သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း၊ တာတိုင်လူသတ်မှု NUG သတင်းစာရှင်းလင်းပွဲ


စစ်ကိုင်း တာတိုင်ကျေးရွာဒေသခံ ၇ ဦးသတ်ဖြတ်ခံရမှု NUG သတင်းစာရှင်းပွဲ မှတ်တမ်းပုံ
စစ်ကိုင်း တာတိုင်ကျေးရွာဒေသခံ ၇ ဦးသတ်ဖြတ်ခံရမှု NUG သတင်းစာရှင်းပွဲ မှတ်တမ်းပုံ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှာ မတ်လအစောပိုင်းတုန်းက ဒေသခံ ၁၇ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခံထားရသလို၊ အမျိုးသမီးတွေကိုလည်း မတရားပြုကျင့်ပြီးမှ အသတ်ခံထားရတဲ့အကြောင်း သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကိုယ်တိုင် ပြောဆိုထားတဲ့ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှာ မတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ဒေသခံ ၁၇ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ရှင်းလင်းပွဲမှာ ဒေသခံတွေနဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေ ကိုယ်တိုင်ကလည်း အခြေအနေတွေကို ပါဝင် ပြောပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၉၉ ဟာ မတ်လ ၁ ရက်နေ့ မနက်ပိုင်းတုန်းက ညောင်ရင်းကနေတဆင့် တာတိုင်ကျေးရွာဆီ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာထဲဝင်လာချိန်တုန်းက PDF တပ်ဖွဲ့တွေလို့ ပြောဆိုခဲ့ပြီးတော့ ရွာမှာနေထိုင်သူ ၇၀ ကျော်ကို ဘုန်းကြီးကျောင်းထဲမှာ ပိတ်လှောင်ခဲ့သလို၊ နောက်တနေ့ မနက်မှာ တာတိုင်ရွာခံ ၁၅ ဦးကို ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။ ရွာထဲဝင်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်တာရှိခဲ့ပြီး PDF ခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ရွာသူ ရွာသားတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ အကုန်လုံး ရွာထဲဝင် ရှင်းလင်းကြတဲ့ အခါမှာ ကိုမိုက်ကယ်ရဲ့ အလောင်းကို ရွာရဲ့အနောက်ဖက် သုဿန်ရဲ့ တောင်ဖက်မှာ တွေ့ရတာပဲဗျ။ ခြေထောက်၊ လက်၊ ခေါင်းဖြတ်ပြီးတော့ ပက်ပက်စက်စက် သတ်ထားတာပေါ့။ ကိုမိုက်ကယ်ဆီ မရောက်ခင် ဘုန်းကြီးကျောင်းထဲ ရောက်ချိန်မှာ ပြည်သူတွေကတော့ ကြောက်လန့်ပြီးတော့ စိတ်ဝေဒနာခံစားရတဲ့ ပုံစံမျိုးတွေပေါ့။ ဘုန်းကြီး ၃ ပါးကိုလည်း အထဲမှာ ထည့်ထားတယ်။ ပြည်သူ ၇၀ ကျော်၊ ၈၀ နီးပါးကို လှောင်ထားခဲ့တယ်ပေါ့။ ရွာထဲ နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါမှာ အစောပိုင်းက ကိုမိုက်ကယ်အလောင်း တွေ့တယ်။ မြင်းမူမြို့နယ်ဘက်က ညောင်းညင်းကိုသွားကြည့်တော့ ပထမ ၅ လောင်းတွေ့ပါတယ်။ အဲဒါကို ရွာဓလေ့အရ မီးသင်္ဂြိုလ်ဖို့ လုပ်ကြတဲ့အချိန်မှာပဲ အလောင်းတွေထပ်တွေ့တယ် သတင်းကြားလို့ နောက်ထပ်တွေ့တဲ့ ၉ လောင်းရယ် အားလုံးပေါင်းပြီး ၂ ရက်နေ့မှာပဲ ဒေသခံအဖွဲ့တွေရော၊ PDF ပကဖ အဖွဲ့တွေရော အကုန်လုံးက မီးသင်္ဂြိုလ်ဖို့ လုပ်ပေးကြပါတယ်။"

စစ်ကောင်စီတပ်ဖွဲ့တွေ ရွာထဲက ပြန်ထွက်သွားချိန် ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တာတိုင်ရွာခံတဦး ပြောဆိုသွားတာပါ။ သေဆုံးသူတွေဟာ သေနတ်နဲ့ အပစ်ခံရပြီး၊ ဦးခေါင်းတွေလည်း ထုရိုက်ခံထားရလို့ ပိန်ရှုံ့နေတဲ့ အနေအထားကို တွေ့ရတယ်လို့ ပြောပါတယ်။ မတ်လ ၃ ရက်နေ့မှာလည်း အသတ်ခံထားရတဲ့ အလောင်း ၂ လောင်း ထပ်တွေ့တယ်လို့ ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ အထဲမှာ မိသားစုဝင် ၄ ဦး ပါဝင်သွားသူကတော့ သူ့လိုအဖြစ်မျိုး နောက်ထပ်ဘယ်သူမှ မကြုံရအောင် NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နိုင်ငံတကာကပါ ကူညီပေးကြဖို့ကို တောင်းဆိုထားပါတယ်။

"အများကြီး ကျနော်တို့ ပေးဆပ်ခဲ့ရတာ။ အများကြီး ခံစားခဲ့ရပြီးပြီ။ နောက်ထပ် ပြည်သူလူထုတွေကို အဲဒီလိုမျိုး ထပ်ပြီးတော့ မဖြစ်စေချင်ဘူးဗျ။ ကျနော့်အနေနဲ့ မိသားစု ၄ ယောက်ပါသွားတဲ့ လူတယောက်အနေနဲ့ တောင်းဆိုချင်တာက ကျနော့်လို နောက်ထပ်မိသားစုတွေ၊ နောက်ထပ်ပြည်သူတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး နိုင်ငံတကာကရော၊ ဝန်ကြီးဌာနတွေကရော အတတ်နိုင်ဆုံး ကူညီပေးဖို့ ကျနော့်အနေနဲ့ တောင်းဆိုချင်ပါတယ်။"

တာတိုင်ကျေးရွာက လူနေအိမ်ခြေ ၆၀ ဝန်းကျင်လည်း မီးရှို့ခံလိုက်ရတယ်လို့ ပြောပါတယ်။ ရွာအနီးဝန်းကျင်မှာ ရှိတဲ့ ကျေးရွာတွေလည်း ရွာထဲမှာမနေရဲကြလို့ ထွက်ပြေးနေကြတဲ့ အခြေအနေရှိတယ်လို့ အသတ်ခံလိုက်ရတဲ့ အထဲမှာပါဝင်တဲ့ ကျန်ရစ်သူ မိသားစုဝင်တဦးကလည်း ပြောပါတယ်။

"အခုလတ်တလောမှာ အရေးတကြီး လိုအပ်နေတာက ပြည်သူတွေကလည်း ကြောက်လန့်နေပါတယ်။ လုံခြုံမှုမရှိဘူး ဆိုပြီးတော့ တရွာတကျေးတွေ ပြောင်းဖို့လုပ်နေပါတယ်။ အဲဒါတွေကို ကူညီပံ့ပိုးပေးစေချင်တယ်ဗျ။ သူတို့မရှိရင် ရွာကြီးက ပျက်လောက်မယ့် အနေအထားတွေ ဖြစ်နေလို့။ ပထမတပြန် မီးရှို့သွားတယ်။ ဒုတိယတပြန်လည်း သူတို့ လူမဆန်စွာ လုပ်သွားတယ်ဗျ။ ကျနော်ပြောချင်တာက ကျနော့်မှာအပြစ်ရှိရင် ကျနော့်ကို သတ်သွားလိုက်၊ သူ့မှာအပြစ်ရှိရင် သူ့ကိုသတ်သွားလိုက်၊ လက်ခံတယ်။ သူတို့ လုပ်သွားတာတွေက လူမဆန်တဲ့ လုပ်ရပ်ကြီးဖြစ်တယ်။ မိန်းကလေးတွေကိုလည်း မုဒိန်းကျင့်ပြီးမှ သတ်သွားတဲ့ပုံစံတွေ။ ပြီးတော့ ကျန်တဲ့ပြည်သူတွေကို ရိုးရိုးတန်းတန်း သတ်တာတောင် မဟုတ်ဘူး။ သူတို့ရဲ့ ပုံသဏ္ဍန်တွေက သူတို့ကိုရှေ့ကနေ ပြေးခိုင်းပြီး နောက်ကနေ ပစ်လိုက်တဲ့ပုံစံတွေ။ ကျနော်တို့ အနီးပတ်ချာလည် ရွာတွေကလည်း လတ်တလောမှာ ကျီးလန့်စာစား ပုံစံဖြစ်နေပါတယ်။ ကျနော်တို့ရွာဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ တတ်နိုင်တဲ့ဘက်ကနေ ကူညီဝိုင်းဝန်းပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။"

တာတိုင်ကျေးရွာဟာ ဧရာဝတီမြစ်နဲ့ မူးမြစ်တို့ဆုံတဲ့ နေရာမှာရှိပြီး အိမ်ခြေ ၇၈ လုံးရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ အခုဖြစ်စဉ်မှာ တာတိုင်ရွာခံ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၃ ဦး သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အခုဖြစ်စဉ်က သက်သေအထောက်အထားတွေကို စနစ်တကျစုဆောင်း ရယူထားပြီး နိုင်ငံတကာ အခွင့်အရေးနဲ့ ရာဇဝတ်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့တိုင်ကြားထားတယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တာတိုင်ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG