သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်စစ်လက်နက်ပံ့ပိုးတဲ့ လူပုဂ္ဂိလ်နဲ့လုပ်ငန်းတွေကို ကန်ဒဏ်ခတ်အရေးယူ


အီရန်တပ်မတော်နေ့အခမ်းအနားချီတက်ပွဲ (ဧပြီ ၁၈၊ ၂၀၁၃)
အီရန်တပ်မတော်နေ့အခမ်းအနားချီတက်ပွဲ (ဧပြီ ၁၈၊ ၂၀၁၃)

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အစ္စရေးနိုင်ငံကို ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အမေရိကန်က အီရန်နိုင်ငံအပေါ် ကြာသပတေးနေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ အီရန်နိုင်ငံကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးတဲ့ လူပုဂ္ဂိုလ်နဲ့ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူလိုက်တာပါ။

“ဒီတိုက်ခိုက်မှုကိုအနိုင်ယူနိုင်ဖို့ ကျနော်တို့ ကူညီပေးခဲ့ပါတယ်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ပြန်ချက်ထဲမှာပြောပြီး “အီရန်နိုင်ငံအနေနဲ့ ဒီတိုက်ခိုက်မှုအတွက် တာဝန်ခံမှုရှိအောင် ဒီနေ့မှာတော့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပို့ကုန်ထိန်းချုပ်မှုအသစ်တွေကို ချမှတ်အရေးယူ” လိုက်ကြောင်း ပြောပါတယ်။ အီရန်အပေါ် ထောက်ခံပေးနေသူတွေကိုလည်း သမ္မတဂျိုးဘိုင်ဒန်က သတိပေးပါတယ်။

“အီရန်ရဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဖို့ အကူအညီပေးသူတွေ ထောက်ခံသူတွေကို ရှင်းရှင်းလင်းလင်း ပြောပါမယ်။ အမေရိကန်ပြည်ထောင်စုက အစ္စရေးနိုင်ငံရဲ့လုံခြုံရေးအတွက် အာမခံပေးထားပါတယ်။ ဒေသတွင်းက အမေရိကန်အစိုးရဝန်ထမ်းနဲ့ တပ်သားတွေ၊ မိတ်ဖက်တွေရဲ့လုံခြုံရေးကို ကာကွယ်သွားမှာပါ။ ပြီးတော့ “တာဝန်ခံ၊ တာဝန်ယူမှု ရှိအောင် လိုအပ်သလိုအရေးယူနိုင်ဖို့ တချက်ကလေးမှ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး” လို့လည်း သမ္မတဘိုင်ဒန်က သတိပေးပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ လူပုဂ္ဂိုလ် ၁၆ ဦး၊ အဝေးထိန်း ဒရုန်း ပျံသန်းရေးယာဥ်တွေထောက်ပံ့ပေးနေတဲ့လုပ်ငန်းနှစ်ခုနဲ့ အီရန်နိုင်ငံရဲ့အကြီးဆုံးသံမဏိလုပ်ငန်းကြီးအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ (၅) ခုတို့ကို ပစ်မှတ်ထားအရေးယူခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင်ရဲ့ထုတ်ပြန်ချက်ထဲမှာ “ဒီပိတ်ဆို့အရေးယူမှုတွေက UAV လို့ခေါ်တဲ့ မောင်းသူမဲ့ အဝေးထိန်းယာဥ်တွေနဲ့ ပတ်သက်တဲ့အစီအစဉ်နဲ့ အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်တာအပါအဝင် အီရန်ရဲ့အဖျက်လုပ်ငန်းတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။ ပိတ်ဆို့အရေးယူမှုတွေအပြင်မှာ အမေရိကန် ကုန်သွယ်ရေးဌာနကလည်း “အခြေခံ စီးပွားလုပ်ငန်းသုံး မိုက်ခရိုအီလက်ထရွန်းနစ်” နည်းပညာတွေကို အီရန်အစိုးရအသုံးမပြုနိုင်ဖို့ ထိန်းချုပ်ကန့်သတ်မှု အသစ်တွေ ချမှတ်ခဲ့ပါတယ်။ အခု အရေးယူမှုတွေဟာ ယူကေနဲ့ တခြားမဟာမိတ်နိုင်ငံတွေနဲ့အတူ လုပ်ဆောင်နေတဲ့ အီရန်အပေါ် စီးပွားရေးအပါအဝင် ဘက်စုံ ဒဏ်ခတ်ပိတ်ဆို့ရေးအစီအစဥ် တစိတ်တပိုင်းလည်းဖြစ်ကြောင်း ဝန်ကြီးယဲလင်က မှတ်ချက်ပြုပါတယ်။

အစ္စရေးကို အီရန်က ဧပြီလ ၁၃ ရက် စနေနေ့ သန်းခေါင်အချိန်မှာ ဒုံးကျည်တွေ၊ အဝေးထိန်း တိုက်ခိုက်ရေးဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာကို ရှုတ်ချကြောင်း ကမ္ဘာ့နိုင်ငံပေါင်း ၅၀ နီးပါးက ဧပြီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတုန်းက ကြေညာချက်ထုတ်ပြန်အပြီးမှာ အမေရိကန်က အီရန်အပေါ်အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြေညာချက်ထဲမှာ အခြေအနေတွေ ပိုမိုဆိုးရွားမသွားဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသက တင်းမာမှုတွေကိုဖြေရှင်းဖို့ သံတမန်နည်းလမ်းအရ ပူးပေါင်းဆောင်ရွက်သွားဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG