သုံးရလွယ်ကူစေသည့် Link များ

ဘာသာရေးကို နိုင်ငံရေးထဲ ဆွဲသွင်းလာတာမျိုးလား


ရန်ကုန်မှာ ကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)
ရန်ကုန်မှာ ကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)

အခုရက်ပိုင်း အစိုးရပိုင် သတင်းစာတွေမှာ နေ့စဉ်ရက် ဆက် ဖော်ပြလာနေတာ ကတော့ လေးပွင့်ဆိုင် ဆွေးနွေးပွဲကနေ တဆင့် လွှတ်တော်ထဲ တင်ထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းနဲ့ ပါတ်သက်ပြီး ဝေဖန်တဲ့ဆောင်းပါးတွေ၊ လက်မခံနိုင်ဘူး ဆိုတဲ့ ကြေငြာချက်မျိုးတွေပါ။ ထူးခြားတာ တစ်ခုက ဒီ ပညာရေးကိစ္စ သဘောမတူကြောင်း ထုတ်ပြန်ကြေငြာကြတဲ့အထဲမှာ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေလည်း ပါဝင်လာပါတယ်။ ဒီ့မတိုင်ခင်တုန်းကလည်း တရုတ်နယ်စပ် ကိုးကန့်ဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်ကို အားပေးထောက်ခံတဲ့အကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ကြီးက ကြေငြာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပါတ်သက်လာတော့မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ ပညာရေးဥပဒေ ပြင်ဆင်ရေး ပြသနာမှာ အစိုးရနဲ့ လွှတ်တော်ဟာ သပိတ်မှောက် ကျောင်းသားတွေနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER အဖွဲ့ကို သိပ်ပြီး အမြင်ကြည်လင်တာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း လွှတ်တော်ကို ပို့ပြီးချိန်မှာတော့ ဒီ ပြသနာ လေးပွင့်ဆိုင် ဆွေးနွေးခဲ့စဉ်တုန်းက ကျောင်းသားတွေနဲ့ NNER ဘက်က သပိတ်တိုက်ပွဲနဲ့ ဖိအားပေးခဲ့တယ်၊ ဒီအတွက် သူတို့ဘက်က သဘောမတူပေမယ့်လည်း အလျော့ပေးခဲ့ရတယ် ဆိုပြီး ပြောပါတယ်။ သတင်းစာတွေမှာလည်း မူလ အတည်ပြုထားတဲ့ ဥပဒေ၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း နှင့် ဦးအောင်မှိုင်းဆန်း တို့ ရေးဆွဲ လက်မှတ်ထိုးထားသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)၊ ပညာရေး ဝန်ကြီးဌာနရဲ့ ပြင်ဆင်ချက် စသဖြင့် ၃ မျိုးခွဲခြား ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တဆက်တည်း ပေါ်ပေါက်လာတာက ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပညာရေးဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းနဲ့ ပါတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက်တွေပါ။

တိုက်ရိုက် လင့်ခ်

ပထမဦးဆုံး ထုတ်ပြန်တဲ့ အဖွဲ့အစည်းကတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ရဲ့ ထုတ်ပြန်ချက်ပါ။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ လေးပွင့်ဆိုင် သဘောတူထားတဲ့ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ချက် မူကြမ်း ကို “ တိုင်းပြည်နဲ့ လူမျိုး အနာဂတ်အတွက် ရတက်မအေးစရာများ၊ ကျောချမ်းစရာ ယိုပေါက် ဟာပေါက်များ၊ ကြီးမားသော ဘေးထွက်ဆိုးကျိုးများ၊ မသိမသာ မလိမ့်တပတ် နားလှည့် ပါးရိုက်မှုများ၊ စသည် စသည် မြောက်များစွာ ပါဝင်နေသည်” ဆိုပြီး ဖော်ပြထားပါတယ်။ ဒုတိယ ထုတ်ပြန်တာကတော့ နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ရဲ့ အကြံပြုချက်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် ဆီ ပေးပို့တယ်လို့ ဆိုပါတယ်။ အဲဒီ အကြံပြုချက်ထဲမှာ “ ဗုဒသာသနာတော် ဆိုင်ရာ တက္ကသိုလ် ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးသော သမဂ အဖွဲ့အစည်းများက စီမံကွပ်ကဲ အုပ်ချုပ်မည် ဆိုပါက ထေရဝါဒ ဗုဒသာသနာဇ။် အရင်းအမြစ်များ ပျောက်ဆုံး ကွယ်ပျောက်မည့် အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း” ဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။ ဒါ့အပြင် လေးပွင့်ဆိုင် ဆွေးနွေးပြီး ရလာတဲ့ ဥပဒေကြမ်းထဲက အပိုဒ် အတော်များများကို ပယ်ဖျက်သင့်ကြောင်းလည်း အကြံပြုထားတာ တွေ့ကြရပါတယ်။

တတိယ ထုတ်ပြန်တာကတော့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ တက္ကသိုလ် ပညာသင်ကြားရေးအဖွဲ့ရဲ့ အကြံပြုချက် ဖြစ်ပါတယ်။ အဲဒီ အကြံပြုချက်ထဲမှာ ပညာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်၍ ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ သင်ရိုးညွှန်းတန်းများ၊ ဘာသာစကားများ၊ အတွေးအခေါ်များနှင့် ဒေသဆိုင်ရာများအားလုံးတွင် လွတ်လပ်မှုများ ဖော်ဆောင်လွန်းလျင် စည်းကမ်းမဲ့လွန်းတဲ့ လမ်းကြောင်းကို ဦးတည်စေနိုင်တယ် ဆိုပြီး အခန်း(၃)၊ ပုဒ်မ (၄)၊ ပုဒ်မခွဲ(ခ) ကို ပယ်ဖျက်ဖို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဥပဒေကြမ်းထဲက အချက်တစ်ချို့ဟာ ဘာသာခြားတွေရဲ့ ပညာရေး၊ ဘာသာစကားများ ပူးကပ် ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးခွင့်ကို ခွင့်ပြုထားသလို ဖြစ်နေတယ်၊ ဌာနအသီးသီးမှာ ရုံးသုံး မြန်မာစာပေ စကားကို ကွယ်ပျောက်အောင် ပြုမူဆောင်ရွက်တဲ့ အသွင်အပြင် ဖြစ်နေတယ်၊ အစွန်းရောက် ဝါဒီတို့ကို အားပေးအားမြှောက်ရာ ရောက်နေတယ်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ရတက်မအေးစရာ မြင်တွေ့နေရတယ်၊ ကျောချမ်းစရာ ဖြစ်နေတယ် ဒါကြောင့် ပယ်ဖျက်သင့်တယ် ဆိုပြီး ဖော်ပြထားပါတယ်။အခုလို ကျောင်းသား သပိတ်တိုက်ပွဲတွေဖြစ်၊ အစိုးရနဲ့ ကျောင်းသားတွေ တင်းမာမှု မြင့်တက်နေချိန်ရောက်မှ အမျိုးသားပညာရေး ဥပဒေ ကို အကြောင်းပြုပြီး ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပါဝင် ပါတ်သက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်တုန်းကတော့ မဘသ အဖွဲ့ကြီးကသာ လူ့လောကီ နိုင်ငံ့အရေးအရာနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာ ပါဝင်ပါတ်သက်တဲ့ သာဓက ရှိခဲ့တာပါ။ တစ်လင်တစ်မယား ဥပဒေလို၊ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေလို၊ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေလို၊ မြန်မာဗုဒဘာသာဝင် အမျိုးသမီးများ ထိမ်းမြားခြင်း ဥပဒေလိုမျိုး ပြဌာန်းပေးဖို့ စည်းရုံးလှုံ့ဆော်ခဲ့ဖူးပါတယ်။ သိပ်မကြာသေးခင်တုန်းကတော့ ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်သားတွေကို ထောက်ခံတဲ့အကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။

နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကြီးကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ပတ်ဝန်းကျင်ကာလ တလျောက် သက်ဝင်လှုပ်ရှားတာမျိုး မတွေ့ရပဲ သိပ်မကြာသေးခင်တုန်းကမှ ညီလာခံလုပ်၊ အခု လူ့လောကီ အရေးနဲ့ ပတ်သက်ပြီး ပထမဦးဆုံး ကြေငြာချက် ထုတ်တာဖြစ်ပါတယ်။ ထို့နည်း၎င်း နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ တက္ကသိုလ် ပညာသင်ကြားရေးအဖွဲ့ကလည်း ပထမ ဦးဆုံး လူ့လောကီအရေးနဲ့ ပတ်သက်လို့ ကြေငြာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။ အခုလက်ရှိ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး အစိုးရ ပညာရေး ဝန်ကြီးဌာနဟာ သူ့လက်အောက်က တက္ကသိုလ် ကောလိပ် အသီးသီးကို ညွှန်ကြားချက် ထုတ်ပြီး ဥပဒေကြမ်း အကြောင်း ဆွေးနွေးစေတာ၊ လွှတ်တော်ဘက်ကို အကြံပြုစာတွေ ရေးဖို့ တိုက်တွန်းနေတာ အရှိန်အဟုန်နဲ့ လုပ်ကိုင်ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။

အလားတူ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အစိုးရပိုင် သတင်းစာတွေကနေ လေးပွင့်ဆိုင် ဆွေးနွေးပွဲက ရလာတဲ့ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဝေဖန်တဲ့ ဆောင်းပါးတွေ ဆက်တိုက် ဖော်ပြနေတာလည်း တွေ့နေရပါတယ်။ ဒါကြောင့် အခု သံဃာ့အဖွဲ့အစည်းတွေက ကြေငြာချက် ထုတ်ပြန်နေတာဟာ အဲဒီ အဖွဲ့အစည်းတွေ ကိုယ်တိုင်က ဒီ အမျိုးသား ပညာရေး ဥပဒေ ကို အထူးတလည် အလွန်ပဲ စိတ်ဝင်စားလို့ လေ့လာ၊ သုံးသပ်၊ ဆွေးနွေးပြီး မကြုံစဖူး ထူးထူးခြားခြား ကြေငြာချက် ထုတ်ပြန်ကြတာမျိုးလား၊ ဒါမှမဟုတ် အစိုးရအဖွဲ့ရဲ့ ပန်ကြားမှုကြောင့် လုပ်ကိုင်တာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မဘသ လို အဖွဲ့ကြီးက အရင်ရှေ့ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တိုင်းဟာ အစိုးရနဲ့ သဘောထားခြင်း တူညီတဲ့၊ အစိုးရကို ထောက်ခံတဲ့ ထုတ်ပြန်ချက်တွေချည်း ဖြစ်နေတာ၊ လက်ရှိ သပိတ်မှောက် ကျောင်းသားတွေနဲ့ အစိုးရ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခကနေ ပေါက်ဖွားလာတဲ့ ပညာရေးဥပဒေ ပြင်ဆင်တဲ့ ကိစ္စမှာလည်း သံဃာ့ အဖွဲ့သုံးခုလုံးရဲ့ ထုတ်ပြန်ချက်တွေဟာ ကျောင်းသားတွေနဲ့ NNER ဘက်က တင်ပြတာတွေနဲ့ ဆန့်ကျင်ပြီး အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားတွေနဲ့ တူညီနေတာကိုကြည့်ရင် သာမန် တိုက်ဆိုင်မှုတွေလို့ ယူဆ ဖို့ ခက်ခဲနေပါတယ်။ တကယ်လို့ ဒါဟာ အစိုးရကသာ သံဃာ့အဖွဲ့အစည်းတွေကို နိုင်ငံရေးထဲ ပါဝင်ပတ်သက်ဖို့ ကြိုးပမ်းမှု တစ်ရပ် ဖြစ်ခဲ့မယ် ဆိုရင် ဘာသာ သာသနာနဲ့ တိုင်းပြည်ရှေ့ရေးအတွက် အကျိုးမများနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG