သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားလုပ်ငန်းခွင် ကျွမ်းကျင်လုပ်သား စာမေးပွဲ ဖြေဆိုသူ အရေအတွက်တိုး 


EPA စနစ်နဲ့ ကိုရီးယားထွက်ခွာကြသူများ (ဧပြီ ၃၀၊ ၂၀၂၄)
EPA စနစ်နဲ့ ကိုရီးယားထွက်ခွာကြသူများ (ဧပြီ ၃၀၊ ၂၀၂၄)

ကိုရီးယားအစိုးရက နှစ်တိုင်းခေါ်ယူနေတဲ့ အလုပ်သမားကျွမ်းကျင် အရည်အချင်းစစ် စာမေးပွဲကို ဒီနေ့ ဧပြီလ ၃၀ရက်မှာ စတင်ကျင်းပနေပြီး ဖြေဆိုဖို့ လျှောက်လွှာတင်ခဲ့တဲ့ မြန်မာနိုင်ငံသား အရေအတွက် အရင်ထက် သိသိသာသာ ပိုများလာပါတယ်။ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြား ပြည်ပမှာ အလုပ်အကိုင်အခွင့်အအလမ်းရဖို့ ကြိုးပမ်းသူတွေ ပိုများလာနေချိန်မှာ ကိုရီးယားမှာ အလုပ်လုပ်ခွင့်ရဖို့ ကြိုးပမ်းသူတွေလည်း များလာတာပါ။ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ဆက်ထားပါတယ်။

ကိုရီးယားနိုင်ငံရဲ့ လုပ်သားလိုအပ်ချက်၊ မြန်မာပြည်တွင်းက အလုပ်အကိုင် ရှားပါးလာမှု အခြေအနေတွေကြောင့် အခု(၁၆)ကြိမ်မြောက် ကျင်းပနေတဲ့ ကိုရီးယား လုပ်ငန်းခွင်ကျွမ်းကျင် စာမေးပွဲ Employment Permit System-EPS ဝင်ရောက်ဖြေဆိုတဲ့ မြန်မာနိုင်ငံသား တသိန်းလောက်ရှိပါတယ်။ ဒါက ပြီးခဲ့တဲ့အသုတ်တွေထက် စံချိန်တင် အများဆုံးဖြစ်ခဲ့တာပါ။

ကိုရီးယားအစိုးရက လုပ်သားခေါ်ယူနှုန်း များလာသလို ဒီနှစ်ထဲမှာ EPS စနစ်နဲ့ မြန်မာအမျိုးသမီးတွေကို စပြီးခေါ်ယူလာတဲ့အတွက် အရေအတွက် ပိုများလာကြောင်း EPS စာမေးပွဲ ဘာသာစကား မွမ်းမံသင်တန်းကျောင်းက ဦးမင်းမောင်က ဗွီအိုအေကို ပြောပါတယ်။

"အရင်အသုတ်တွေက ၃၇၀၀၀၊ ၃၉၀၀၀၊ အရင်အသုတ်တွေက ၄သောင်းတောင် မကျော်ခဲ့တာဗျ ဟိုတုန်းကနှစ်တွေက။ ပြောရရင်တော့ ဒီဘက်မှာ အလုပ်အကိုင် ရှားပါတာလည်းပါတယ်၊ ပြီးတော့ ကိုရီးယားက များများလည်းခေါ်ပေးတယ် မြန်မြန်လည်း ၂နှစ်အတွင်းမှာတော့ အများဆုံးခေါ်ပြီး သွားလည်းသွားရတာ များတာရယ် အဲဒီနှစ်ချက်ကြောင့်ပါ။ နောက်ပြီး အမျိုးသမီးတွေပါ စပြီးခေါ်လိုက်တဲ့အတွက် ဒီနှစ်မှာ အမျိုးသမီးတွေပါ ဝင်လျှောက်လိုက်လို့ လူဦးရေက များလာတာ။ သွားတဲ့စရိတ်ကလည်း သွားရခါနီးမှ ပေးရတာရယ် စရိတ်ကသက်သာတာရယ် ဆိုတော့ ဒါကြောင့်လည်း ကိုရီးယားကို စိတ်ဝင်စားမှု ပိုမြင့်တက်လာတာ။ အမျိုးသမီးတွေပါ လာမဲ့နှစ် ဆက်ခေါ်သွားမယ်ဆိုရင် ဖြေဆိုသူက နောက်နှစ်က ပိုများလာဦးမှာပါ။"

နိုင်ငံကူးလက်မှတ်ရှိထားပြီး တခြားနိုင်ငံထွက်ဖို့ စဉ်းစားထားတဲ့ အမျိုးသားတွေကလည်း ဒီစာမေးပွဲကို ဝင်ပြီးဖြေလာတဲ့အတွက် ပုံမှန်ထက် များလာတာလို့ တချို့က ပြောပါတယ်။ မြန်မာနိုင်ငံသားတွေက ကုန်ထုတ်လုပ်ငန်းမှာ နာမည်ကောင်းရတဲ့အတွက် ဒီလုပ်ငန်းခွင်တွေအတွက် နှစ်တိုင်းတိုးပြီး ခေါ်ယူဖို့ ရှိတယ်လို့ ပြောပါတယ်။ အခုနှစ်အတွက် အလုပ်နေရာပေါင်း ၁သောင်းကျော် ကမ်းလှမ်းထားတယ်လို့ မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ကိုရီးယားကို ကိုတာ(ခွဲတမ်း) တသောင်းကျော်ရထားတယ်၊ ရထားတယ်ဆိုတာက အခု လျှောက်လွှာခေါ်ယူထားတဲ့ တသိန်းကျော်ကနေပြီးတော့ ကိုရီးယား HR တွေကနေလာပြီးတော့ လိုအပ်တဲ့စစ်ဆေးမှုတွေကို ကိုရီးယားတွေကိုယ်တိုင်ပဲ လုပ်ပြီးတော့ သူတို့ အောင်စာရင်းထုတ်ပြန်မှာ ဖြစ်ပါတယ်ဗျ။"

ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး ဒီလုပ်ငန်းတွေအတွက် EPS ဖြေဆိုမဲ့သူတွေက ဒီနေ့ ဧပြီလ ၃၀ရက်ကနေ မေလကုန်အထိ တလလုံး အသုတ်လိုက်ခွဲပြီး ဖြေဆိုကြမှာပါ။ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်မဲ့သူတွေအတွက် စာမေးပွဲရက်ကိုတော့ မေလနောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ အခြေခံလစာ ကိုရီးယားဝမ်ငွေ သိန်း၂၀ ပေးမှာဖြစ်လို့ မြန်မာကျပ်ငွေနဲ့ဆိုရင် တလကို သိန်း ၅၀ ဝန်းကျင်ရကြမှာ ဖြစ်ပါတယ်။

ကိုရီးယားအစိုးရဟာ ပြည်ပအလုပ်သမားတွေကို တဖြည်းဖြည်း တိုးခေါ်လာနေပါတယ်။ အခု ၂၀၂၄ ထဲမှာ နိုင်ငံ၁၆ခုက အလုပ်သမား ၁၆၅,၀၀၀ကို ခေါ်ယူသွားမယ်လို့ ၂၀၂၃ နိုဝင်ဘာလ ၂၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ကုန်ထုတ်လုပ်ငန်းအတွက် မြန်မာနိုင်ငံသားတွေကို လျာထားတဲ့အရေအတွက်ထက် ပိုပြီး ခေါ်ယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG