သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်းအပြီးဖျက်သိမ်းဖို့ Goldman ဆုရှင်တောင်းဆို


ကိုမြင့်ဇော် - ဧရာဝတီမြစ် ကယ်ဆယ်ရေးအဖွဲ့
ကိုမြင့်ဇော် - ဧရာဝတီမြစ် ကယ်ဆယ်ရေးအဖွဲ့

မြန်မာနိုင်ငံမှာ လက်ရှိ ဆိုင်းငံ့ထားတဲ့ မြစ်ဆုံဆည်စီမံကိန်း အပြီးသတ် ဖျက်သိမ်းရေးအတွက် ဆက်လက် လှုပ်ရှားသွားမယ်လို့ The Goldman သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆုရှင် ကိုမြင့်ဇော်က ပြောပါတယ်။

ကမ္ဘာတလွှား လူထုအခြေပြု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို နှစ်စဉ် ဆုချီးမြှင့်ပေးနေတဲ့ အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကြီးရဲ့ ၂၀၁၅ ခုနှစ် ဆုရှင် ကိုမြင့်ဇော်ကို ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

ဖြေ။ ။ “ကျနော်တော့ဗျာ ကျနော်တို့မြန်မာပြည်သူတွေအတွက် အင်မတန် အရေးကြီးတဲ့ ဧရာဝတီမြစ်ကြီးရဲ့ အရေးအရာပေါ့လေ အဲဒါကို ဒီကမ္ဘာ့မျက်နှာစာပေါ်ရောက်လာအောင်၊ တစိတ်တပိုင်းအားဖြင့် ရောက်လာဖြစ်တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ ကျနော် ဆုရတဲ့အတွက် ဆိုတာထက် ကျနော်တို့ပြည်သူအားလုံး ဝိုင်းဝန်းအားထုတ်ကြတဲ့ ဒီမြစ်ကြီးနဲ့ ပတ်သက်လို့၊ ဧရာဝတီမြစ်ဆုံနဲ့ပတ်သက်လို့ အရေးအရာဟာ တနည်းတဖုံအားဖြင့် ကမ္ဘာ့စာမျက်နှာတွေပေါ် ရောက်လာတဲ့အတွက် ကျနော် အင်မတန်မှ ဝမ်းသာပါတယ်။”

မေး။ ။ ဒီဆုရတဲ့အတွက်ရော ကိုမြင့်ဇော်တို့ လှုပ်ရှားနေတဲ့ ဒီစီမံကိန်းက ဘယ်လောက်အထိများ အကျိုးရှိနိုင်မယ် ထင်ပါသလဲခင်ဗျ လုပ်ငန်းတွေအတွက်လေ။

ဖြေ။ ။ “ကျနော်ကတော့ ဒီအချိန်ကာလကလေ အထူးသဖြင့် အရေးကြီးတဲ့ကာလလို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီမြစ်ဆုံဆည်ကို ရပ်တန့်ထားတာကလည်း သမ္မတက သူ့သက်တမ်းမှာပဲ ရပ်တန့်ထားတာဆိုတော့ ဒီနှစ်ကုန်ရင် အချိန်ပြည့်ပြီပေါ့ဗျာ။ ဆိုတော့ ဒီမြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ ကံကြမ္မာက ရှေ့နှစ်မှာ ကျနော်တို့အားလုံး ဝိုင်းဝန်းပြီးတော့ ပါဝင်ဆုံးဖြတ်ခွင့်ရအောင် လုပ်ကြရာမှာ ဒီမြစ်အရေးကို ကျနော်တို့ အထူးသဖြင့် ရှေ့တန်းရောက်အောင် ရှေ့ဆောင်ရှေ့ရွက် ပြောကြရမှာပေါ့။ အဲဒီအတွက် ရနိုင်သလောက် အကူအညီတွေနဲ့ ကျနော်တို့အားလုံးရဲ့ ဒီဆည်ကြီးအပြီးတိုင် ရပ်တန့်ပြီးတော့ မြစ်ဆုံဒေသကို ကာကွယ်နိုင်ဖို့၊ ဒီဧရာဝတီမြစ်ကြီးကို ကာကွယ်နိုင်ဖို့အရေးအတွက် အထောက်အပံ့ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်ဗျာ။”

မေး။ ။ ဆိုတော့ အခု ဒါဆိုလို့ရှိရင်ရော ရှေ့လျှောက် ဟိုဟာပေါ့ စောစောက ကိုမြင့်ဇော်ပြောသလို ဒီမြစ်ဆုံဆည်ဟာ မြန်မာတနိုင်ငံလုံးလည်း သိကြတဲ့အတိုင်းပဲ သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ မလုပ်ဖို့ပဲ ရပ်ဆိုင်းငံ့ထားတာဆိုတော့ ရှေ့တက်လာမယ့် အစိုးရသစ်က ဦးသိန်းစိန်လည်း ဖြစ်ချင်ဖြစ်မယ်၊ နောက် လူသစ်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီအခါကျရင်ကော ဘယ်လိုမျိုးလုပ်ငန်းတွေ ဆက်လုပ်ကိုင်ဖို့ လိုအပ်မယ်လို့ ထင်ပါသလဲ။ အခုလိုမျိုး ဆိုင်းငံ့ထားတာမဟုတ်ဘဲနဲ့ လုံး၀ ဖျက်သိမ်းရေးဆိုရင်လည်း ဖျက်သိမ်းရေးပေါ့။ ကိုမြင့်ဇော်တို့အနေနဲ့ ဘယ်လို လိုလားပါသလဲ။

ဖြေ။ ။ “ကျနော်တို့ကတော့ ဖျက်သိမ်းဖို့ကို လိုလားပါတယ်။ ဒါ အခုနောက်ပိုင်းမှာ ပိုပြီးလည်း ဖျက်သိမ်းဖို့လိုတယ်ဆိုတာ ပိုပြီးတော့လည်း ကျနော်တို့ ရှင်းလင်းလာပါတယ်။ အဲဒီတုန်းက စစ်အစိုးရလက်ထက်မှာ ဒါကြီးကို ဘယ်လိုဆုံးဖြတ်ခဲ့ကြ၊ ဘယ်လိုမျိုး အတင်းဖြစ်အောင် အတင်းတွန်းထိုးပြီး လုပ်ခဲ့ကြတယ်ဆိုတာမျိုးကိုလည်း ကျနော်တို့ အခုနောက်ပိုင်း သိခွင့်ရလာတာတွေရှိတယ်။ နောက်ပြီးတော့ ဖြစ်လာနိုင်ချေရှိတဲ့ အကျိုးဆက်တွေကိုလည်း ပိုပြီး ထင်လင်းမြင်သာလာတယ်။ အဲဒီအတွက် ဒီမြစ်ဆုံဆည်ကတော့ ကျနော်တို့ လုံး၀ ရပ်တန့်တဲ့အထိ လှုပ်ရှားရမယ့် ကိစ္စလု့ိ ကျနော် ဒီလိုပဲ ယူဆပါတယ်။”

ဒီ Goldman သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆုကို နိုင်ငံအသီးသီးမှာရှိတဲ့ လူထုအခြေပြု လှုပ်ရှားမှုတွေမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို စကာတင် ရွေးချယ်ပြီး နိုင်ငံတကာက ကျွမ်းကျင်သူတွေပါဝင်တဲ့ ဂျူရီအဖွဲ့က ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ အမည်စာရင်းကို လက်ခံတဲ့နေရာမှာ ကမ္ဘာ့တိုက်ကြီးအစုံနဲ့ ကျွန်းနိုင်ငံလေးတွေပါ ကိုယ်စားပြုနိုင်အောင် တနေရာ တဖွဲ့နှုန်းနဲ့ စကာတင် ရွေးချယ်တာ ဖြစ်တယ်လို့ The Goldman သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး David Gordon က ပြောပါတယ်။

မြန်မာနိုင်ငံက ကိုမြင့်ဇော်နဲ့ သူပါဝင်လှုပ်ရှားတဲ့ Save the Irrawaddy ဧရာဝတီမြစ် ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ကချင်ပြည်နယ် မြစ်ဆုံမှာ တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်သွားအောင် လူထုလှုပ်ရှားမှုအသွင်နဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်အတွက် ဆုရှင်တဦးအဖြစ်နဲ့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း David Gordon က ပြောပါတယ်။

“ကိုမြင့်ဇော်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အတော်လေးကို လေးစားမိနေခဲ့တာပါ။ အထူးသဖြင့်တော့ မြစ်ဆုံဆည် ရပ်တန့်ရေးအတွက် သူနဲ့ လုပ်ဖော်ကိုင်တွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အပေါ် ကျနော်တို့ဖက်က အားကျ ဂုဏ်မိခဲ့ပါတယ်။ ကိုမြင့်ဇော်နဲ့ ပတ်သက်လို့ ကျနော်တို့အတွက် အထူး အားကျ ဂုဏ်ယူစရာ ဖြစ်ခဲ့တာကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူထုအကြားမှာ အသိပညာ ကျယ်ပြန့်လာအောင်၊ ပိုသိရှိလာအောင် ပန်းချီပြပွဲတွေ လုပ်ဆောင်ခဲ့တဲ့ကိစ္စပါ။ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေအနေနဲ့ တင်းကြပ်စွာ အုပ်ချုပ်နေတဲ့ အစိုးရတခုရဲ့ အောက်မှာ မလှုပ်သာ မလွန့်သာ ဖြစ်နေတဲ့ အခြေအနေမျိုးကနေ မြစ်ဆုံဆည်အကြောင်း လူထုအကြားမှာ ပိုမို ပြောဆို ဆွေးနွေးလာအောင် လုပ်ဆောင်ပေး နိုင်ခဲ့ပါတယ်။ တဆင့်ပြီး တဆင့် အမျိုးသားရေး လှုပ်ရှားမှုဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ အထူးခြားဆုံး လူထု လှုပ်ရှားမှု အောင်မြင်မှုကို ရရှိခဲ့ပါတယ်။”

ဆုပေးပွဲအခမ်းအနားကိုတော့ အမေရိကန်နိုင်ငံ San Francisco မြို့မှာ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဝါရှင်တန်ဒီစီမြို့မှာ ဒီဆုကိုပဲ ထပ်မံ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ကိုမြင့်ဇော်နဲ့အတူ ဆုလက်ခံ ရရှိတဲ့သူတွေကတော့ ကနေဒါနိုင်ငံက Marilyn Baptiste၊ ဟေတီနိုင်ငံက Jean Wiener၊ ကင်ညာနိုင်ငံက Phyllis Omido၊ စကော့တလန်နိုင်ငံက Howard Wood နဲ့ ဟွန်ဒူရပ်စ်နိုင်ငံက Berta Caceres တို့ဖြစ်ပါတယ်။ ဒီ Goldman သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆုကို မြန်မာနိုင်ငံက ကရင်တိုင်းရင်းသား သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေး လှုပ်ရှားသူက Ka Hsaw Wa လည်း ၁၉၉၉ ခုနှစ်က လက်ခံ ရရှိခဲ့ဖူးပါတယ်။

XS
SM
MD
LG