သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဟိန်းအမတ် ဒေါ်နန်းဝါနု လွှတ်တော်ထဲက မိုက်ကရိုဖုန်း ခြုံခိုတိုက်ပွဲနှင့် NLD အမတ် ဦးဝင်းထိန်


လွတ်မြောက်လာသော ဦးဝင်းထိန်အား ဦးတင်ဦးလာတွေ့စဉ်။
လွတ်မြောက်လာသော ဦးဝင်းထိန်အား ဦးတင်ဦးလာတွေ့စဉ်။
တပ်မှူးတပ်သား ပြောစကား (၁၂၁)

ဇူလိုင်(၁၃)ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်တွေက ရှုမြင်ကြတဲ့ အဆိုတစ်ရပ်ကို ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒနယ်က ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက တင်သွင်းခဲ့ပါတယ်။ ဒီအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသံနဲ့ မဲခွဲပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက် အဖြစ် အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးအတွက် လွှတ်တော် (သို့မဟုတ်) စွမ်းဆောင်နိုင်သူတစ်ဦးဦးက ဆောင်ရွက်ပေးရေး ဆိုတဲ့ အဆိုကို ဒေါ်နန်းဝါနုက တင်သွင်းခဲ့တာပါ။ ဒီအကြောင်းနဲ့အတူ အခုကျင်းပနေဆဲ ပြည်သူ့လွှတ်တော်အစည်းအဝေး အတွေ့ အကြုံတွေကို NLD မိတ္ထီလာ အမတ် အငြိမ်းစားဗိုလ်ကြီး ဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းပြီး၊ ဦးရော်နီညိမ်းက ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကို တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေ့ ဒေါ်နန်းဝါနု အဆိုတင်သွင်းတဲ့ကိစ္စဟာ၊ သူက ကျားဖြူပါတီက ဆိုတော့၊ မတင်သွင်းခင်မှာ တခြားသောပါတီတွေဖြစ်ကြတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NDF (အမျိုးသားဒီမိုကရေစီအင် အားစုပါတီ) စသည်ဖြင့် ပါတီတွေ (သို့မဟုတ်) တသီးပုဂ္ဂလအမတ်တွေနဲ့ သူ ကြိုတင်တိုင်ပင်ထားခြင်း ရှိမရှိ၊ ဦးဝင်း ထိန် သိရှိထားပါသလား။

ဦးဝင်းထိန် ။ ။ အဲဒီအဆိုက ဘာနဲ့တူသလဲ ဆိုတော့၊ မမျှော်လင့်တဲ့အချိန်မှာ ခြုံခိုတိုက်ခိုက်ခံရသလိုပဲ။ လွှတ် တော်ဥက္ကဋ္ဌက ဒီနေ့အတွက် ဝေထားတဲ့အစီအစဉ်အတိုင်း လုပ်နေတာ။ လုပ်နေရင်းနဲ့ ခဏနားတဲ့အချိန် ပြန်ဝင်လာ ကြတဲ့အချိန်မှာ၊ ကိုယ်စားလှယ်တစ်ယောက်က အရေးကြီးတဲ့ကိစ္စတင်ပြချင်တယ် ဆိုပြီးတော့၊ ဒေါ်နန်းဝါနုက တင် တယ်။ (ပြည်-ခိုင်-ဖြိုး အမတ်) ယုဇနဦးဌေးမြင့်က ထောက်ခံတယ်။ RNDP (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) အမတ် ဒေါ်ခင်စောဝေက ထောက်ခံတဲ့အဆို ထပ်တင်တယ်။ ကြည့်ရတာ သူတို့ နဂိုထဲက တိုင်ပင်ထားတာပါ။ သူတို့ တိုင်ပင်ပြီးမှ လုပ်တာ။ ကျနော်တို့ တခြားပါတီတွေကို ဘယ်သူ့ကိုမှ တိုင်ပင်ခြင်း မရှိဘူး။

ဦးရော်နီညိမ်း ။ ။ အဲဒီကိစ္စက ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တာ်ကိုယ်စားလှယ်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တာ်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းနဲ့လည်း ခေတ္တ ခဏ တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာကော ဦးဝင်းထိန်သိရှိသလောက် ပြောပြပေးပါ။

ဦးဝင်းထိန် ။ ။ ကျနော်ထင်တာကတော့ လွှတ်တော်အစည်းအဝေးပြီးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦး ရွှေမန်းနဲ့ သူတို့ ခဏတွေ့တယ်။ တွေ့တော့ သူတို့ ဘာတွေပြောလဲဆိုတာတော့ ကျနော်မသိဘူး။ သို့သော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး၊ ကျနော်တို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တော်တော်မကြေမလည်ဖြစ်ကြ တယ်။ တော်တော်ကို မခံချိမခံသာ ဖြစ်ကြတယ်။ ဘာ့ကြောင့်လဲဆိုလို့ရှိရင် ဒီဥစ္စာက ကြိုတင်တိုင်ပင်ထားတာလည်း မရှိဘူး။ နောက်ပြီးတော့ လုပ်ပုံလုပ်နည်းက ပြောချင်တဲ့လူ စကားပြောခွင့် မရပဲနဲ့၊ လွှတ်တော်ဥက္ကဋ္ဌကနေပြီး သူ့ရဲ့ အခွင့်အာဏာကိုသုံးပြီးတော့မှ ဒီအဆိုကို သဘောတူလား မတူလားဆိုပြီး အသံနဲ့ (voice vote) မဲခွဲသွားတဲ့အခါမှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထားကို ကြည့်လိုက်တဲ့အခါမှာ၊ သူကိုယ်တိုင်က ဘာမှမပြောဘူးဆို တော့ ကျနော်တို့လည်း ငြိမ်နေလိုက်ရတာပေါ့။ သို့သော် ဒါနဲ့ပတ်သက်လို့ ကျနော်တို့ တော်တော်မကြေမလည်ဖြစ်ကြ တယ်။ ဒါနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ရက်ချိန်းပေးထားတာတော့ ရှိတယ်။ သို့သော်လည်းပဲ လွှတ်တော်အနေနဲ့ စီးပွား ရေးပိတ်ဆို့မှုတွေကို ရပ်ဖို့အတွက် အဆိုကိုတင်သွင်းကြောင်းဆိုတဲ့ resolution (ဆုံးဖြတ်ချက်)ကတော့ ကျသွားတာ ပေါ့။ ကျနော် ထပြောဖို့ နှစ်ကြိမ်တောင်းဆိုတယ်။ တောင်းဆိုတာ ကျနော့်နေရာက မိုက် (မိုက်ကရိုဖုံးက) မီးမလင်းဘူး ဗျ။ ကျနော်ပြောချင်တာက စီးပွားရေးပိတ်ဆို့မှုကိစ္စဟာ ဘာကြောင့်ဖြစ်သလဲဆိုရင်၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရးနဲ့ ဒီမို ကရေစီရေးအပေါ် ဖိနှိပ်မှုတွေများလို့။ ဒါက အဓိကဇာစ်မြစ် root cause ။ အဲဒါတွေကြောင့် စီးပွားရေးပိတ်ဆို့မှု ဖြစ် တယ်။ အခုဆို EU (ဥရောပသမဂ္ဂ)ကလည်း နည်းနည်းလျှော့လာပြီ။ အမေရိကန်ကလည်း နည်းနည်းလျှော့လာပြီ။ ဘာဖြစ်လို့ လျှော့လာသလဲဆိုရင်၊ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရကနေပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတယ်။ နိုင်ငံရေးနယ်ပယ်မှာဆိုရင် ကျနော်တို့ NLD တောင်မှ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်တဲ့ အထိ ဖြစ်လာပြီ၊ စီးပွားရေးနယ်ပယ်မှာလည်း မော်တော်ကားတို့ မော်တော်ဆိုင်ကယ်တို့ကို အခွန်လျှော့တာတွေ လုပ် နေပြီ၊ ပြန်ကြားရေးနယ်ပယ်မှာဆိုလည်း ဂျာနယ်တွေ တော်တော်များများလည်း အထိုက်အလျောက်လွတ်လွတ်လပ် လပ်နဲ့ လုပ်လို့ ရနေပြီ။ အဲဒီလို လျှော့ပေါ့မှုတွေ လုပ်နေတာကြောင့် လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေးတွေမှာ လျှော့ ပေါ့မှုတွေ လုပ်လာတာကြောင့်၊ အမေရိကန်ကကော EU ကကော စီးပွားရေးပိတ်ဆို့မှုတွေကို လျှော့ပါ့ပေးတာ။ ပိုပြီး တော့ လျှော့စေချင်ရင် ဦးသိန်းစိန်ခေါင်းဆောင်တဲ့အစိုးရကော လွှတ်တော်ကကော ကျနော်တို့မြန်မာနိုင်ငံမှာ ဒီမိုက ရေစီရေးနဲ့ လူ့အခွင့်အရေးတွေကို ပိုပြီးတော့ဖွင့်ပေးပါ၊ ဖွင့်ပေးရမယ်ဆိုတဲ့ အဆိုကို ကျနော်တင်ချင်တာ။ အဆင့်လိုက် မဟုတ်ပဲနဲ့ သူတို့အဆိုတင်တာက ပြောင်းပြန် ပြန်တင်သလို ဖြစ်နေတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ဦးဝင်းထိန်က ထပ်ဆင့်အဆိုတင်ဖို့လုပ်တဲ့အခါမှာ မိုက်ကရိုဖုံး (အမတ်တစ်ဦးစီ၏ ရှေ့ တွင် ထားသော မိုက်ကရိုဖုံး) အလုပ်မလုပ်ဘူးဆိုတာ၊ နည်းနည်းပြန်ရှင်းပြပါ။

ဦးဝင်းထိန် ။ ။ ကျနော်က ထပြီးတော့ပြောမလို့လုပ်တဲ့အချိန်မှာ၊ ကျနော့်ရှေ့က မိုက်ကရိုဖုံးက မီးမလင်းဘူး။ တခြားနေရာမှာ သွားလင်းတယ်။ ဟိုးနောက်က ဦးသိန်းဦးတို့ နေရာမှာ သွားပြီး မီးလင်းတယ်။ ဒီလို အစီအစဉ် ဖြစ် တာကတော့ နည်းနည်းတော့ တော်တော်ဂွတီးဂွကျ နိုင်တယ်။ အဲဒီမှာ သွားလင်းတော့၊ အဲဒီလူက ထပြောပြန်တယ်။ နောက်တခါလည်း ဦးကြည်မြင့်ဆီမှာ သွားလင်းတယ်။ ဦးကြည်မြင့်ပြောနေတဲ့အချိန်မှာ ကျနော်က ပြန်ထိုင်နေလိုက် တယ်။ ထိုင်ပြီးတော့ သူပြီးတော့ ကျနော့်ရဲ့မိုက်ကရိုဖုံး မီးလင်းဖို့အတွက် ကျနော်လုပ်တဲ့အချိန်မှာ၊ ဟိုးအပေါ်က လွှတ်တော်ဥက္ကဋ္ဌက နေပြီးတော့မှ “ဟေ့ ဖွင့်ပေးလိုက်လေကွာ၊ ဖွင့်ပေးလိုက်ပါ”လို့ လှမ်းအော်ပြောနေတော့၊ ကျနော်တို့ မိုက်ကရိုဖုံးတွေဟာ အော်တိုမက်တစ် ကျနော်တို့နှိပ်ရုံနဲ့ ပွင့်လာတာမဟုတ်ပဲ၊ လွှတ်တော်ဥက္ကဋ္ဌက လှမ်းပြောမှ ပွင့်တဲ့ မိုက်ကရိုဖုံးတွေလားလို့ ကျနော် စဉ်းစားမိတယ်။ “ဟေ့ကောင်တွေ ဖွင့်ပေးလိုက်လေကွာ”လို့ သူ(လွှတ်တော်ဥက္ကဋ္ဌ) ပြောနေတာ အားလုံးကြားနေရတာပဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဒါဟာ လွှတ်တော်ထဲမှာ ဆက်ပြီးဆွေးနွေးကြမယ့် အနေအထားလို့ ကျနော်တို့ မှတ်ယူ လို့တော့ ရပါတယ်။ နော်ကတစ်ခုက ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ (အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွ၊ ကြည်း ၁၂၆၂၉၊ ၁၉၇၃ DSA 15 ဆင်း) ကို ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းတဲ့ လွှတ်တော်ထဲ က အနေအထားကို ဦးဝင်းထိန် မြင်တွေ့သလောက် ကျနော်တို့ကို ပြန်ပြောပြပါလား။

ဦးဝင်းထိန် ။ ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ကို ဒုတိယသမ္မတဖြစ်ဖို့ အဆိုတင်တယ်လို့တော့၊ ကျနော်တို့ ကြားနေရတာပေါ့။ သို့သော် တရားဝင် တနင်္လာ (ဇူလိုင် ၁၆ရက်) နေ့မှ လုပ်ဖြစ်လိမ့်မယ် ထင်တယ်။ ကျနော်တို့ အများစုထင်တာ၊ လွှတ်တော်ထဲက ကြံ့ခိုင်ရေးအမတ်တွေ အများစု ထင်တာကတော့၊ ဦးတင်အေး (ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၊ ကြည်း ၁၁၂၃၆၊ ၁၉၆၇ DSA 9 ဆင်း) သော်လည်း ကောင်း၊ ဦးဌေးဦး (ပြည်-ခိုင်-ဖြိုး ပါတီ အထွေထွေအတွင်းရေးမှူး၊ အငြိမ်းစား ဗိုလ်ချုပ် ဌေးဦး၊ ကြည်း ၁၂၁၁၃၊ ၁၉၇၃ OTS 43 ဆင်း) ဒုတိယသမ္မတလောင်း ဖြစ်မယ်ထင်ကြတာ။ အခုလို ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွ ဖြစ်တယ်ဆိုရင် တော့၊ ဒါက ဦးသိန်းစိန် ရွေးတာပဲ လား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ဦးသိန်းစိန်ကို ကျော်ပြီး ရွေးတာ လား ဆိုတာတော့ စဉ်းစားစရာတွေ ရှိတာပေ့ါ့။ သူတို့ ပြည်-ခိုင်-ဖြိုးု အမတ်တွေကတောင် ဦးတင်အေး (သို့မတုတ်) ဦးဌေးဦး လို့ ခိုင်ခိုင်မာမာ ပြောနေကြ တာ။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြစ်လာတော့၊ အားလုံး အံ့အားသင့်သွားပြီး ဟာကနဲ ဟင်ကနဲတွေ ဖြစ်သွားကြတာ ကိုတော့ သတိထားမိလိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ဦးဝင်းထိန်က ကိုယ်က တခါတုံးက တပ်မတော် အရာရှိဖြစ်ခဲ့တယ်။ အခုတော့ ဒီဘက် အတိုက်အခံဘက်မှာ။ တိုဘက်က ပြည်-ခိုင်-ဖြိုးု အမတ်တွေမှာလည်း တပ်မတော်အရာရှိဟောင်းတွေက အများစု။ ဦးဝင်းထိန်က အခု အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တပ်မတော်အရာရှိဟောင်း အမတ်ဖြစ်တော့၊ နောက်တခါ ဟိုဘက်က တပ်မတော်သားအစုအဖွဲ့က အမတ်တွေကလည်း ရှိသေးတယ်၊ သို့သော် သူတို့က ဦးဝင်း ထိန်နဲ့ စာရင်တော့ အများကြီး ဂျူနီယာကျမှာပေါ့။ အခု တပ်မတော်သားဖြစ်ခဲ့ဖူးသူ လွှတ်တော်ကိုယ်စားလှယ်အချင်း ချင်းတွေ လွှတ်တော်ထဲမှာ ပြန်တွေ့ကြတော့ ဦးဝင်းထိန်ရဲ့ ပထမဆုံးတက်တဲ့ လွှတ်တော်အတွေ့အကြံအရ တစ် ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေး ရှိကြလားခင်ဗျ။ အထူးသဖြင့် ဦးဝင်းထိန်တို့တွေ အချင်းချင်းတွေ ပြန်တွေ့ ကြတဲ့ သဘောမျိုးဖြစ်နေတော့။ နောက်တခါ လွှတ်တော်ဥက္ကဋ္ဌကအစ ဦးဝင်းထိန် (နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဟောင်း၊ အောင်စစ်သည်နှင့် စာပေထူးချွန်ဆု နှစ်ဆုရ အငြိမ်းစားဗိုလ်ကြီး ဝင်းထိန်၊ ၁၉၆၃ DSA 5 ဆင်း)ထက် ဂျူနီယာကျနေတယ်၊ ဒီ သူရဦးရွှေမန်း (အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ကြည်း ၁၁၅၃၄၊ ၁၉၆၉ DSA 11 ဆင်း) ဆိုရင်ပေါ့။ ဦးဝင်းထိန်တို့ လွှတ်တော်အတွင်းမှာ သူတို့တွေနဲ့ informal (အလွတ်သဘော) တွေ့ထိပြောဆို ရင်းနှီးမှု တွေများ ရှိပါသလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော်ကိုယ်တိုင်က လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ် ဖြစ်တဲ့အခါမှာ၊ သမ္မတ ဦးသိန်းစိန် (အငြိမ်းစား ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ကြည်း ၁၁၂၅၂၊ ၁၉၆၇ DSA 9 ဆင်း) တို့၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့က ကျနော့်ထက် ဂျူနီယာကျကြပေမယ့်၊ ကျနော်က တလေးတစား ဆက်ဆံရမှာပေါ့။ လွှတ်တော်ထဲမှာ ရောက်နေတဲ့ ဘဝတူတွေတော့ ရှိတာပေါ့ဗျာ။ အရင် ဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့သူတွေ။ ဝန်ကြီးပြုတ်သွားကြတဲ့သူတွေပေါ့။ ဗိုလ်မှူးကြီး မောင်သောင်း (သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်း ဦးသောင်း၊ ကြည်း ၇၈၅၆၊ အောင်စစ်သည်ဆုရ ၁၉၅၉ DSA 1 ဆင်း)၊ ဗိုလ်မှူးချုပ်လွန်းသီ (စွမ်းအင်ဝန်ကြီးဟောင်း ဦးလွန်းသီ၊ ကြည်း ၈၉၀၇၊ အောင်စစ်သည်ဆုရ ၁၉၆၂ DSA 4 ဆင်း)၊ ဗိုလ်မှူးချုပ်မောင်မောင်သိမ်း (မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီး၊ ကြည်း ၁၁၃၆၁၊ ၁၉၆၈ DSA 10 ဆင်း) တို့ဆိုတာ တပ်ထဲမှာ ကျနော်နဲ့ ခင်ခဲ့ဖူးတဲ့သူတွေ၊ အခုလည်း ကျနော်သွားနှုတ်ဆက်တော့ ခင်ခင်မင်မင် ကြည်ကြည်ဖြူဖြူ ဆက် ဆံကြပါတယ်၊ သို့သော်လည်းပဲ heart to heart အရင်ကလို ငယ်သူငယ်ချင်း သဘောမျိုးတွေတော့ သိပ်မရှိကြတော့ ဘူး။ သူတို့တွေက မာန်ရှိကြတယ်။ ငါ ဝန်ကြီးဟောင်းပဲဆိုတဲ့ မာန်တွေ ရှိကြတယ်။ နောက်တစ်ခုက သူတို့က သိပ် ချမ်းသာတဲ့ သူဋ္ဌေးကြီးတွေ ဆိုတော့၊ ကျနော်က သိပ်ပြီးတော့ ဖက်လဲှတကင်း သွားပြီး မဆက်ဆံရဲဘူး။ ဗိုလ်လောင်း ဘဝတို့ ကျောင်းဆင်းပြီး ကြုံခဲ့ဆုံခဲ့ကြတာတွေကို အခြေခံပြီးတော့၊ သူတို့ ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးရွှင်ရွှင်တော့ ဆက်ဆံကြပါတယ်။ ဒါပေမဲ့ အရင်လို heart to heart ပြန်ဖြစ်ကြဖို့ကတော့ မလွယ်ဘူး။ သူတို့က အင်မတန်ချမ်းသာ နေကြတဲ့ သူဋ္ဌေးကြီးတွေ ဖြစ်နေကြတာကိုး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ တပ်မတော်သားအစုအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကျနော် တွေ့ဆုံမေးမြန်း နှုတ်ဆက်တဲ့အခါမှာတော့၊ သူတို့က တော်တော် friendly ဖြစ်တယ်၊ တော်တော် ဖေါ်ဖေါ်ရွေရွေရှိတယ်၊ ကျနော်တို့ NLD ကိုယ်စားလှယ်တွေက မတိုင်ပင်ပဲနဲ့ ပင်နီတိုက်ပုံနဲ့ ကချင်လုံချည် နဲ့ NLD တံဆိပ်တွေနဲ့ ဖြစ်နေကြတာတောင်မှ၊ သူတို့က ကျနော်တို့ကို ဖေါ် ဖေါ်ရွေ ရွေဆက်ဆံကြတယ်။ အဲဒါတော့ အံ့သြစရာလည်းကောင်းတယ်၊ ဝမ်းသာစရာလည်း ကောင်းတယ်။ ခုနတုံးက ဝန်ကြီးဟောင်းတွေနဲ့ ဆက်ဆံရတာ ထက် ပိုပြီး နွေးထွေးမှုရှိတယ်လို့ ခံစားရတယ် ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ overhaul အကုန်လုံးခြုံကြည့်ရင်ကော နိုင်ငံရေးအရ ဒီလွှတ်တော်ရဲ့ atmosphere ဝန်းကျင်အနေအထားဟာ နိုင်ငံရေးပိုင်းအရ ဆွေးနွေးကြတဲ့ဟာတွေကကော ဟိုးအရင်ခေတ် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်က ပုံစံမျိုးများလား။ ပါတာဖတ် ဆိုတာမျိုးလား၊ ဒီဟာကို မင်းက အဆိုတင်သွင်းပြီး ဖတ်၊ ဒီဟာကတော့ မင်းက ထောက်ခံတာကိုဖတ် ဆိုတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် လွှတ်တော်တုံးက ဖြစ်ခဲ့တဲ့ သဘောမျိုး တွေကော ရှိပါသလား၊ ဦးဝင်းထိန် ဘယ်လိုမြင်ရသလဲ။

ဦးဝင်းထိန် ။ ။ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့က ဆန့်ကျင်သပိတ်မှောက်ခဲ့ပေမယ့်လည်း၊ သူတို့လွှတ်တော်မှာ ဘာတွေလုပ်နေလဲ သိချင်လို့ အမြဲတမ်းကြည့်နေခဲ့တော့၊ စခါစ အချိန်ထက်စာရင် အခုတော့ နည်းနည်းတိုးတက်လာ ပြီ၊ ပြောနိုင်ဆိုနိုင် ရှိလာပြီ။ ကြိုက်သလိုဝေဖန်လို့ရတယ်၊ ဝန်ကြီးဌာနတွေကို ဝေဖန်လို့ရတယ်၊ အဖွဲ့အစည်းတွေကို ဝေဖန်လို့ရတယ်။ ဒါပေမဲ့ လွှတ်တော်ကိုတော့ မဝေဖန်နဲ့။ လွှတ်တော်ကိုဝေဖန်တာကိုတော့ နည်းနည်းမှ မခံဘူးဆိုတဲ့ သဘောလေးတွေ တွေ့ရတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဒါက မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ် လွှတ်တော်ထက်သာတဲ့ အနေအထား တော့ ရှိတာပေါ့။

ဦးဝင်းထိန် ။ ။ ဟုတ်တယ်။ မဆလလွှတ်တော်ထက်တော့ နည်းနည်းတော့ သာလာပြီ။ ဒီ့ထက်သာလာဖို့ ကျနော် တို့ ကြိုးစားကြရမှာပေါ့။ ဒီနေ့ညနေမှာတာ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်တက်နေတဲ့ ရခိုင်၊ မွန်၊ ရှမ်းပါတီတွေ က ကိုယ်စားလှယ်တွေနဲ့ တွေ့တယ်လေ။ ကျားဖြူပါတီလည်း ပါတယ်။ နောက်ပြီးတော့ တသီးပုဂ္ဂလတွေနဲ့လည်းတွေ့ တယ်။ တွေ့တဲ့အကြောင်းကတော့ နောင်လွှတ်တော်မှာ ကျနော်တို့ ကိစ္စထူးထွေရှိရင် တိုင်တိုင်ပင်ပင်နဲ့ သွားကြဖို့၊ တစ်ယေက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုနိုင်ဖို့ ဆက်ဆံနိုင်ဖို့၊ ဒါမျိုးတွေနဲ့ အစပျိုးတာပေါ့။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ကျားဖြူပါတီနဲ့ပါ တွေ့တယ်ဆိုတော့၊ ဒေါ်နန်းဝါနုနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ကြတဲ့အခါ၊ သူတင်ခဲ့တဲ့အဆိုနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ဆွေးနွေးကြတာတွေ မရှိဘူးလား။

ဦးဝင်းထိန် ။ ။ အဲဒီတွေ့ဆုံမှုမှာ ဒေါ်နန်းဝါနုလည်း ပါတယ်။ မိတ်ဆက်ကြတာလောက်ပဲ ရှိတယ်။ တစ်ဦးချင်း ကြာ ကြာ စကားပြောကြတဲ့အခြေအနေ မရှိပါဘူး။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုကော ဦးဝင်းထိန်အနေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမှု ရှိပါသလား၊ ဒါမှမဟုတ် အလုပ်သဘောအရကော သူက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ကိုယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဆိုတဲ့သဘောအရ ထိတွေ့ဆက်ဆံနေမှု ရှိပါသလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ လွှတ်တော်မှာ နေ့လည်စာစားကြတဲ့ အခန်းကြီးက လေးခန်းလာက် ရှိတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တစ်နေ့ကိုတစ်ခန်းမှာ လယပြီး အတူစားသုံးပါတယ်။ ကျနော်တို့အခန်းမှာ လာပြီးစားတဲ့အခါ သူက ကျနော့် ကို နှုတ်ဆက်ပါတယ်။ ဒီနေ့ဆို သူက ကျနော့်ကို နှုတ်ဆက်တာနဲ့ ကျနော်က ပြောလိုက်တယ်၊ ကျနော်တို့လွှတ်တော် မှာ အုပ်စုခွဲရမယ်ဆိုရင်၊ တပ်မတော်သားကိုယ်စားလှယ်တွေ အုပ်စုရှိတယ်၊ အမျိုးသမီးကိုယ်စားလှယ်တွေက နှစ် ဆယ် သုံးဆယ်လောက် ရှိတယ်၊ ကျန်တာက ကျနော်တို့ ယောက်ျားတွေ အုပ်စုရှိတယ်။ အဲဒီတော့ တပ်မတော်ကိုယ် စားလှယ်တွေကော အမျိုးသမီးတွေကော ဦးထုပ်မဆောင်းကြရဘူး။ ခေါင်းပေါင်းမရှိဘူး။ ကျနော်တို့ ယောက်ျားတွေမှာ ပဲ ခေါင်းပေါင်းတွေနဲ့ဖြစ်နေတာ ဒါတော့ သိပ်ပြီး မဆီလျော်ဘူးထင်တယ်လို့ ကျနော်က ပြောလိုက်တော့၊ သူက ဒါ တော့ စဉ်းစားစရာပဲလို့ ပြောသွားတယ်။ ဘယ်သူကမှ ခေါင်းပေါင်းကို မပေါင်းချင်ဘူး။ သူက အဲဒီလို တုံ့ပြန်မှုနဲ့ နွေး ထွေးမှုတော့ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ ကျန်တဲ့လွှတ်တော်ရက်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မယ့် အဆိုတွေနဲ့ပတ်သက် ပြီးတော့၊ ဦးဝင်းထိန်ကိုယ်တိုင်ကော အဆိုတင်ဖို့ ရှိပါသလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော်က မိတ္ထီလာမြို့နယ်ကို ကိုယ်စားပြုတဲ့အတွက်ကြောင့်၊ မိတ္ထီလာမှာ ရှိတဲ့ ကျေးရွာတွေမှာ လိုအပ်တဲ့ ကျောင်းကိစ္စတွေ ရေတွင်းကိစ္စတွေ လျျှပ်စစ်ကိစ္စတွေက တင်မယ်ဆိုရင်တော့ တင်စရာပဲ။ သို့သော်လည်း ခုလောလောဆယ် လွှတ်တော်မှာ တစ်ပတ်အတွင်းမှာကိုက အဆိုတွေကို ဟိုမြို့က တင် ဒီမြို့က တင်နဲ့၊ တင်နေကြ တယ်။ ဥပမာဗျာ၊ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းအဆင့်ကို မြှင့်ဖို့ဆိုတဲ့ ကျေးရွာပေါင်းက မြို့နယ် တစ်ခုမှာ ကျနော်တို့ မိတ္ထီလာမြို့နယ်တစ်ခုထဲမှာတင် ငါးရွာခြောက်ရွာလောက် ရှိတယ်။ ဒါက တစ်နိုင်ငံလုံး ဖြစ်နေတဲ့ ကိစ္စ။ ဘာ့ကြောင့်လဲဆိုရင် ပညာရေးဝန်ကြီးဌာနကို ဘတ်ဂျက် အလုံအလောက်မပေးလို့ ဒီလိုဖြစ်နေကြတာ။ အဲဒီ တော့ ရွာတွေက ကိုယ့်ဟာကိုယ် ပိုက်ဆံစု၊ အလယ်တန်းကျောင်းကို အထက်တန်းကျောင်း ဖြစ်အောင် ကိုယ့်ဟာ ကိုယ် အဆောက်အဦးဆောက်၊ ကိုယ့်ဟာကိုယ် ကျောင်းဆရာတွေကို လခပေးနဲ့၊ အဲဒီလိုတွေ လုပ်နေကြတာတွေက၊ တစ်နိုင်ငံလုံးမှာ မွစာကိုကြဲနေတယ်။ အဲဒီတော့ ပညာရေးဘက်မှာ အားနည်းနေတာ အရမ်းပေါ်နေတယ်။ ဒီကိစ္စ ကျနော်တင်ဖို့ကျတော့ သူများနဲ့ရောပြီး တင်ဖို့က ခက်တယ်။ မိတ္ထီလာမဲဆန္ဒနယ်ကလည်း အဲဒီကျောင်းကိစ္စ သူတို့ ကိစ္စကို တင်စေချင်တယ်။ ဒါက တစ်ချက်။ နောက်တစ်ခုက တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုလည်း ကျနော် တင်ဖို့ရှိပါတယ်။ ဒါကတော့ NLD မှာ လွှတ်တော်ကော်မတီ ဖွဲ့ထားတော့၊ အဲဒီကော်မတီနဲ့ ညှိပြီးမှ လုပ်မှာပါ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်တင် မကပဲနဲ့၊ ဦးဝင်းထိန်တို့ အပါအဝင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ အမတ်တွေ ရောက်သွားပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဦးဝင်းထိန်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေပေမယ့်လည်း၊ တကယ်တမ်းကျတော့ လွှတ်တော်က သူတို့အစီအ စဉ်နဲ့ သူတို့ သွားနေတာပဲ။ ဥပမာဆိုရင်၊ အခု ဒုတိယသမ္မတလောင်းအဖြစ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းတာ မျိုးဆိုရင်၊ ဒါက ဒီလွှတ်တော်က သူ့ဟာသူ သွားနေပေမယ့် ဒါက ဘာမှ မတတ်နိုင်ဘူး။ ဟိုဘက်က တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က သူတင်ချင်တဲ့သူကို သူတင်တယ်။ ဟိုးအပေါ်က ကျလာတဲ့အတိုင်း၊ မိုးပေါ်က ကျလာတဲ့ အတိုင်း သူတင်ချင်တဲ့သူကို တင်တယ်။ အဲဒီတော့ အခုလွှတ်တော်ထဲမှာ အခု NLD နဲ့ NLD ကို ကိုယ်စားပြုတဲ့အမတ် တွေအားလုံး (သို့မဟုတ်) NLD ပါတီတစ်ခုလုံး အကုန်လုံး လွှတ်တော်ထဲမှာမှာ သွားပြီး အကျယ်ချုပ် မိနေတယ်လို့ တချို့က ဝေဖန်သုံးသပ်နေကြတဲ့အပေါ်မှာ၊ ဦးဝင်းထိန် ဘယ်လိုများ ပြန်ပြီး ပြောချင်ပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ အဲဒီလို ဝေဖန်သုံးသပ်တယ်ဆိုရင်တော့ သူတို့ဟာ စောသေးတယ် ထင်တယ်။ ဘာကြောင့်လဲဆို တော့၊ ကျနော်တို့က လွှတ်တော်တက်တာ တစ်ပတ်ပဲ ရှိသေးတာပဲ။ ဒါဟာ မျှတတဲ့ ဝေဖန်သုံးသပ်ချက် မဟုတ်ဘူး။ ကျနော်တို့ကို ရက်ပေါင်း (၁၀၀) စောင့်ကြည့်ပါ။ ကျနော်တို့ လွှတ်တော်ထဲဝင်ပြီး ရက်ပေါင်း (၁၀၀) အတွင်းမှာ NLD ဟာ ဘာတွေလုပ်ခဲ့မလဲ ဆိုတာကို။ ရက်ပေါင်း (၁၀၀) စောင့်ကြည့်ပြီးမှ ခုလို ဝေဖန်သုံးသပ်တယ် ဆိုရင် ကျနော် လက်ခံတယ်။ ရက်ပေါင်း (၁၀၀) အတွင်းမှာ လွှတ်တော်ထဲမှာ ကျနော်တို့ လုပ်မဲ့ ဟာတွေ ရှိတာကို အဲဒီ ဝေဖန်သုံး သပ်သူတွေ စောင့်ကြည်ပါလို့ပဲ၊ ကျနော် ပြောချင်တယ်။

ဦးရော်နီညိမ်း ။ ။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစားဗိုလ်ကြီး ဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းပြီး တင်ဆက်ခဲ့တာပါ ခင်ဗျာ၊ ကျနော် ရော်နီညိမ်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG