သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား တာဝါတိုင် ဝန်ဆောင်မှုကုမ္ပဏီ မြန်မာနိုင်ငံက ထွက်တော့မည်


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က Axiata ကုမ္ပဏီရုံးချုပ် (အောက်တိုဘာ ၁၊ ၂၀၁၉)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က Axiata ကုမ္ပဏီရုံးချုပ် (အောက်တိုဘာ ၁၊ ၂၀၁၉)

မလေးရှားနိုင်ငံက တယ်လီဆက်သွယ်ရေးနဲ့ တာဝါတိုင် ဝန်ဆောင်မှု ကုမ္ပဏီ Axiata Group က သူ ပေါင်းစပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအတွင်းက Edotco Myanmar Ltd အစုစပ်ပိုင်ဆိုင်မှု အားလုံးကို ဒေါ်လာ သန်း ၁၅၀ နဲ့ ရောင်းချတော့မယ့်အကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံအတွင်းက တာဝါတိုင် ဝန်ဆောင်မှု လုပ်ငန်းတွေကို ရုတ်သိမ်းတော့မယ်လို့ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။
မက်ခရို စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုနဲ့ လုပ်ငန်းလည်ပတ်ရတဲ့ ဝန်းကျင် အနေအထားတွေကြောင့် အခုလို မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်တာလို့ Axiata ကုမ္ပဏီက ပြောဆိုပါတယ်။ Axiata တာဝါတိုင် ဝန်ဆောင်မှု ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၂၂၁ သန်း ရင်းနှီးပြီး မြန်မာနိုင်ငံမှာ စတင် လုပ်ကိုင်ခဲ့ပါတယ်၊ အခု ကာလ တန်ဖိုး လုပ်ငန်းရင်းနှီးမှုရဲ့ ၃၀ ရာခိုင်နှုန်း အရှုံးခံ ရောင်းချတာဖြစ်တဲ့အကြောင်း Business Times သတင်းစာက ရေးပါတယ်။ မြန်မာပြည်တွင်း အဓိက စီးပွားရေးလုပ်ငန်းရှင်တွေ ပေါင်းစပ်ထားတဲ့ ရိုးမ အုပ်စုနဲ့ ဆက်စပ်နေတဲ့ Pun တာဝါ လုပ်ငန်း ရင်းနှီးမြုပ်နှံမှု Ltd က ဆက်ပြီး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဝယ်ယူမယ်လို့လည်း သတင်းစာမှာ ရေးပါတယ်။

စစ်ကောင်စီ အာဏာရယူပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပြည်တွင်း မငြိမ်မသက်မှုတွေကြား ပြည်ပက ရင်နှီးမြုပ်နှံတဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီး အခုနောက်ဆုံး မလေးရှား တာဝါတိုင် ဝန်ဆောင်မှု ကုမ္ပဏီလည်း ပါဝင်လာတာပါ။

၂၀၂၁ ခုနှစ်မှာ Telenor ကုမ္ပဏီ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရုတ်သိမ်းခဲ့သလို ၂၀၂၂ ခုနှစ်မှာ Ooredoo ကုမ္ပဏီက မြန်မာနိုင်ငံအတွင်းက ဆက်သွယ်ရေးလုပ်ငန်းတွေကို ရောင်းချသွားခဲ့ပါတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့တူးဖေါ်တဲ့ TotalEnergies နဲ့ Chevron တို့လည်း မြန်မာနိုင်ငံအတွင်းက ရင်းနှီးမြုပ်နှံမှုတွေကို ၂၀၂၂ ခုနှစ်မှာ ရုတ်သိမ်းခဲ့ပါတယ်။ ကမ္ဘာ​ကျော်ဖက်ရှင် အမှတ်တံဆိပ် Zara နဲ့ H&M တို့ လည်း ​မြန်မာနိုင်ငံက အထည် မှာယူတာတွေ လျော့ချသွားမယ့်အကြောင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကြေညာခဲ့ပါတယ်။

Forum

XS
SM
MD
LG