့ မဲသွားပေးဖို့ အဆင်သင့်ဖြစ်နေသူပါ။ Los Angeles မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဘယ်နေ့မှာ မဲလာပေးရမယ်ဆိုတာကို အကြောင်းကြား မလာသေးပေမဲ့ နိုင်ငံသားတယောက် အခွင့်အရေး မဆုံးရှုံးချင်တာကြောင့် မဲသွားပေးမယ်လို့ ဆိုပါတယ်။

“သူတို့ပြောတာတော့ လျှို့ဝှက်မဲပေးစနစ်ပေါ့နော်။ ဒီဗမာပြည်က ပုံစံအတိုင်းဆိုတော့။ ကျမသိသလောက်ကတော့ လူကိုယ်တိုင်လာပြီး ပေးရမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့က ဒီလိုမျိုး စာအိတ်နဲ့ လက်ခံပါတယ်တို့ ဘာတို့ ညာတို့မှ မကြေညာထားတာ။ လူကိုယ်တိုင် လာပေးရမှာပဲနော်။ မလာနိုင်လို့ရှိရင်တော့ ပေးဖို့အခွင့်အရေး နည်းမယ်လို့ ကျမထင်တယ်။ ကိုယ်က ဘာတတ်နိုင်မှာလဲနော်။ သူတို့ ဒီစည်းမျဉ်းထုတ်ထားတယ်ဆိုရင် ဒီစည်းမျဉ်းအတိုင်းပဲ လူကိုယ်တိုင်လာပြီး ပေးရမှာပဲ။”

ဗြိတိန်နိုင်ငံ Nottingham တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူ မဟေမန်ကလည်း မဲပေးချင်ပေမဲ့ အခက်အခဲတချို့ ရှိတာကြောင့် မဲပေးဖြစ်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒီမဲမပေးခင်မှာ ဒီပုံစံ ၁၅ ကို ဖြည့်ဖို့အတွက်ရော ကိုယ့်နာမည်ရယ်၊ ကိုယ့်ရဲ့ ဒီမှတ်ပုံတင်နံပါတ်တွေ၊ ဒီလိုမျိုးသေချာတဲ့ အချက်အလက်တွေ ရဖို့အတွက် မြန်မာနိုင်ငံကို လှမ်းပြီးတော့လုပ်ရတဲ့ အခက်အခဲတွေလည်း ရှိတာပေါ့နော်။ ပြီးတဲ့အခါကျတော့ မဲပေးချင်တယ်ဆိုရင် ဒီ လန်ဒန်မှာရှိတဲ့ သံရုံးကိုပဲ သွားပေးရမယ်ဆိုတော့ လန်ဒန်မြို့မဟုတ်တဲ့ တခြားမြို့တွေမှာ နေထိုင်တဲ့ ကျောင်းသူကျောင်းသားတွေ၊ တခြား အလုပ်လုပ်နေတဲ့သူတွေအတွက်က အချိန် အခက်အခဲရှိတာပေါ့နော်။ ပြီးတော့ ဒီကိုသွားဖို့အတွက် ခရီးစရိတ်တွေက ရှိသေးတာပေါ့နော်။ အဲ့လိုမှ မဟုတ်ဘဲနဲ့ပေါ့ ဒီလို မဲပေးဖို့ စနစ်ကိုပေါ့နော် စာတိုက်ကနေတဆင့် ချိတ်ပိတ်ပြီးတော့ ပို့ပေးနိုင်မယ်ဆိုရင်တော့ ဒီ ဗြိတိန်မှာရှိတဲ့သူတွေ အကုန်လုံးအတွက်က အားလုံး အဆင်ပြေပြေနဲ့ မဲပေးနိုင်မယ်လို့ ထင်တာပေါ့နော်။ အခုကျတော့ အဲလိုမျိုး အခွင့်အရေးမရှိတဲ့အခါကျတော့ ကျမတို့က မဲပေးချင်ပေမဲ့ လန်ဒန်သံရုံးအထိ သွားဖို့အတွက်ကကျတော့ အဆင်မပြေတာမျိုးတို့ အဲ့လိုတွေ တွေ့ရပါတယ်ရှင့်။”

ဂျပန်နိုင်ငံက တိုကျိုသံရုံးမှာလည်း အောက်တိုဘာ ၁၇ ရက်နေ့ကျရင် မဲလာပေးကြဖို့ မြန်မာပတ်စ်ပို့ကိုင် မြန်မာနိုင်ငံသားတွေကို နှိုးဆော်ထားပါတယ်။ ကိုဖုန်းမြင့်ထွန်းဟာ မဲပေးခွင့် ပုံစံ ၁၅ ကို လျှောက်ထားသူဖြစ်ပေမဲ့ အခုချိန်ထိ သံရုံးက သူ့ကို အကြောင်းပြန်လာခြင်း မရှိသေးပါဘူး။ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတာနဲ့ ပတ်သက်လို့ သူက ရှင်းပြပါတယ်။

“အခွန်ဆောင်ပြီး နေတဲ့သူတွေကျတော့ ကျောင်းသားတွေရယ်၊ နောက်ပြီး work permit နဲ့ နေတဲ့သူတွေကျတော့ မဲပေးဖို့အတွက် ဖောင်တွေဘာတွေ ပြန်ပို့ပေးတယ်။ နောက်ပြီး အခု ဒီလာမယ့် ၁၇ ရက်နေ့ကျရင် သံရုံးကိုလာပြီးတော့ သူတို့ရဲ့ အထောက်အထားတွေနဲ့ လာပြီးတော့ မဲပေးလို့ရတယ်ဆိုတဲ့ အကြောင်းကြားစာတွေရောက်တယ်။ အခု ကြားနေရတဲ့ အခက်အခဲကတော့ဗျ လူတွေက မဲပေးချင်တယ်။ ဒါပေမဲ့ ကိုယ့်နီးစပ်ရာမှာ မဲရုံတွေ မရှိတဲ့အတွက်ကြောင့် တကူးတကလာပြီးတော့ မေးပေးရမယ်။ အဲဒီအတွက်ကြောင့် အချိန်တွေပေးရမယ်။ နောက်ပြီးတော့ သူတို့မဲတွေဟာ တကယ် တန်ဖိုးရှိစွာနဲ့ပဲ ဗမာပြည်ကိုရောက်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိတယ်။ နောက် သူတို့ တကယ် မဲထည့်လိုက်တဲ့သူကို တကယ်ရော မဲရမလား၊ သို့မဟုတ်လည်း ပယ်မဲတွေဖြစ်မလား။ မဟုတ်ရင်တော့ ကြံ့ဖွံ့ဆီပဲ ဒီမဲတွေ ရောက်သွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေတော့ အများကြီး ရှိတယ်ဗျ။”

ပြီးခဲ့တဲ့လလယ်လောက်တုန်းက ဝါရှင်တန်ဒီစီ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတွင်း ကြိုတင်မဲပေးခွင့် ပုံစံ (၁၅) လျှောက်ထားတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၄၂၃ ဦးသာ ရှိတယ်လို့ ဆိုပါတယ်ခင်ဗျာ။

XS
SM
MD
LG