သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ နောက်ဆုံး အခြေအနေ


MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့။ (မတ် ၁၀၊ ၂၀၁၅)
MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့။ (မတ် ၁၀၊ ၂၀၁၅)

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ ထဲမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်တို့ကြား တိုက်ပွဲတွေ ခေတ္တ ငြိမ်သက်သွားပေမဲ့လို့ မြန်မာတပ်ဘက်က စစ်တပ်အင်အားတွေ အလုံးအရင်း ထပ်မံ တိုးချဲ့ချထားလာတဲ့အတွက် စစ်ရေးကတော့ ဆက်ပြင်းထန်မယ့် အနေအထား လို့ ကိုးကန့်တပ်ဘက်ကပြောပါတယ်။ ကိုးကန့်ဒေသတွင်း စစ်မီးငြိမ်းနိုင်ရေး က ကိုးကန့်တပ်ဘက်က အလုံးစုံ လက်နက်ချမှာပဲ ဖြစ်နိုင်မယ်လို့ သမ္မတရုံးဘက်က တုန့်ပြန်ပါတယ်။ ကိုးကန့်ဒေသ စစ်ရေးအခြေအနေ အသေးစိတ် မဆုမွန်ကဆက်ပြောပြပေးပါမယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၉)ရက်နေ့က စတင်ခဲ့တဲ့ ၂လကျော်ကာလမှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေဟာ အတော်လေးကိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေ ဆဲ ကိုးကန့်ဒေသတွင်းက စစ်ရေးနောက်ဆုံးအခြေအနေကို ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

"ဒီနေ့ကတော့ ငြိမ်နေပါတယ်ခင်ဗျ။ ကြားတာကတော့ တမြို့လုံးမှာ စစ်သားတွေနဲ့ လုံခြုံရေးတွေ အားလုံး စောင့်ထားတယ်ပြောတာပဲ။ ပြောရမယ်ဆိုရင် လက်နက်ကြီးတွေလည်း တော်တော်သုံးလာတာများလာပါတယ်။ လူအင်အား၊ စစ်သားအင်အားလည်း ပိုပြီးတော့ တိုးလာတာတွေ့ရပါတယ်။

တော်တော်လေးလည်း ပြင်းထန်ပါတယ်ခင်ဗျ။ တုံချမ်းဒေသ၊ ခုတ်ထန် ပတ်ဝန်းကျင် တော်တော်လေး ပစ်ပါတယ်။ ကျနော်တို့က နန်ထင်မန်ရှမ်း လို့ခေါ်ပါတယ်။ ဒီဒေသမှာလည်း သူတို့က ပစ်ပါတယ်။ အဲ့ဒီ့နန်ထင်န်ရှမ်းလို့ခေါ်တဲ့ အဲ့ဒီ့နေရာမှာ ပြင်းထန်ပါတယ်။

ကျနော်ကြားတာက စခခ(၁၇)ကို သူတို့က ထပ်ပို့ထားတယ် ကြားတယ်ဗျ။ ကျနော်ခန့်မှန်းတာတော့ တစ်သောင်းငါးထောင် ပတ်ဝန်းကျင်လောက်ရှိမယ်ခင်ဗျ။ သူတို့ပေါ့နော်။ ကျနော်တို့ဘက်ကတော့ သုံးထောင်ပတ်ဝန်းကျင်ရှိတယ်။ ကျနော်တို့ဘက်က နဂိုကတည်းက အင်အားက နည်းပါတယ်။ သူတို့ထက်စာရင်ပေါ့ဗျာ။

ကျနော်တို့ကတော့ ဒီအတိုင်း ပုံမှန် ကျနော်တို့နေရာ ကျနော်တို့ အေးအေးဆေးဆေး နေနေတာပါ။ သူတို့ ထိုးစစ်လာမထိုးဘူးဆိုရင်တော့ တိုက်ပွဲက မဖြစ်ပါဘူး။"

စစ်ပြေးဒုက္ခသည်တွေလည်း သောင်းချီရှိလာနေပေမဲ့ နှစ်ဖက် စစ်ရေး တင်းမာနေဆဲ ဖြစ်သလို အစိုးရတပ်တွေဘက်က စစ်အင်အား တိုးချဲ့ချလာနေ တာကြောင့် ကိုးကန့်ဒေသတွင်း စစ်မီးငြိမ်းနိုင်ရေး ကိုးကန့်တပ်ဘက်က သဘောထားကို ဦးထွန်းမြတ်လင်းက အခုလိုပြောပါတယ်။

"ကျနော် ဒီဥစ္စာတွေ ပြောတာတောင် ကျနော် တကယ် စိတ်မကောင်းပါဘူး ခင်ဗျ။ ဆိုတာ ဒီရဲဘော်တွေကလည်း အသက်တချောင်းနဲ့ပါ။ ပြီးတော့ ကိုယ့်မိသားစုနဲ့ ကိုယ်ပါ။ ဖေဖော်ဝါရီ(၉)ရက်နေ့ကစလို့ အခုထက်ထိက တော်တော် ကျတာလည်း များပါတယ်။ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း အဲ့လိုလည်း မမြင်ချင်ပါဘူးခင်ဗျ။ ကျနော်တို့ဘက်လည်း ကျတာရှိတာပဲ။ ဘာကြောင့်မို့လို့ ဒီလိုကိုးကန့်ကို သည်းသည်းမည်းမည်း ဖြစ်နေတယ်ဆိုတာကို ကျနော် နားမလည်နိုင်ဘူး ဖြစ်နေပါတယ်ခင်ဗျ။

သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ပေးထားတာပဲ ရှိပါတယ်။ နောက်ပိုင်း ကျနော်တို့လည်း ဒီ့ပြင် နည်းလမ်း မရှိတော့ဘူးခင်ဗျ။ ဦးရဲထွဋ်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း အွန်လိုင်းမှာတော့ ကျနော်တို့လို အဖွဲ့အစည်းမျိုးနဲ့ ဆွေးနွေးစရာ မလိုဘူး။ ဆွေးနွေးစရာမရှိဘူးဆိုတာ ပြောဖူးပါတယ်။

ကျနော်တို့က ဒီတိုင်းရင်းသား ပဋိပက္ခပဲဖြစ်ဖြစ် နိုင်ငံရေး အမြင်မတူတာ ပဲဖြစ်ဖြစ်ပေါ့နော်။ ကျနော်တို့ ကျတော့ ငြိမ်းချမ်းတဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ပုံစံနဲ့ပဲ ကျနော်တို့က သွားလိုပါတယ်။ သို့သော် သူတို့က အသိအမှတ်မပြုခဲ့ပါဘူး။"

ကိုးကန့်စစ်မီးငြိမ်းနိုင်ရေး မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေး သဘောထားကို မေးတဲ့အခါမှာတော့ သမ္မတအိမ်တော် သတင်းပြန်ကြားရေး တာဝန်ခံလည်းဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလို တုန့်ပြန်ပါတယ်။

" အခုဟာက အိမ်ကနေ ထွက်သွားတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားတယ်။ ပြန်လာတဲ့ အချိန်မှာ အသာတကြည် ပြန်လာတာမဟုတ်ဘူး။ ကျနော်တို့ ၂၀၁၁ နောက်ပိုင်းပေါ့နော်။ တာဝန်ယူချိန်ကစပြီးတော့ ကြားက အကျိုးဆောင်တွေ ညှိနှိုင်းမှုနဲ့ ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးနှစ်ယောက်ကို ကျနော်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီးသားဖြစ်တယ်။ သူ့အနေနဲ့ ဒီနိုင်ငံမှာ ပြန်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပါဝင်ချင်တယ်ဆိုရင် ဒီလိုမျိုးပဲ အသာတကြည်နဲ့ ဝင်လာလို့ရတယ်။

ဟိုဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေက တင်မြှောက်ထားတဲ့ ဦးစီးအဖွဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ကို ဖြုတ်ချဖို့ အဲ့လိုမျိုး လုပ်တဲ့ဟာက သူ့ရဲ့ မူလရည်ရွယ်ချက်ကိုက အဲ့လိုဖြစ်နေတယ်။

အဲ့ဒီ့အပြင် ကျနော်တို့ အထပ်ထပ်ပြောတယ်။ သမ္မတလည်း ပြောတယ်။ တပ်ချုပ်လည်း ပြောတယ်။ အချုပ်အခြာအာဏာကို ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ဆိုတာက ကျနော်တို့က အကြောင်းမဲ့ ပြောနေတာမဟုတ်ဘူး။ ခုနကပြောတဲ့ အကြောင်းရင်းခံတွေက သူ့အနေနဲ့ စိတ်ရင်းစေတနာမှန်နဲ့ ပြန်ပြီးတော့ ဒီဒေသနဲ့ ပြန်လည်ပေါင်းစည်းဖို့ လာမယ်ဆိုရင် လုပ်လို့ရတာတွေ နည်းလမ်း အများကြီးထဲကမှ ဒီလိုနည်းလမ်းကို ရွေးချယ်ပြီး လုပ်လာတာက ဒါ တမင်သပ်သပ် ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်တယ်။

အဲ့ဒီ့အပေါ်မှာလည်း ကျနော်တို့ တပ်ဖက်မှာလည်း တပ်မတော်သားများစွာပေါ့နော်။ အသက်ပေးလိုက်ရတယ်။ ထိခိုက်ဒဏ်ရာတွေရတယ်။ ဒီအနေအထားမှာ Dialogue ဆိုတဲ့စကားကို ကျနော်တို့က လုံးဝ လက်မခံဘူး။ အဲ့တော့ တခုတည်းရှိတယ်။ သူတို့လာချင်ရင် အကြွင်းမဲ့ လက်နက်ချ အဲ့တာတောင်မှ အကြွင်းမဲ့လက်နက်ချမယ် ဆိုရင်တောင် ကျနော်တို့က စဉ်းစားပေးမယ်ပေါ့နော်။ အဲ့ဒီ့အနေအထားတော့ ရှိတယ်။ "

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ စစ်အုပ်ချုပ်ရေးကြေညာထားပြီးဖြစ်လို့ ဒီဒေသရဲ့အရေးကိစ္စကို စစ်တပ်ကပဲ တာဝန်ယူဖြေရှင်းပေးမှာဖြစ်ကြောင်းကိုလည်း သမ္မတရုံးပြောခွင့်ရက ပြောပါတယ်။

" ကိုးကန့်ဒေသကို အရေးပေါ် အခြေအနေ ကြေညာပြီးတော့ စစ်အုပ်ချုပ်ရေး ပေးထားတဲ့ အတွက် ဒီအခြေအနေမှာ တပ်ကပဲ လိုအပ်သလို ဆောင်ရွက်နေတဲ့ အနေအထားဖြစ်တယ်။ အဲ့ဒီ့အပေါ်မှာ သူတို့က ဆောင်ရွက်မှု အခြေအနေ ပြန်လည်တင်ပြတဲ့အပေါ်မှာပဲ ကျနော်တို့က သိနိုင်မယ်ပေါ့နော်။ လောလောဆည်က တပ်မတော်က တာဝန်ယူထားတဲ့ အနေအထားဖြစ်ပါတယ်။ "

ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ကချင်လက်နက်ကိုင်တွေ၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ တအောင်း လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း မြန်မာ တပ်ကြား စစ်ရေး တင်းမာနေဆဲဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် မူကြမ်းကို သမ္မတရှေ့မှောက်မှာ မတ်လ ၃၁ရက်က လက်မှတ်ရေးထိုးခဲ့ပြီး အပြီးသတ်စာချုပ်မချုပ်ခင် လာမယ့် မေလ ၁ရက်နေ့မှာတော့ ဝပြည်သွေးစည်းညီညွတ်ရေးဌာနချုပ် ပန်ဆမ်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံကြဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG