သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးယာဉ်ပစ်လွှတ်မှု ကုလ ရှုတ်ချ


လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဗင်နီဇွဲလား သံအမတ်ကြီး Rafael Ramire
လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဗင်နီဇွဲလား သံအမတ်ကြီး Rafael Ramire

မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးယာဉ် ပစ်လွှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္ဂနွေနေ့မှာ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့အဆိုအရ ဂြိုဟ်တုတလုံး သယ်ဆောင်သွားတယ်လို့ဆိုတဲ့ တာဝေးပစ်ဒုံးယာဉ်တစင်းကို တိုင်းပြည်အနောက်မြောက်ဘက် တရုတ်နိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ Tongchang-ri ဂြိုလ်တု လွှတ်တင်တဲ့နေရာကနေ တနင်္ဂနွေနေ့က ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အမြင်သဘောထားတွေကို ဆန့်ကျင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် နောက်တဆင့် ဘယ်လို အရေးယူမှုမျိုးတွေ လုပ်ဆောင်သင့်တယ်ဆိုတာကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ တနင်္ဂနွေနေ့က ရှားရှားပါးပါး တွေ့ဆုံပြီး မိနစ် ၉၀ လောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံမှုအပြီး လုံခြုံရေးကောင်စီရဲ့ အခုလအတွက် အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗင်နီဇွဲလား သံအမတ်ကြီး Rafael Ramirez က လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို ဖတ်ကြားခဲ့တာမှာ - အခု ပစ်လွှတ်မှုအပါအဝင် တာဝေးပစ် ဒုံးကျည် နည်းပညာကို အသုံးပြုပြီး ပစ်လွှတ်တဲ့ ဆက်သွယ်ရေးဂြိုလ်တု၊ သို့တည်းမဟုတ် အာကာသထဲရောက် ယာဉ်ပစ်လွှတ်မှုတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် တည်ဆောက်ရေးစနစ်ကို အထောက်အကူ ပြုစေတဲ့အတွက် အဲဒီ ပစ်လွှတ်မှု အားလုံးဟာ ၂၀၀၆ ခုနှစ်က စတင်ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အပြင်းအထန် ချိုးဖောက်ရာ ရောက်စေတယ်လို့ - ဖတ်ကြား ပြခဲ့ပါတယ်။

မြောက်ကိုရီးယားက အခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့မှုနဲ့ အခု တနင်္ဂနွေနေ့မှာ တာဝေးပစ်ဒုံးယာဉ် ပစ်လွှတ်လိုက်မှုတွေအပေါ် လုံခြုံရေးကောင်စီအနေနဲ့ သိသာတဲ့ အရေးယူမှုအသစ်တွေ ချမှတ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်သွားဖို့ အသင့်ရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG