သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက် ထွက်ပြေးလာသူ ၃၀၀၀ ခန့်ရှိ


မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးလာသူတချို့ (ဧပြီ ၂၀၊ ၂၀၂၄)
မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးလာသူတချို့ (ဧပြီ ၂၀၊ ၂၀၂၄)

ထိုင်း - မြန်မာနယ်စပ်က မြဝတီမြို့မှာ မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ မြဝတီမြို့ကနေ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ထွက်ပြေးခိုလှုံလာတဲ့သူ ၃ ထောင်လောက် ရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ခိုလှုံလာတဲ့သူ ၃ ထောင်လောက်ရှိပြီး၊ အဲဒီလူတွေကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ ထားထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဒီနေ့ ပြောလိုက်ပါတယ်။

မနေ့ စနေနေ့က ထိုင်း-မြန်မာနယ်စပ် ဖြတ်ကူးတဲ့ အမှတ် ၂ ချစ်ကြည်ရေး တံတားအောက်မှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး၊ မြန်မာဘက်က ပစ်လိုက်တဲ့ကျည်ဆံ မဲဆောက်မြို့က အိမ်တအိမ်ကို ထိမှန်ခဲ့တာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံကို သတိပေးထားတယ်လို့ သူကပြောပါတယ်။

မဲဆောက်မြို့ကို ထွက်ပြေးခိုလှုံလာတဲ့သူတွေထဲမှာ ၄၀% လောက်က အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး အတော်များများကတော့ အပူဒဏ်ကြောင့် ပင်ပမ်းနွမ်းနယ်နေကြတယ်လို့ ပြောပါတယ်။ မနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူလည်း ဒါဇင်နဲ့ချီ ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် ယာယီခိုလှုံရေးစခန်း ၆ ခု ကို လုံခြုံရေးတာဝန်ရှိသူတွေက မဲဆောက်မြို့မှာ လုပ်ထားပြီး၊ ကျန်းမာရေးတာဝန်ရှိသူတွေက ဆေးဝါးကုသပေးနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြဝတီမြို့မှာ ဒဏ်ရာရတဲ့သူတွေကိုလည်း မဲဆောက် ဆေးရုံကို ပို့ပြီး ကုသပေးနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

Forum

XS
SM
MD
LG