သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝဏ္ဏမောင်လွင် တရုတ်ခရီးစဉ် မြန်မာတည်ငြိမ်ရေး ဆွေးနွေးဖွယ်ရှိ 


Wunna Maung Lwin
Wunna Maung Lwin

[[Zawgyi/Unicode]]

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ဖိတ်ကြားချက်အရ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်နိုင်ငံမှာ ရောက်နေပါတယ်။ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနဲ့ နယ်စပ်ကုန်သွယ်စီးပွါးရေးကိစ္စရပ်တွေ တရုတ်အစိုးရနဲ့ ဆွေးနွေးဖြစ်ကြမယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်အစိုးရရဲ့ ရပ်တန့်နေတဲ့ စီးပွါးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးသွားမယ်လို့ယူဆကြောင်း တရုတ် မြန်မာ နယ်စပ်အရေး လေ့လာသူတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ဖိတ်ကြားချက်အရ ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို ဒီနေ့သွားရောက်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ အနေနဲ့ တရုတ်အစိုးရနဲ့ နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်စီးပွါးရေးကိစ္စရပ်တွေ ဆွေးနွေးဖြစ်ကြမယ်လို့ မျှော်လင့်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံပေါ့နော်။ ကုန်သွယ်ရေးမှာဆိုလည်း မြန်မာနိုင်ငံနဲ့တရုတ်ရဲ့နယ်စပ်ကုန်သွယ်မှုက အမြင့်မားဆုံးအခြေအနေဖြစ်တယ်။ ပမာဏအကြီးမားဆုံးဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဆီမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လုံခြုံရေးတွေနဲ့ပက်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေတာကြောင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေနဲ့ အလေးပေးဆောင်ရွက်နေတဲ့ဖြစ်စဉ်ရှိခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းလုပ်ေဆောင်နိုင် ဖို့ မျှော်လင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“တရုတ်နဲ့ မြန်မာနဲ့ကြားထဲမှာက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အဓိကပူးပေါင်းပြီး ဆောင်ရွက် လျက်ရှိတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံအပေါ်မှာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတခုအဖြစ် မြင်လိုတွေ့လိုတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ကူညီတာလည်း ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာလို့ ရှိရင် အထူးကိုယ်စားလှယ်တယောက် ခန့်ထားပြီး ဆောင်ရွက်နေတာရှိတယ်။ ဆက်လက်ပြီးလည်း ကျနော်တို့ တည်ငြိမ်အေးချမ်းမှုရှိစေရေး အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက သီးခြားစီ ဖိတ်ကြားထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ နေရာအနှံ့တိုက်ပွဲတွေဖြစ်နေချိန် ဒေသတွင်း တည်ငြိမ်၊ လုံခြုံရေးအတွက်လို့ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ် ဆွေးနွေးနေတာဖြစ်ပါတယ်။

တရုတ် မြန်မာ နယ်စပ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း မြန်မာပြည်တွင်း တည်ငြိမ်ရေးအတွက် တရုတ်က အဖြေရှာဖို့ ကြိုးစားပုံရတယ်လို့ ခုလိုပြောပါတယ်။

“ကျမသိတာတော့ ဗမာပြည်မှာလည်း အဓိကကတော့ တော်တော်မတည်မငြိမ်ဖြစ်နေတယ်။ နိုင်ငံရေးအရ တစုံတရာ တည်ငြိမ်အောင် တချို့ဆွေးနွေးတာတွေရှိမယ်။ ဗမာပြည်က တော်တော်အခြေအနေဆိုးနေတာကို သူတို့လည်း သိနေသားပဲ။ အဲဒါ သွားပြီးတော့များ ခေါ်ယူဆွေးနွေးမလားမသိဘူး။ အာဆီယံက သွားတာလည်း သိပ်ပြီးအဆင်မပြေဘူးလေ။ အဲဒါကြောင့်မို့ သူတို့က ဗမာပြည်မှာ ငြိမ်းချမ်းရေးအတွက်ကလည်း တစုံတရာတည်ငြိမ်ဖို့၊ အေးဆေးဖို့ဆိုပြီးတော့ အဲဒီဟာတွေသာ ဝိုင်းပြီးတော့ ပြောဖို့ဆိုဖို့နဲ့တူပါတယ်။ အဲဒီဥစ္စာတွေပါမယ်ထင်တယ်။”

ခုလို တည်ငြိမ် လုံခြုံရေးကိစ္စတွေအပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ အရေးကြီးတဲ့စီမံကိန်းတွေ လုပ်ဆောင်ဖို့ အစိုးရနဲ့သဘောတူထားတဲ့လုပ်ငန်းတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း နယ်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား စစ်ရေး ပဋိပက္ခဖြစ်နေတာနဲ့ ဒေသတွင်းမတည်ငြိမ်တာကြောင့် နယ်စပ်ကုန်သွယ်ရေးအပါအဝင် စီမံကိန်းလုပ်ငန်း တွေမှာ ခက်ခဲနေပါတယ်။ တရုတ်အစိုးရအနေနဲ့ ရပ်တန့်နေတဲ့ စီးပွါးရေး ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ မြန်မာစစ်ကောင်စီနဲ့ဆွေးနွေးသွားမယ်လို့ယူဆကြောင်း ဒေါက်တာလှကျော်ဇော က သုံးသပ်ပါတယ်။

“ဘယ်နိုင်ငံမဆို သူ့နိုင်ငံအကျိုးစီးပွါးအတွက် လုပ်မှာပဲလေ။ ဗမာပြည်မှာ အခု ရင်းနှီးမြှုပ်နှံမှု အများဆုံးက လောလောဆယ်တော့ တရုတ်ပဲ ဖြစ်တယ်ပေါ့နော်။ ဒါတွေ တရုတ်ရဲ့အစိုးရိမ်ဆုံးက ပိုးလမ်းမ အောင်မြင်ရေးကလည်း တော်တော်အရေးကြီးတော့ ဗမာပြည်က သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုက အကုန်လုံးရပ်ဆိုင်းထားသလိုဖြစ်နေတယ်လေ။ အဲဒါတွေကြောင့်လည်း လည်ပတ်ဖို့အတွက်ဟာ မြန်မာပြည်တည်ငြိမ်မှဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ မြန်မာပြည်ရဲ့ နိုင်ငံရေးအရ တစုံတရာတည်ငြိမ်လာအောင် နိုင်ငံရေးအရ အဖြေရှာ သံနည်းတမန်နည်းတွေ လှုပ်ရှားမှုဖြစ်လာတာ ပြန်ကြိုးစားလာတာလည်း ဖြစ်တယ်။”

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် အခြေခံအဆောက်အအုံစီမံကိန်း ဒေါ်လာဘီလီယံနဲ့ချီ ရှိနေပြီး အဲဒီစီမံကိန်းတွေ ဘေးရန်ကင်းကင်း အကောင်အထည်ဖော်နိုင်ဖို့ တရုတ်အစိုးရက လိုလားနေပါတယ်။

၂၀၂၀ ပြည့်နှစ်က တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြန်မာနိုင်ငံ စီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်၊ နောက်ပြီး ရှမ်းနဲ့ကချင်ပြည်နယ်မှာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွေအပါဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် CMEC စီမံကိန်းတွေကို အရှိန် မြှင့်ဖို့ တရုတ်အစိုးရနဲ့ NLD အစိုးရတို့ကြား သဘောတူခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီစီမံကိန်းတွေအားလုံး ရပ်တံ့နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]














=============

XS
SM
MD
LG