သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကြောင့် ပြည်တွင်းစိုးရိမ်မှုတိုး


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် ဒီနှစ်ထဲမှာ လောက်ကိုင် တိုက်ပွဲတွေကြောင့် ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားလိုက်တဲ့ အတွက် ပြည်တွင်းမှာ တစ်ကျော့ပြန် စစ်အုပ်ချုပ်ရေး အခြေအနေတွေ ပြန်လာနိုင်မလား ဆိုပြီး မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းအတွင်း သုံးသပ်မှု အချို့ရှိနေ ပါတယ်။ ဒေသဆိုင်ရာ အခြေအနေ တည်ငြိမ်မှ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပခါနီး တည်ငြိမ်မှုတွေ မရှိရင် ရွေးကောက်ပွဲတွေ ရွေ့ဆိုင်းနိုင်ခြေရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦး ကလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

လောက်ကိုင် တိုက်ပွဲတွေ ကြောင့် ကိုးကန့်ဒေသမှာ အရေးပေါ် အခြေအနေကြေညာ တာတွေ၊ ဒေသတွင်း တည်ငြိမ်ဖို့ စစ်အုပ်ချုပ်ရေး ကြေညာ တာတွေ ရှိလာတဲ့ အတွက် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတွေမှာ စိုးရိမ်စရာရှိလာနိုင် မလားဆိုပြီး ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းကြား စိုးရိမ်ပူပန်နေကြတာပါ။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာလေလေ၊ တိုင်းပြည် အတွင်း ဖြစ်နေတဲ့ ပြသနာတွေ ရှုတ်ထွေးလေလေ ဖြစ်လာတာဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပိုပြီး ကြီးမားလာနိုင်တဲ့ သဘောတွေ ဖြစ်နိုင်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူမှု အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုမြအေး ကပြောပါတယ်။

" အဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲ နီးလာလေလေ၊ ပြဿနာတွေ ရှုပ်ထွေးလာလေလေ၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် တပ်ရဲ့ အခန်းကဏ္ဍ ကြီးမားလာလေလေဆိုတဲ့ ပုံစံမျိုးတော့ မရောက်စေချင်ဘူးလေ။ မရောက်စေချင်ဘူးလားလို့ မရောက်စေချင်လို့ အခြေအနေအကုန်လုံးကို ပြန်ကြည့်လိုက်မယ်ဆိုရင် အခြေအနေအကုန်လုံးက တာဆူနေတာကတော့ ကျနော့်ရဲ့ နိုင်ငံရေးအမြင် ကျနော့်အကဲဖြတ်အရကတော့ အဲ့ဒီ့အပိုင်းကိုပဲ တာဆူနေတဲ့သဘောမျိုးလေး သွားတွေ့တယ်။ ဒါသည် ဖန်တီးယူလို့ပဲဖြစ်ဖြစ်၊ သူ့ဘာသာပဲ ဖြစ်လာတာပဲဖြစ်ဖြစ် အဲ့ဒီ့လို အခြေအနေမျိုးတွေ သွားတွေ့နေတာပေါ့နော်။ ဒါကိုတော့ နိုင်ငံရေးအသိရှိရှိနဲ့ အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းကြဖို့ လိုမယ်လို့ ထင်တာပဲ။"

ကိုမြအေးလိုပဲ ၂၀၁၅ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် မကျင်းပနိုင်မှာ ကို စိုးရိမ်သူ နောက်တဦးကတော့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေပါ။

" ၂၀၁၅ကို ဖြတ်သန်းဖို့အတွက် ဒီဟာတွေဟာ ကောင်းကောင်းမွန်မွန် မဖြတ်သန်းချင်ဘူးလား။ အဲ့ မဖြတ်သန်းနိုင်အောင်ပဲ လုံးပမ်းနေတာလား။ အခြေခံဥပဒေ မပြင်ပေးလို့ရှိရင် ၂၀၁၅ကို ဖြတ်သန်းလို့မရအောင်ပဲ လုပ်မှာလား ဆိုတဲ့ လမ်းပေါ် ဒါတွေကိုပဲ အသက်သွင်းဖို့ ကြိုးစားနေတာလားဆိုတာ ကျနော်တို့ သေသေချာချာ ဂဂဏဏ မပြောနိုင်ဘူး။ စဉ်းစားကြည့်ရင်တော့ အဲ့လိုတွေ့နေရတယ်ပေါ့ဗျာ။ အစအနတွေ ပြလာတာ တွေ့ရတာပေါ့။ "

ဦးခင်မောင်ဆွေ ပြောသွားတာပါ။

လက်ရှိ အခြေအနေမှာ ဖြစ်နေတဲ့ ကိုးကန့် ဒေသတွင်း က တိုက်ပွဲတွေ ဟာ ပြည်ထောင်စု အစိုးရ အတွက် နိုင်ငံရေး ပြသနာတစ်ခု အနေနဲ့ အစရှာသလို ဖြစ်နေတယ်လို့ သုံးသပ်သူကတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဖိုးသံချောင်း က ပြောပါတယ်။

"ဒီကိုးကန့်ကိစ္စပေါ်လာတဲ့အခါကျတော့ သူတို့က အဲ့တာကို အခွင့်ကောင်းယူပြီးတော့ နောက်ထပ် ပြဿနာတခု တိုင်းပြည်မှာ ဖော်လို့ရအောင်လို့ လုပ်လာတယ်လို့မြင်တယ်။ နောက်ထပ်ပြဿနာက ဘာလဲဆိုတော့ အဲ့တာက ပိုဆိုးတယ်။ အဲ့တာက ဘာလဲဆိုတော့ တရုတ်နဲ့ နိုင်ငံရေးပြဿနာဖြစ်အောင် အာရုံကို ပြည်ပအထိ ဆွဲထွက်သွားအောင် ဖန်တီးနေတယ်။ တကယ်တော့ တရုတ်က သူ့ဒေသမှာ သူ့နယ်စပ်မှာ စစ်မဖြစ်စေချင်ဘူး။ သူသိတယ် ဦးသိန်းစိန်အစိုးရက ဒီကိစ္စကို အသိဆုံးပဲ သူတို့မသိတာမဟုတ်ဘူး။ သိရက်သားနဲ့ သူတိ့ု တမင်ဖန်တီးနေတာ။ တရုတ်နဲ့သူတို့ အဆက်အစပ်က အများဆုံးပဲ။ သိရက်သားနဲ့ စနစ်တကျ ဖန်တီးနေတာဆိုရင် ကျနော်တို့တိုင်းပြည်အတွက် ကောင်းတဲ့ဟာမဟုတ်ဘူးလို့ပဲ ကျနော်မြင်တယ်ဗျ။"

တချိန်တည်းမှာပဲ ဒေသဆိုင်ရာ တွေမှာ တည်ငြိမ်မှု မရှိဘူးဆိုရင် ရွေးကောက်ပွဲတွေ ကျင်းပလို့မရပဲ ရွေ့ဆိုင်းရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင် တယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောပါတယ်။

" ဘယ်နေရာ ဘယ်နေရာဖြစ်ဖြစ် မဲဆွယ်စည်းရုံးရေးလုပ်တဲ့ပါတီတွေ အကုန်လုံး ကိုယ်စားလှယ်တွေ အကုန်လုံး Equal rights ရမယ့် အေးအေးချမ်းချမ်းနဲ့ စည်းရုံးဆင်းလို့ရမယ်။ ပါတီတိုင်းက အဲ့ဒီ့မှာ စည်းရုံးလို့ရမယ် မဲထည့်တဲ့ မဲဆန္ဒရှင်တွေကလည်း မဲထည့်တဲ့အခါကျရင် လွတ်လွတ်လပ်လပ်နဲ့ ဘယ်သူမှ ခြိမ်းခြောက်မခံရဘူး။ လွတ်လွတ်လပ်လပ်နဲ့ ထည့်လို့ရမယ် ဆိုလို့ရှိရင် ရွေးကောက်ပွဲ လုပ်လို့ရမယ်။ မဟုတ်ဘူးဆိုရင် ရွေးကောက်ပွဲ လုပ်လို့မရဘူး။"

တရုတ်-မြန်မာနယ်စပ်အနီး ကိုးကန့်ဒေသတဝိုက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်အစိုးရက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အခြေအနေတွေကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေပြီး တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေး လုံခြုံရေးနဲ့ တည်ငြိမ်ရေး ရှိဖို့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။

ကိုးကန့်ဒေသ ပဋိပက္ခ ပိုမိုဆိုးရွားလာတာကြောင့် ဖွဲ့စည်းပုံအရ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကြေညာခဲ့လို တချိန်တည်းမှာပဲ မြန်မာနယ်စပ်ဒေသ ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတွေ ပြင်းထန်လာတဲ့အပေါ် အထူးစိုးရိမ်နေကြောင်း ကုလသမဂ္ဂကလည်း အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုထားပါတယ်

XS
SM
MD
LG