သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ်က Dutch ခရီးသည် ရုပ်အလောင်းတွေ ဌာနေမှာပူဆွေးစွာကြိုဆို


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံလိုက်ရတဲ့ မလေးရှားလေကြောင်းလိုင်းပေါ်မှာ ပါသွားသူတွေရဲ့ အလောင်းတွေ နယ်သာလန်နိုင်ငံကို ရောက်ရှိပြီး အဲဒီအလောင်းတွေကို တင်လာတဲ့ နိဗ္ဗာန်ယာဉ်တွေ ဗုဒ္ဓဟူးနေ့က ဖြတ်သွားတဲ့အချိန် ဘေးမှာရှိနေကြတဲ့ လူအုပ်ကြီးက ဝမ်းနည်းစွာ ကြိုဆိုခဲ့ကြပါတယ်။

ပရိတ်သတ်တွေထဲက တချို့က ပန်းတွေကို နိဗ္ဗာန်ယာဉ်တွေရှေ့မှာ သွားချတဲ့သူတွေရှိသလို၊ နယ်သာလန်နိုင်ငံတဝှမ်း ရုတ်တရက် ပေါ်ပေါက်လာတဲ့ အမှတ်ရ အောက်မေ့ဖွယ် နေရာတွေမှာ ပန်းခွေချတာ၊ ဖရောင်းတိုင်တွေ မီးထွန်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၆ ရက်တုန်းက ပျက်ကျသွားခဲ့တဲ့ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၉၈ ဦးအတွက် Hilversum မှာ အမှတ်ရ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့ပါတယ်။ သေဆုံးသူတွေထဲ နယ်သာလန်နိုင်ငံသား ဒတ်ချ်လူမျိုး ၁၉၃ ဦး ပါသွားတာပါ။ အဲဒီ အောက်မေ့ဖွယ် ကျင်းပတဲ့ အခမ်းအနား အပြင်မှာ ပန်းစည်းတွေ၊ ပန်းပွင့်တွေနဲ့ လေယာဉ်ပုံစံ ပြုလုပ်ထားကြပါတယ်။

အစောပိုင်းတုန်းကတော့ ယူကရိန်းနိုင်ငံကနေ လေယာဉ်နဲ့ သယ်လာတဲ့ အဲဒီအလောင်းတွေကို နယ်သာလန်နိုင်ငံက လေတပ်အခြေစိုက်စခန်းဖြစ်တဲ့ Eindhoven မှာ စောင့်နေတဲ့ နိဗ္ဗာန်ယာဉ်တွေပေါ် တင်ခဲ့ကြပြီး အဲဒီကမှ သေဆုံးသူတွေ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို စစ်ဆေးမယ့် Hilversum ကို သယ်ဆောင်သွားတာ ဖြစ်ပါတယ်။

လေယာဉ်ပြေးလမ်းပေါ်မှာ ကျင်းပခဲ့တဲ့ အဲဒီ အောက်မေ့ဖွယ် အခမ်းအနားကို သေဆုံးသူ မိသားစုဝင်တွေနဲ့ နိုင်ငံအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် နယ်သာလန်ဘုရင် Willem-Alexander၊ ဘုရင်မ Maxima တို့လည်း အမဲရောင်ဝတ်စုံ ဝင်ဆင်ပြီး အခမ်းအနားကို တက်ရောက်ခဲ့ကြသလို ဝန်ကြီးချုပ် Mark Rutte လည်း တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG