သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ဓားစာခံအရေး IS ကို အိုဘားမား ရှုတ်ချ


IS အဖွဲ့က ဓားစာခံဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခံနေရသူ ဂျပန်နိုင်ငံသားနှစ်ဦး
IS အဖွဲ့က ဓားစာခံဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခံနေရသူ ဂျပန်နိုင်ငံသားနှစ်ဦး

IS စစ်သွေးကြွအဖွဲ့ကဖမ်းထားတဲ့ ဂျပန်ဓားစာခံတယောက်ကို အိမ်ဖြူတော်ရဲ့ အဆိုအားဖြင့် ရက်ရက်စက်စက် သတ်ပစ်လိုက်တဲ့အပေါ် အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမားက အပြင်းအထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ကျူးလွန်သူတွေကို တရားဥပဒေအရအရေးယူဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက လုပ်ဆောင်သွားမယ်လို့ အခိုင်အမာပြောပါတယ်။

အဖမ်းခံထားရသူနှစ်ဦးထဲက သတင်းထောက် Kenji Goto က သူနဲ့အတူ အဖမ်းခံထားရတဲ့ Haruna Yukawa ခေါင်းဖြတ် အသတ်ခံထားရတယ်လို့ ထင်ရတဲ့ဓာတ်ပုံကိုကိုင်ပြီး ရိုက်ယူထားတဲ့ဗွီဒီယို စနေနေ့ကထွက်လာအပြီး နာရီအတော်အကြာမှာ မစ္စတာအိုဘားမားရဲ့ ထုတ်ပြန်ချက် ထွက်လာတာပါ။

၇၂ နာရီအတွင်း ပြန်ပေးငွေ ဒေါ်လာ သန်း ၂၀၀ မပေးဘူးဆိုရင် ဓားစာခံတွေကို သတ်ပစ်မယ်လို့ IS အဖွဲ့က အင်္ဂါနေ့မှာ ခြိမ်းခြောက်ထားတာပါ။ IS စစ်သွေးကြွှအဖွဲ့ဟာ အခုဆိုရင် ဆီးရီးယားနဲ့အီရတ်နိုင်ငံတွေရဲ့ သုံးပုံတပုံကို ထိန်းချုပ်ထားပါပြီ။

ဗွီဒီယိုထဲမှာ သတင်းထောက် Goto ကပြောထားတာလို့ဆိုတဲ့ အင်္ဂလိပ်စကားပြောသံကို အာရပ်ဘ်ဘာသာစကား စာတမ်းထိုးနဲ့ ပြထားပါတယ်။ အဲဒီပြောထားတာမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘဲ့ကို တိုက်ရိုက်ဦးတည်ပြောထားပြီး Yukawa သေဆုံးရတဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး စွပ်စွဲထားပါတယ်။ အခုတော့ စစ်သွေးကြွတွေဟာ ငွေမလိုချင်တော့ဘဲ အဖမ်းခံထားရတဲ့ အသေခံ ဗုံးခွဲသူအမျိုးသမီး Sajida al-Rishawi ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ အဲဒီအသံရှင်က ပြောထားပါတယ်။ Sajida ဟာ ဂျော်ဒန်နိုင်ငံမှာ အကျဉ်းကျနေတာပါ။ IS အစွန်းရောက်တွေကို အဆုံးမှာ အနိုင်ယူ နှိမ်နင်းရေး ထိထိရောက်ရောက် လုပ်သွားမယ်လို့လည်း အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ကတိပြုထားပါတယ်။

XS
SM
MD
LG