သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအိုရွှေတြိဂံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားအများအပြားဖမ်းဆီးခံရ


Lao China Golden Triangle Special Economic Zone
Lao China Golden Triangle Special Economic Zone

လာအိုနိုင်ငံ ရွှေတြိဂံစီးပွားရေးဇုန်က နေရာအများစုကို ရဲတပ်ဖွဲ့က သုံးရက်ဆက်တိုက် ဝင်ရောက် စစ်ဆေးတာမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီးရမိထားပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံသားက အများဆုံးဖြစ်တယ်လို့ လာအိုရောက် မြန်မာတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတာကို ကိုဇော်မိုးကျော်ပြောပြမှာပါ။

ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးရှိနိုင်တဲ့ နေရာအများစုကို လာအိုရဲတပ်ဖွဲ့က သုံးရက်တာ ဝင်ရောက်ဖမ်းဆီးနေတာမှာ တထောင်ကျော် ဖမ်းဆီးခံထားရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသားအရေအတွက်က အများဆုံးဖြစ်တယ်လို့ လာအိုရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ တချို့ကိုတော့ အလုပ်ရှင်သူဌေးရဲ့ အာမခံချက်နဲ့ တဖြည်းဖြည်း ပြန်ထုတ်ပေးနေကြောင်း လာအိုရောက် မြန်မာတွေကို ကူညီပေးနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" ဒီရွှေတြိဂံဒေသ အထူးစီးပွားရေးဇုံပေါ့ အဲဒီနေရာပဲ ကျန်တဲ့နေရာတော့ မဖမ်းသေးဘူးတဲ့၊ အခုက တရုတ်လုပ်ငန်းရှင်တွေပေါ့ သူတို့သတ်မှတ်ထားတဲ့ နေရာတွေ အဲဒါတွေပဲ ဝင်ဖမ်းတာ။ သူတို့က လာအိုနေထိုင်ခွင့် စာအုပ် အဲဒီအထောက်အထား မရှိတဲ့သူတွေ လိုက်ဖမ်းတာပေါ့။ ဒီဖမ်းတဲ့သူတွေကိုတော့ ဘာမှမလုပ်ဘူး သူဌေးအာမခံနဲ့ တယောက်ကို ယွမ်၅၀၀နဲ့ အာမခံနဲ့ ထုတ်လို့ရတယ်ပြောတယ်။ ထုတ်တဲ့သူလည်းထုတ်တယ်၊ ထွက်တဲ့သူလည်း ထွက်ကုန်ပြီလို့ကြားတယ်။ သူတို့ဖမ်းကတာ ဆောက်လုပ်ရေးဆိုက်တွေ၊ စားသောက်ဆိုင်တွေ၊ မြန်မာတွေနေတဲ့ ရပ်ကွက်ပေါ့ အဲဒီနေရာတွေ ဝင်ဖမ်းတာ။ စဖမ်းတာပဲ တထောင်ကျော်လို့ပြောတယ် နေ့တိုင်းတော့ ဖမ်းနေတာပဲ ဒီနေ့လည်း မနက်ခင်းပိုင်းထိ ဖမ်းနေတာ။"

လာအိုက လူမှုကွန်ရက်နဲ့ အင်တာနက် သတင်းတချို့မှာတော့ ရွှေတြိဂံဒေသက အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေကို လာအိုရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုဖမ်းဆီးရင်း အထောက်အထားမဲ့ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေတြိဂံ အုပ်ချုပ်ရေးဌာနဘက်က သတင်းထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။ အထောက်အထားမဲ့ နေထိုင်သူတွေကို ယာယီနေထိုင်ခွင့်တွေ လျှောက်ထားဖို့ပဲ အုပ်ချုပ်ရေးဌာနဘက်က အင်္ဂါနေ့မှာ ကြေညာထားတာပါ။

အလုပ်စာချုပ်နဲ့ သွားတဲ့သူတွေကတော့ ဒီလို ယာယီနေထိုင်ခွင့်တွေ လျှောက်ထားစရာ မလိုဘူးလို့ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းတခုက ဗွီအိုအေကို ပြောပါတယ်။

" ဒီကသွားရင် ဒီအလုပ်နဲ့ပဲခင်ဗျ ဒီအလုပ်မဟုတ်ဘဲ cancel လုပ်ရင် ကပ်ဖျက်လို့ overstay ဖြစ်သွားရင် ကျနော်တို့နဲ့မဆိုင်ဘူး၊ contract နဲ့ တခါတည်းသွားတာပါဗျ။ MoU နဲ့ စမတ်ကတ်နဲ့သွားတယ်ဆို တခါတည်း ဟိုက calling ချပေးရင် ဟိုရောက်ရင် work permit ကပ်လိုက်ရုံပဲ။ မိန်ကလေးကတော့ အထည်ချုပ်၊ စက်ချုပ်တွေ ရှိတယ်ဗျ၊ တခါတလေကြရင် ဦးထုပ်ချုပ်တဲ့စက်ရုံတို့ မွေ့ယာစက်ရုံတို့ ပရိဘောဂစက်ရုံတို့ အဲလိုမျိုးလာတာ ရှိပါတယ် ကျား၊ မ လေ ယောကျ်ားလေးတွေ အတွက်လေ။ ကားမောင်းဆိုရင်တော့ ဒေါ်လာ ၆၀၀ ရပါမယ်ဗျ။"

လာအိုသွားတဲ့ မြန်မာနိုင်ငံသား အရေအတွက်က တဖြည်းဖြည်း များလာပါတယ်။ တချို့က နယ်စပ်ကနေ တရားမဝင် ရောက်လာကြတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြား ရှင်းလင်းခံခဲ့ရပါတယ်။ ဒီလုပ်ငန်းတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကို ယာယီ ရွှေ့ပြောင်းခဲ့ပြီး အဲဒီနောက် လာအိုနိုင်ငံကို ကူးသွားကြတာပါ။ အဲဒီလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကတော့ မဲခေါင်မြစ်ကို ဖြတ်ကူးပြီး လာအိုနိုင်ငံထဲမှာ ဒီလုပ်ငန်းတွေကို ဆက်လုပ်နေကြတာ ဖြစ်ပါတယ်။ တရုတ်စကားတတ်တဲ့အပေါ် မူတည်ပြီး မြန်မာကျပ်ငွေ ၁၅သိန်းကနေ ၂၀ကြား လစာရရှိနေတယ်လို့လည်း လူငယ်တချို့က ပြောပြကြပါတယ်။

Forum

XS
SM
MD
LG