သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် အကူအညီပေးရေးလမ်းကြောင်း အစ္စရေး ယာယီဖွင့်ပေးမည်


အစ္စရေးအစိုးရအဖွဲ့က အကူအညီပေးရေးလမ်းကြောင်း ယာယီဖွင့်ပေးဖို့သဘောတူပြီးနောက် အစ္စရေးနိုင်ငံက Ashdod ဆိပ်ကမ်းကိုတွေ့ရစဉ် (ဧပြီ ၅၊ ၂၀၂၄)
အစ္စရေးအစိုးရအဖွဲ့က အကူအညီပေးရေးလမ်းကြောင်း ယာယီဖွင့်ပေးဖို့သဘောတူပြီးနောက် အစ္စရေးနိုင်ငံက Ashdod ဆိပ်ကမ်းကိုတွေ့ရစဉ် (ဧပြီ ၅၊ ၂၀၂၄)

အစားအစာပြတ်လပ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေပို့ပေးနိုင်ဖို့ ယာယီလမ်းဖွင့်ပေးမယ်လို့ အစ္စရေးက ဒီနေ့ သောကြာနေ့မှာ ကြေညာပါတယ်။ အစ္စရေးတို့ စစ်ဆင်ရေးအတွင်း အရပ်သားတွေနဲ့ လူသားချင်းစာနာကူညီသူတွေ မထိခိုက်အောင် အခိုင်အမာလုပ်ပြမှ အစ္စရေးကို အမေရိကန်က ကူညီမယ်လို့ သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကိုကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက်မှာ ခုလို ကြေညာခဲ့တာပါ။

ဂါဇာဒေသထဲကို အဝင်အထွက်လုပ်နိုင်တဲ့ မြောက်ပိုင်းက Erez နယ်စပ်ဂိတ်နဲ့ Ashdod ဆိပ်ကမ်းအပါအဝင် ယာယီလမ်းကြောင်းတွေ ဖွင့်ပေးမယ်လို့ ပြောပါတယ်။ စစ်ပွဲဆင်နွှဲနေရတဲ့ ရည်မှန်းချက်အတိုင်းဆက်တိုက်နိုင်အောင်နဲ့ လူသားချင်းစာနာစရာ ပြဿနာကနေ ကာကွယ်နိုင်အောင် အကူအညီတွေ တိုးမြှင့်ပေးရေးက မဖြစ်မနေလိုအပ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဘယ်လိုအကူအညီတွေကို ဘယ်လောက်ပမာဏ ခွင့်ပြုမလဲဆိုတောကိုတော့ ထုတ်ပြန်ချက်ထဲမှာပြောမထားပါဘူး။ ဂါဇာဒေသထဲက ပါလက်စတိုင်းပြည်သူတွေအတွက် ပရဟိတအကူအညီပေးဖို့ သွားသူတွေရဲ့ ယာဉ်တန်းကို အစ္စရေးစစ်တပ်တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်အပါအဝင် နိုင်ငံစုံက ပရဟိတအကူအညီပေးသူ ၇ ယောက် သေဆုံးခဲ့ပြီးနောက် အမေရိကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ်တို့ ဖုန်းနဲ့ဆက်သွယ်ပြောခဲ့ကြတာပါ။ အမေရိကန်အခြေစိုက် World Central Kitchen ပရဟိအဖွဲ့က အကူအညီပေးဖို့သွားသူ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျ၊ ပိုလန်နဲ့ ပါလက်စတိုင်း ပရဟိတကူညီသူတွေ သတ်ဖြတ်ခံရမှုနဲ့ပါတ်သက်လို့ ရာဇဝတ်မှုနဲ့ စုံစမ်းပေးဖို့ ပိုလန်နိုင်ငံက ဒီနေ့တောင်းဆိုလိုက်ပါတယ်။ ဝါဆောမြို့တော်မှာရှိတဲ့ အစ္စရေးသံအမတ်ကြီးကိုလည်း ဆင့်ခေါ်ပြီး ဒီတိုက်ခိုက်မှုအပေါ် မကျေနပ်ကြောင်း အသိပေးခဲ့တယ်လို့ ပိုလန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အစ္စရေးကတော့ ပါလက်စတိုင်းလက်ဖြောင့် သေနတ်သမားကို ပစ်မှတ်ထားတိုက်ခိုက်စဉ် မှားယွင်းပစ်ခတ်မိခဲ့တာဖြစ်တယ်လို့ ဒီနေ့ သောကြာနေ့မှာ ဝန်ခံပြောကြားပါတယ်။ ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်မှူးတယောက်နဲ့ ဗိုလ်ကြီးတယောက်ကိုလည်း အစ္စရေးစစ်တပ်က ထုတ်ပယ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

Forum

XS
SM
MD
LG