သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂသူပုန်နှိမ်နင်းတဲ့ အောင်မြင်မှုသတင်း အိန္ဒိယအပေါ် သံသယဝင်


မြန်မာနယ်စပ် ဖြတ်ကျော်ပြီး နာဂသူပုန်တွေကို အိန္ဒိယစစ်တပ်က တိုက်ခိုက်ခဲ့ရာမှာ သေဆုံး၊ ဒဏ်ရာရမှုတွေ ကြီးမားခဲ့တယ်လို့ ကြေညာခဲ့အပြီး ရက်ပေါင်းအတော်အကြာမှာပဲ အခုလို နာဂသူပုန်တွေကို အပူတပြင်း ပစ်မှတ်ထား တိုက်ခိုက်မှုမှာ အမှန်တကယ် သေဆုံးမှုတွေ မရှိခဲ့ဘူးလို့ အိန္ဒိယ ထောက်လှမ်းရေး အရာရှိတဦးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Shaikh Azizur Rahman နယူးဒေလီမြို့ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အနောက်မြောက်ဒေသ မဏိပူရပြည်နယ် အတွင်းမှာရှိတဲ့ အိန္ဒိယ တပ်ဖွဲ့ဝင်တွေကို NSCN လို့ခေါ်တဲ့ နာဂဆိုရှယ်လစ်ကောင်စီရဲ့ Khaplang အဖွဲ့ဝင်တွေက ဇွန်လ ၄ ရက်နေ့မှာ ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံထဲအထိ လိုက်လံတိုက်ခိုက်တာမှာ NSCN အဖွဲ့ဝင်တွေကို သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိကြောင်း မကြာသေးခင်က ကြားဖြတ် ဖမ်းယူရရှိခဲ့တဲ့ သတင်းတွေနဲ့ အိန္ဒိယ ထောက်လှမ်းရေးတွေကို မေးမြန်းထားချက်တွေအရ သိရှိရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ NSCN အဖွဲ့ဝင် သောင်းကျန်းသူတွေ ထိခိုက် ပျက်ဆီးအောင် သူတို့အနေနဲ့ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘူးဆိုတာ အခုတော့ သိသာလာပြီလို့ ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

မဏိပူရပြည်နယ်အတွင်း ကင်းလှည့်နေတဲ့ အိန္ဒိယစစ်တပ် ယာဉ်တန်းကို စနိုက်ပါ - လက်ဖြောင့်တပ်သားတွေ အပါအဝင် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ နာဂသူပုန်အဖွဲ့ဝင် ၃၀ လောက်က ဇွန်လ ၄ ရက်နေ့မှာ ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယတပ်သား အနည်းဆုံး ၂၀ လောက် သေဆုံးခဲ့ရတာပါ။ အဲဒီ တိုက်ခိုက်မှုဟာ နှစ်ပေါင်း ၃၀ လောက်အတွင်း အိန္ဒိစစ်တပ်အတွက် တိုက်ပွဲတခုအတွင်းမှာ အထိအနာဆုံး တိုက်ခိုက်ခံရမှု ဖြစ်တယ်လို့လည်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီး ၅ ရက်အကြာမှာတော့ အိန္ဒိယ အထူးတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံဘက်အခြမ်းက စစ်ကိုင်းတိုင်း ဒေသကြီးထဲ ဝင်ရောက်ပြီး အဲဒီ သူပုန်အဖွဲ့ကို လိုက်လံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ စစ်ဆင်ရေးအတွင်း နာဂသူပုန်အဖွဲ့ သိသိသာသာ အထိနာအောင် သူတို့အနေနဲ့ ပြုလုပ်နိုင်ခဲ့ကြောင်း အိန္ဒိယ စစ်တပ် ပြောခွင့်ရက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

သူတို့အနေနဲ့ သူပုန်စခန်း ၂ ခုကို တွေ့ရှိခဲ့ပြီး အဲဒီ စခန်း ၂ ခုစလုံးကိုလဲ အမြစ်ပြတ် ရှင်းလင်း ပစ်နိုင်ခဲ့တယ်လို့ အရင်က ဗိုလ်မှူးကြီးဟောင်းလည်းဖြစ်၊ ပြန်ကြားရေးနဲ့ အသံလွှင့် ထုတ်ပြန်ရေးဆိုင်ရာ အငယ်တန်း ဝန်ကြီးလည်းဖြစ်တဲ့ Rajyavardhan Singh Rathore က ပြောခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း အသေအပျောက် ဘယ်နှစ်ယောက်ရှိတယ်လို့ အိန္ဒိစစ်တပ်ဘက်က ထုတ်ဖော် ပြောဆိုခြင်း မရှိပေမဲ့လည်း သေဆုံးသူ အရေအတွက်ဟာ ၁၈ ယောက်နဲ့ ၃၈ ယောက်အကြားမှာ ရှိတယ်လို့ အမည်မဖော်လိုတဲ့ သူတွေကို ကိုးကားပြီး အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။ ဒါပေမဲ့ အိန္ဒိယစစ်တပ်ဘက်က စစ်ဆင်ရေး ပြုလုပ်ပြီး ပြီးချင်းမှာပဲ သူတို့အဖွဲ့ဝင်တွေရော၊ သူတို့ရဲ့ မဟာမိတ်တွေထဲကပါ တယောက်မှ သေဆုံးခြင်း မရှိဘူးလို့ NSCN – Khaplang အဖွဲ့က ပြောပါတယ်။

အိန္ဒိယနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Debabrata Roy Laifungbam နဲ့ အိန္ဒိယ ကြက်ခြေနီ အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဲဒီ သူပုန်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တာမှာ လူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရိပ်လက္ခဏာ မတွေ့ရဘူးလို့ သူက ပြောပါတယ်။
“သတင်းတွေမှာ ဖော်ပြနေကြသလို ထိခိုက်သေဆုံးမှု မရှိဘူးလို့ သူတို့က ပြောပါတယ်။ အဲဒီလို ဆိုးဆိုးရွားရွားကြီး မဖြစ်ဘူးလို့ သူတို့က ပြောပါတယ်။ တကယ်တော့ သူပုန်အဖွဲ့ဝင် ဘယ်နှစ်ယောက် သေဆုံးသွားတယ် ဆိုတာကို ကျနော်တို့က သိချင်တာပါ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ကြားခဲ့ရတာက - အဲဒီမှာ လူတွေ သေကြတယ်၊ အဲဒီနားမှာပဲ မြေမြုပ်ပစ်လိုက်တယ်၊ ဒဏ်ရာရတဲ့ သူတွေကို တခြားနေရာကို ခေါ်သွားတယ် အစရှိသဖြင့် အစိုးရ အာဏာပိုင်တွေဘက်က အမျိုးမျိုး ပြောခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့က အချက်အလက်တွေ မှန်-မမှန်ဆိုတာကို သိချင်တာပါ။ နောက်တော့တခါ - အဲဒီ တိုက်ပွဲမဖြစ်ဘူး၊ စစ်ဆင်ရေးလဲ မလုပ်ခဲ့ပါဘူးဆိုပြီး ပြောကြပြန်ပါတယ်။ ပြောင်လိမ်နေကြပါတယ်။”

စစ်ဆင်ရေးဟာ အိန္ဒိယအစိုးရက ပြောဆိုနေတာတွေနဲ့ လုံး၀ ကွာခြားနေတာကို တွေ့ရတယ်လို့ နယူးဒေလီမြို့အခြေစိုက် ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့က အမှူဆောင်ညွန်ကြားရေးမှူး Ajai Sahni က ပြောပါတယ်။
“စစ်ရှိန်မြင့်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်တာကတော့ ဖြစ်နိုင်ချေ အများဆုံးပါ၊ ဒါပေမဲ့ အဲဒါဟာ စစ်ရေးအရ တိကျ သေချာမှုရှိလို့၊ မလွဲမရှောင်သာလို့ လုပ်တာမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့် လုပ်သလဲဆိုတော့ လက်တွေ့မကျတဲ့ အချိန်အတိုင်းအတာ အတွင်းမှာ လုပ်ဆောင်ဖို့အတွက် နိုင်ငံရေးအရ ဖိအားပေးခံရတဲ့အတွက် ဖြစ်ပါတယ်။ ခိုင်လုံမှုမရှိတဲ့ ထောက်လှမ်းရေး သတင်းတွေအပေါ် အခြေခံပြီး နီးစပ်ရာ လွယ်ကူတဲ့ ပစ်မှတ်ကို တိုက်ခိုက်လိုက်တာမျိုး ဖြစ်ပါတယ်။”

စစ်ဆင်ရေးအတွင်း သူပုန်အဖွဲ့ဝင်တွေ တယောက်မှ သေဆုံးခဲ့ခြင်း မရှိပေမဲ့ ဒီစစ်ဆင်ရေးက သူတို့ကို ပြင်းထန်တဲ့ သတိပေးချက် ပေးလိုက်တာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ Meghalaya ပြည်နယ်၊ Shillong မြို့အခြေစိုက် North Eastern Hill တက္ကသိုလ်က မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Prasenjit Biswas က ပြောပါတယ်။
“ဇွန်လ ၉ ရက်နေ့ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဟာ အိန္ဒိယနိုင်ငံထဲက မဏိပူရနဲ့ နာဂပြည်နယ်တွေထဲမှာ ရှိနေတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေကို လာတိုက်ခိုက်နေကြတဲ့ ပျောက်ကြားသူပုန်တွေကို ပြင်းထန်တဲ့ သတိပေးမှု လုပ်တယ်ပဲ ဆိုဦးတော့ ဒါဟာ တိတ်တိတ်ပုန်း လုပ်ရမယ့် စစ်ဆင်ရေး ဖြစ်ပါတယ်။ ဒီလိုစစ်ဆင်ရေးတွေ မြန်မာနိုင်ငံဘက်မှာ လုပ်ခဲ့တယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်စေသလားဆိုတဲ့ မေးခွန်းမေးစရာ ရှိလာပါတယ်။။ ဒါကြောင့် မဏိပူရပြည်နယ် အတွင်းက Chandel နဲ့ Ukhrul ဒေသအတွင်း အိန္ဒိစစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံဘက်ခြမ်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ထောက်လှမ်းရေးသတင်း ရယူမှုတွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်စေပါတယ်။”

အိန္ဒိယဘက်က မြန်မာနိုင်ငံအတွင်းမှာ စစ်ဆင်ရေးလုပ်ခဲ့ခြင်း မရှိကြောင်း အဆင့်မြင့် မြန်မာအရာရှိက ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရ အနေနဲ့ အိမ်နီးချင်းနိုင်ငံ ထိခိုက်နစ်နာစေမယ့် လုပ်ရပ်တွေ သူတို့မြေပေါ်မှာ အလုပ်ခံမှာ မဟုတ်ဘူးလို့ အဲဒီအရာရှိက ပြောတယ်လို့ ဆိုပါတယ်။

အိန္ဒိယဘက်က စစ်ဆင်ရေး ပြုလုပ်ပြီးတဲ့နောက် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Ajit Doval ဟာ မြန်မာနိုင်ငံကိုသွားဖို့ ရက်ပိုင်းအတွင်းမှာ စီစဉ်ခဲ့ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဇွန်လ ၁၇ ရက်နေ့က တွေ့ဆုံခဲ့သလို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အခု ဇူလိုင်လဆန်းမှာ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားကြောင်း အိန္ဒိယနိုင်ငံက သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG