သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ပုသိမ်ကြီးမြို့နယ်တွင်း နေအိမ်တချို့ ဖျက်သိမ်းဖို့ သတိပေးခံရ


Mandalay Patheingyi
Mandalay Patheingyi

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ အုပ်စုမှာရှိတဲ့ မဟာဓာတ်အားလိုင်းနဲ့ မလွတ်တဲ့အိမ်တွေကို သင်္ကြန်ပိတ်ရက်အပြီး ဖျက်သိမ်းပေးဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဖျက်သိမ်းပေးရမယ့် အိမ်ထောင်စုတွေကတော့ အခုလိုအချိန်မှာ နေထိုင်ဖို့နေရာ ခက်ခဲနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မသိင်္ဂီ ပြောပြမှာပါ။

ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ အုပ်စုက ကန်ကောက်၊ ကုန်းတန်းနဲ့ တဲကုန်းရွာမှာရှိတဲ့ တချို့အိမ်ခြေတွေဟာ ဆည်တော်ကြီး - အောင်ပင်လယ် မဟာဓာတ်အားလိုင်း ဧရိယာအတွင်းမှာရှိလို့ ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းပေးရမယ်လို့ နေပြည်တော် လျှပ်စစ်ဌာနက သတိပေးစာ ထုတ်ပြန်ထားပါတယ်။ ဖျက်သိမ်းရမယ့် အထဲမှာပါတဲ့ နေထိုင်သူတွေကို ဧပြီလ ၁ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဖျက်သိမ်းမယ့်အကြောင်းကို ထပ်ပြီးသတိပေးလာတယ်လို့ ကန်ကောက်ရွာသားတဦးက ပြောပါတယ်။

"၅ ရက်နေ့တော့ အဖျက်ပြရမယ်။ သင်္ကြန်ပြီးရင်တော့ လုံးဝအပြီးတိုင် ဖျက်ရမယ်။ သင်္ကြန်ပြီးလို့ ၂၁ ရက်နေ့မှာ မဖျက်လို့ရှိရင်တော့ သူတို့ကိုယ်တိုင် လာဖျက်မယ်လို့ ပြောတယ်ဗျ။ အစောပိုင်းတုန်းကတော့ ဒီနေ့ နေ့လည် ၁ နာရီ အစည်းအဝေးမှာ ကျနော်တို့ အိမ်ရှင်တွေဘက်ကတော့ မဖျက်ရအောင် ညှိနှိုင်းမလားဆိုပြီးတော့ သွားတက်ကြတာပေါ့ဗျာ။ ဒါပေမဲ့ သူတို့က စစ်သားတွေနဲ့ သေနတ်ကြီးတွေနဲ့ဆိုတော့ ဘယ်သူမှ မပြောရဲတာနဲ့ မပြောခဲ့ကြရဘူး။ တချို့အိမ်ရှင် အမျိုးသမီးတွေဆို ငိုယိုနေကြတာဗျာ။ သွားစရာလည်းမရှိ၊ အလုပ်အကိုင် အဆင်မပြေတဲ့ ဒီလိုအချိန်မှာ နေဖို့ထိုင်ဖို့ ရှာဖို့ဆိုတာ မလွယ်ဘူးလေ။ အဲတော့ဗျာ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ပြီဆိုပြီးတော့ တချို့ဆိုရင် ငိုယိုနေကြတာ။"

ဖျက်သိမ်းခံရမယ့် အိမ်တွေရဲ့ မီတာပုံးတွေကိုတော့ မတ်လ ၃၀ ရက်နေ့ကတည်းက လာဖြုတ်သွားပြီလို့ ပြောပါတယ်။ ဓာတ်အားလိုင်း ဧရိယာထဲ ကျရောက်နေတဲ့ အိမ်ခြေပေါင်းဟာ ၆၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ပြောပါတယ်။

"အိမ်တွေကိုပဲ ဖျက်ပေးရမယ်။ ဒီခြံကတော့ အထဲမှာတော့ လူနေလို့မရဘူး။ သစ်ပင်တွေ ဘာတွေတော့ စိုက်ချင်စိုက်လို့ ရတယ်လို့တော့ အဲလိုပုံစံမျိုးပဲ ပြောသွားတယ်။ ဒီ ကန်ကောက်ရွာမှာတင် အိမ်ခြေ ၂၀၀ ကျော်ရှိမယ်။ မီးကြိုးတလျှောက်လုံး ဆိုရင်တော့ အိမ်ခြေ ၆၀၀ နီးပါးလောက် ရှိတယ်လို့ ကျနော်တို့ သိရတယ်။"

မဟာဓာတ်အားလိုင်းနဲ့ အကွာအဝေး ၇၅ ပေအတွင်း မလွတ်တဲ့အိမ်ခြေတွေ ဖျက်သိမ်းပေးရမှာပါ။ အခုဖယ်ရှားရမယ့် အိမ်ခြေတွေက ကြိုးနဲ့မလွတ်တဲ့ အိမ်ခြေတွေဖြစ်ပြီး ကျေးရွာထဲမှာရှိတဲ့ အိမ်တိုင်းလိုလို ဖျက်သိမ်းပေးရမှာ မဟုတ်ဘူးလို့ နောက်ထပ် ရွာခံတဦးက ပြောပါတယ်။

"အန်တီတို့ သိတာကတော့ ဒီကြိုးအောက် မလွတ်တာကိုပဲ ဖယ်ရှားခိုင်းတာ။ တခြားဟာတွေက ကျူးကျော်မဟုတ်ဘူး။ သူ့ဟာနဲ့သူ ဝယ်ထားပြီး နေကြတာတွေလေ။ အခုက သူတို့ဖယ်ခိုင်းတာက ကြိုးအောက်မလွတ်တာပဲ ဖယ်ခိုင်းတာ။ ဒီဘက်ကျတော့ ကြိုးလည်းလွတ်တယ်၊ တာဝါတိုင်လည်း မရှိဘူးဆိုတော့ ဖယ်ရှားခိုင်းတာတွေ ဘာတွေမရှိဘူး။"

နေပြည်တော် လျှပ်စစ်ဌာနက ထုတ်ပြန်စာမှာတော့ အခု ဖယ်ရှားမယ့် နေအိမ်တွေဟာ ကျူးကျော်အဆောက်အဦတွေ ဖြစ်ပြီးတော့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ မဖျက်သိမ်းရင် သူတို့ကိုယ်တိုင် ဖယ်ရှားရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။

ဒါပေမဲ့ အဲဒီနေရာကို အကွက်ရိုက်ရောင်းချိန်မှာ တန်ရာတန်ကြေးပေး ဝယ်ထားရတာဖြစ်ပြီး အဲဒီကာလ အချိန်အခါတုန်းက တရားမဝင်ကြောင်း ဘယ်သူကမှ လာရောက်သတိပေးတာမျိုး မရှိခဲ့ဘူးလို့ နေထိုင်သူတွေက ပြောပါတယ်။ နေထိုင်စားသောက်ရေးနဲ့ ဘက်ပေါင်းစုံ ခက်ခဲနေချိန် အခုလို ဖျက်သိမ်းခိုင်းတာကြောင့် အိုးမဲ့အိမ်မဲ့ဘဝကို ရောက်ရမယ့်အဖြစ်မျိုး ကြုံတွေ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့လည်း နေထိုင်သူတွေက ညည်းတွား ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG