သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို မြန်မာနဲ့တရုတ် ပူးပေါင်းဖမ်းဆီး


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ရွှေဆင်ဟိုတယ်ကို Google မြေပုံမှ မြင်တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ရွှေဆင်ဟိုတယ်ကို Google မြေပုံမှ မြင်တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားလုပ်ငန်းပေါင်း ၆၀ နီးပါးကို စစ်ကောင်စီတပ်နဲ့ တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သုံးရက်ကြာ ဖမ်းဆီးခဲ့တာမှာ လူပေါင်း ၃၀၀ နီးပါးဖမ်းဆီးမိထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဖမ်းဆီးခံရသူ အများစုဟာ တရုတ်လူမျိုးတွေဖြစ်ပြီး တချို့ကို မြန်မာဘက်မှာ လက်တလော ထိန်းသိမ်းထားကြောင်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

မူဆယ်မြို့က ရွှေဆင်ဟိုတယ်အပါအဝင် ကျားဖြန့်နဲ့ ကာစီနိုလောင်းကစားရုံတွေရှိနေတဲ့ နေရာပေါင်း ၆၀နီးပါးကို တရုတ်အစိုးရ ရဲတပ်ဖွဲ့က မတ်လ ၂၆ရက်က စတင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပ်မ (၉၉)လက်အောက် စစ်ကောင်စီတပ်တွေက ဝန်းရံပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လဝက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့မတ်လ ၂၉ရက်မှာ တရုတ်နိုင်ငံသား ၃၀၀ နီးပါးကို ဖမ်းဆီးထားပြီး ခေါင်းဆောင် ဆယ်ယောက်ကတော့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ကို ထွက်ပြေးစဉ်မှာ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ သူကပြောပါတယ်။

"သူတို့က မူဆယ်မှာ ကျားဖြန့်သူဌေးပေါ့ဗျာ၊ ဗမာပြည်ကတရုတ်နဲ့ တရုတ်ပြည်က တရုတ်ပေါ့၊ အဲဒါ အဓိကတော့ ဆယ်ဦးပေါ့။ အဲဒါကတော့ တရုတ်က ဖမ်းသွားပြီ ဟိုဘက်ကမ်း (ရွှေလီ) မှာ။ အခုဟာက သူတို့တာဝန်ခံတို့ ကျားဖြန့်ရုံက ဆက်စပ်တဲ့လူတွေပေါ့ဗျာ၊ ဖမ်းထားတာတော့ ၂၈၀ လောက်ရှိတယ်။ ယူနန်ရဲက လာဖမ်းတာမဟုတ်ဘူး၊ ပေကျင်းက လာဖမ်းတာ။ ဒီဘက် (မြန်မာဘက်ကို) လာဖမ်းတာလည်း ပေကျင်းရဲတွေပါတယ်။ တရုတ်လည်းပါတယ်၊ ဗမာလည်းပါတာပေါ့ဗျာ၊ ဗမာပြည်အနှံ့ကလူတွေပေါ့။ ကိုင်းဖျား ကိုင်းနားပေါ့ဗျာ အလုပ်သမားတွေပေါ့။"

မူဆယ်က ကျားဖြန့် နဲ့ ကာစီနို လောင်းကစားရုံတွေကို ရှင်းလင်းဖို့အတွက် တရုတ်ဘက်က အချိန်ယူခဲ့တယ်လို့ တချို့ကပြောပါတယ်။ အဓိကတော့ WeChat ကရတဲ့ အချက်အလက်တွေကို အခြေခံပြီး ဖမ်းဆီးခဲ့တာလို့လည်း သူက ပြောပါတယ်။

" တရုတ်က ကျနော်တို့ဒီဘက်လိုမဟုတ်ဘူး။ ဒေတာအကုန်၊ အချက်အလက်အကုန်နဲ့ ကျနော်တို့လို Viber တို့ အွန်လိုင်းမီဒီယာတွေ သုံးတယ်ဆိုပေမဲ့ သူတို့က အဓိက WeChat ပဲဗျ။ တရုတ်နိုင်ငံရဲ့အသက်က WeChat ပဲ။ WeChat မှာကျနော်တို့ ဘာတင်တင် သူတို့ဆီမှာ အကုန်ပေါ်တယ်လေ။ သူတို့လိုချင်တာက အဓိက သူဌေးတွေလိုချင်တာပေါ့ဗျာ၊ ခေါင်းဆောင်တွေ။ နာမည်တွေတော့ အတိအကျ ထွက်မလာသေးဘူး။"

တရုတ်နိုင်ငံ၊ ရွှေလီထဲကို ရှောင်တိမ်းရင်း ဖမ်းဆီးခံခဲ့ရတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့အတူ စစ်ကောင်စီဘက်က အရာရှိတချို့လည်း ပါနေတယ်လို့ တချို့ကပြောပါတယ်။

မူဆယ်မြို့က လောင်းကစားရုံတွေ၊ ကျားဖြန့်တွေဟာ တပ်မ (၉၉) လက်အောက်ခံတပ်တွေ အပါအဝင် စစ်ထောက်လှမ်းရေးတွေ၊ ရဲတပ်ဖွဲ့တွေကို လာဘ်ငွေပေးပြီး လုပ်ကိုင်နေကြကြောင်း တချို့ကပြောပါတယ်။ ဒါတွေကို အသေးစိတ်မေးမြန်းဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဦးခွန်သိန်းမောင်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG