သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်မူးယစ်ပြဿနာ အမြန်ဆုံးကိုင်တွယ်ဖို့လို


အစိုးရတပ်နဲ့ လက်နက်ကိုင်တပ်ကြား စစ်ရေးပဋိပက္ခ တင်းမာမှုတွေရှိနေဆဲ ကချင်ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာဟာ တနေ့တခြား ပိုပြီးတော့ ဆိုးဝါးလာနေတာဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးမှု အားနည်းနေတာကြောင့်ဖြစ်တယ်လို့ ကချင့်အရေး လှုပ်ရှားနေသူတွေက ပြောဆိုလိုက်ပါတယ်။ ကချင်ဒေသတွင်း ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ကင်းစင်တိုက်ဖျက်ရေး အာဏာပိုင်တွေ အရေးတကြီး ကိုင်တွယ် ဖြေရှင်းပေးဖို့ ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့က ရာနဲ့ချီတဲ့ဒေသခံပြည်သူတွေက ဆန္ဒပြတောင်းဆို လိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်တွင်း ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုနဲ့ ကချင်ပြည်သူလူထုကြား အထူးသဖြင့် လူငယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်မားလာနေတဲ့အပေါ် ကချင်လူမှုအသိုင်းအဝိုင်းက စိုးရိမ်မှုတွေ ပိုများလာနေတာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံ

အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မြို့ခံပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒေသတွင်းမှာ မူးယစ်ဆေးဝါးပြဿနာကို အာဏာပိုင်တွေဘက်က ထိရောက်စွာကိုင်တွယ်ဖြေရှင်းမှု အားနည်းနေတဲ့အတွက် လူသားမျိုးနွယ်ကို လူညွန့်တုံးစေတဲ့ အန္တရာယ်ဖြစ်တာမို့ မူးယစ်ဆေးဝါး ပြဿနာကို အလေးအနက်ထား ဆောင်ရွက်ပေးပါလို့ ကချင်ပြည်သူတွေက တောင်းဆိုတဲ့ အကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဆိုင်းနော်ကပြောပါတယ်။

“ကျနော်တို့ အဓိကဆန္ဒဖော်ထုတ်တာကတော့ ကျနော်တို့ကချင်ဒေသမှာ မူးယစ်ဆေးဝါးအန္တရာယ်ကို့ပြည်သူလူထုအားလုံး သိနားလည်ပြီးတော့မှ စုပေါင်းပြီးတော့ တိုက်ဖျက်ကြဖို့၊ အသိအမြင်ဖွင့်ပေးတဲ့သဘောလည်း ပါပါတယ်။ ပြီးတော့ ကျနော်တို့ဒေသမှာရှိတဲ့အာဏာပိုင်တွေကို တွန်းအားပေးတဲ့ သဘောလည်း ပါပါတယ်။ တွန်းအားဆိုတာက အာဏာပိုင်တွေဘက်ကနေပြီး မူးယစ်ဆေးနဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်တဲ့ အခါမှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုမှာ အားနည်းတာကို ကျနော်တို့ သိမြင်ရတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီလို ဆန္ဒဖော်ထုတ်ခြင်းလည်း ဖြစ်ပါတယ်။ နောက်တချက်ကတော့ ၂၀၁၄ ခုနှစ်မှာ ကျနော်တို့က ဆန္ဒဖော်ထုတ် အမြင်ဖွင့်ပြီးရင် ၂၀၁၅ ခုနှစ်မှာ အာဏာပိုင်တွေနဲ့ပူးပေါင်းပြီးတော့ အရေးယူဆောင်ရွက်မှုပိုင်းမှာ လက်တွဲလုပ်ဆောင်သွားဖို့အစီအစဉ်နဲ့ ကျနော်တို့ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။”

စစ်ပွဲဒဏ်ကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေဖြစ်နေတဲ့အပြင် တည်ငြိမ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အခြေချ လုပ်ကိုင်နိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေက ကချင်ပြည်သူတွေကြား မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးသုံးစွဲမှုကို ပိုပြီးဖြစ်စေတဲ့ အကြောင်းရင်းဖြစ်နေတယ်လို့လည်း ကချင်အမှန်တရား ရှာဖွေရေး ကော်မတီက ဦးမောင်ဒန်က ဆိုပါတယ်။

“မူးယစ်ဆေးကတော့ တော်တော်လေးကို ဆိုးရွားတယ်လို့ ပြောလို့ရတယ်။ စစ်မဖြစ်ခင်ကာလကတည်းကကိုက ဆိုးတာတော့ ဟုတ်ပါတယ်။ ဒီနှစ်ပိုင်းမှာဆို ပိုဆိုးတယ်။ ဥပမာ- ကျနော်နဲ့အတူ ကြီးလာတဲ့ ထားလိုက်ပါတယ်။ ၄၀ လောက် ရှိတယ်ဆိုလို့ရှိရင် လေး-ငါးယောက်ပဲ ကျန်တယ်။ အားလုံးက မူးယစ်ဆေးဝါးကြောင့် စောစော ဆုံးသွားကြတယ်ပေါ့လေ။ …ဆိုတော့ မူးယစ်ဆေးဝါးပြဿနာက ဘယ်လိုမှကို တားဆီးလို့ မရနိုင်သလိုမျိုး ဖြစ်နေတယ်။ ထောင်ထဲမှာဆိုရင်လည်း လူလည်း အများကြီးပါပဲ။ အရင်တုန်းကကျရင် အစိုးရဘက်ကရော၊ KIA ဘက်ကရော နှစ်ဘက်စလုံးက မူးယစ်ဆေးဝါးပြဿနာကို သူ့အထိုက်အလျှောက်တော့ သူတို့ဒေသမှာသူတို့ ထိန်းထိန်းသိမ်းသိမ်းပေါ့- ထိန်းထိန်းသိမ်းသိမ်းဆိုတာက ဖမ်းဆီးတာတို့ ဘာတို့ လုပ်တယ်။ အခု စစ်ဖြစ်တဲ့အခါကျတော့ နှစ်ဘက်စလုံးလည်း သိပ်မလုပ်နိုင်တော့ အဲဒါကို ကြားကနေအခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ဝယ်ယူဖောက်ကားတဲ့ဥစ္စာလည်း ပိုပြီးတော့ လူငယ်တွေကြားမှာ - စစ်ကလည်း တစိတ်တပိုင်းတော့ ပိုပြီးတော့ ဆိုးရွားစေတဲ့အထဲမှာတော့ ပါတယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်။”

စစ်ဒဏ်ခံနေရတဲ့ ကချင်ပြည်နယ်တွင်းက ကချင်ပြည်သူတွေ အတွက် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေး ရေးတွေကို ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်သလိုပဲ မူးယစ်ဆေးဝါး သုံးစွဲသူတွေအပေါ် လူမှုဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ဦးဆိုင်းနော်ကပြောပါတယ်။

“အခု လက်ရှိအခြေအနေအရဆိုရင်တော့ လူငယ်တွေအတွက်က တအားစိုးရိမ်စရာဖြစ်နေပါတယ်။ အခု မူးယစ်ဆေးဝါးအန္တရာယ်က၊ - အာဏာပိုင်တွေဘက်ကရော လူထုဘက်ကရော အားလုံးလက်တွဲပြီးတော့မှ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်မှပဲ လာမယ့်အနာဂတ်အတွက် ကျနော်တို့က ကောင်းသောအနာဂတ်လေး ဖြစ်လာနိုင်မှာပါ။ ဒါမှမဟုတ်ရင်ကတော့ ကျနော်တို့အတွက်ကတော့ အင်မတန်မှ အန္တရာယ်ကြီးတဲ့ လက်နက်တခုသဖွယ်ပေါ့- မူးယစ်ဆေးဝါးဘုံရန်သူဖြစ်နေတာကို ကျနော်တို့က ခံစားနေရပါတယ်။”

ကချင်ပြည်နယ်အစိုးရ၊ ကချင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းချဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ UNODC နဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ကချင်ပြည်နယ်တွင်းက မူးယစ်ဆေးဝါး ပြဿနာကို အရေးပေါ်ဦးစားပေးဖြေရှင်းပေးဖို့ကိုလည်း ကချင်ပြည်သူလူထုက တောင်းဆိုပါတယ်လို့ ဒီကနေ့ ဆန္ဒပြပွဲ ဦးဆောင်သူတွေကဆိုပါတယ်။

ကချင်ပြည်နယ်တွင်းက မူးယစ်ဆေးဝါး ပြဿနာတွေ ဘာကြောင့် ပိုမိုကြီးထွားလာစေပါသလဲ ဆိုတာကို ဒေသတွင်းမှာ လိုက်လံလေ့လာ ဆန်းစစ်ပြီး စာရင်းကောက်ယူထားတဲ့ အချက်အလက်တွေကို စုစည်းပြီး ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံကနေ ပြီးခဲ့တဲ့ အောက်တိုဘာလက ထုတ်ပြန်ခဲ့တဲ့ “Silent Offensive" “အသံတိတ် ထိုးစစ်ဆင်ခြင်း” ဆိုတဲ့ အစီရင်ခံစာထဲမှာလည်း ကချင်ပြည်နယ်တွင်း အဓိက ဘိန်းစိုက်ပျိုးဒေသဟာ ချီဖွေနဲ့ ဝိုင်းမော်မြို့ဖြစ်ပြီး မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်မှာလည်း လူငယ်တွေ မူးယစ်ဆေးဝါး ထိုးသွင်းသုံးစွဲမှုမြင့်မားနေတယ်ဆိုတာကိုလည်း ထည့်သွင်း ဖော်ပြထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ အမြန်ဆုံးဖြေရှင်းပေးဖို့ကို ကချင့်အရေးလှုပ်ရှားသူတွေဘက်က တောင်းဆိုနေကြချိန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG