သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး ရှေ့အလားအလာ


ကမ္ဘာ့ ရွှေဈေးတက်မှုပေါ် မူတည်ပြီး မြန်မာနိုင်ငံမှာလည်း ရွှေဈေးတွေ တရိပ်ရိပ် တက်လာနေတဲ့ အပြင် ပြည်တွင်း ရွှေထုတ်လုပ်မှုလည်း ကျဆင်းနေတဲ့ အကြောင်း ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းက ပြောပါတယ်။ အိမ်ခြံမြေနဲ့ ရွှေကို အဓိက ဝယ်ယူစုဆောင်းလေ့ရှိတဲ့ မြန်မာတွေကြားမှာ လတ်တလော ပြောင်းလဲမှုတွေ ဘာတွေ ရှိနေပါလဲ။ ဒီအချက်ကြောင့် မြန်မာ့စီးပွားရေး အခြေအနေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ။ လာမယ့်နှစ်ပိုင်းတွေအတွင်း ပြည်တွင်းစီးပွားရေး အလားအလာ ဘယ်လိုခန့်မှန်းနိုင်မလဲ ဆိုတာတွေကို ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းကို ဗွီအိုအေ ဝါရှင်တန်ဒီစီရုံးမှာ ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ နားဆင်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒေါက်တာ အောင်ကျော်ဝင်းခင်ဗျ။ အမေရိကားကိုရောက်တုန်းမှာ ဗွီအိုအေကို လာလည်ပြီးတော့ အခုလို တွေ့ဆုံမေးမြန်းခွင့်ပေးတာ ကျေးဇူးပါပဲ။

ဒေါက်တာ အောင်ကျော်ဝင်း ။ ။ ကျနော်တို့ကလည်း ကြုံတုန်းမှာ တွေ့ဆုံမေးမြန်းခံရတာ ကျေးဇူးပါ။

ဦးသန်းလွင်ထွန်း။ ။ ဒီလိုပါ။ ရွှေဆိုင်တွေ လက်ဝတ်ရတနာဆိုင်တွေနဲ့ပတ်သက်လို့ ကျနော် စိတ်ဝင်စားတဲ့အချက်က ရွှေကိစ္စပိုများတယ်။ အဓိက အားဖြင့် ဘာလဲဆိုတော့ မြန်မာဓလေ့ထုံးစံမှာ ပိုက်ဆံ အရင်းအနှီး နည်းနည်းရှိလို့ရှိရင် မြေဝယ်ပြီးတော စုဆောင်းထားတယ်။ ဒါမှမဟုတ်လို့ရှိရင် ရွှေဝယ်ပြီးတော့ စုဆောင်းထားတဲ့ ဓလေ့ကလည်း ရှိတဲ့အခါကျတော့ - အခုက မြေဈေးတွေ တော်တော်လေးတွေ မတည်မငြိမ် ဖြစ်တယ်ဆိုတော့ ရွှေဝယ်ပြီး စုဆောင်းတယ်ဆိုတဲ့ အလေ့အထကရော ဘယ်လို အခြေအနေရှိလဲ။

ဒေါက်တာ အောင်ကျော်ဝင်း ။ ။ ဟုတ်ကဲ့ ကျနော်တို့ မြန်မာလူမျိုးတွေက နဂိုကတည်းက ရွှေကိုလည်း ကြိုက်တယ်ခင်ဗျ။ ပြီးတော့ ကျနော်တို့ မြန်မာမှာ စကားပုံရှိတယ်လေ။ ရှိရင်တန်ဆာပေါ့။ မရှိရင် ဝမ်းစာပေါ့။ ရှိတဲ့ ပိုက်ဆံလေးရှိရင် ရွှေလေးဝယ်ထားမယ်။ ဝတ်လို့လည်း ရတယ်။ နောက်..စုလို့လည်း ရတယ်။ ငွေလိုတဲအခါမှာ ရွှေက liquidity power အားကောင်းတာကို။ ချက်ချင်း ငွေဖြစ်တာပေါ့။ ဖြစ်တော့ အခုန မေးတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ရွှေကတော့ ဟိုးတုန်းကတည်းက၊ ဟိုးတုန်းကဆိုရင်တော့ ကျနော်သိသလောက်တော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပိုပြီးတော့ ကျနောတို့ရဲ့ currency (ငွေကြေး) က ပိုပြီးတော့ fluctuate ဖြစ်တယ်။ အနိမ့်အမြင့်တွေ များတယ်ပေါ့နော်။ မြန်မာငွေတန်ဖိုးက ကျ သွားတာများတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါမှာ ပြည်သူပြည်သားတွေက နဂိုကတည်းက ရွှေကြိုက်တဲ့အနေအထားရယ်၊ အဲ့ဒီလိုမျိုး ကိုယ့်ရဲ့ငွေကြေး ကျဆင်းတာကို ကာကွယ်ဖို့အတွက်ဆိုပြီးတော့ ငွေမစုဘဲနဲ့ ရွှေကိုစုတယ်။ စုတဲ့အခါမှာကျတော့ ဟိုးတုန်းကတော့ အခေါက်တုံး စုတဲ့သူရှိတယ်။ နောက် အထည်ဆိုရင်လည်း အလျော့တွက်သက်သာတဲ့အထည်တွေကို စုတာပေါ့နော်။ အဲ့ဒီလိုမျိုး ပိုများတယ်ပေါ့။ သို့သော် အဲ့ဒီအလေ့အထက အခုနောက်ပိုင်းမှာ မရှိဘူးလားဆိုတော့ ရှိသေးတယ်။ သို့သော်လည်း အဲ့ဒီအချိန်နဲ့ ယှဉ်မယ်ဆိုရင်တော့ နည်းနည်းလေးတော့ လျော့လာတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းကရှိနေတဲ့ လူတွေရဲ့ ဝင်ငွေ၊ purchasing power (ဝယ်လိုအား)။ ပြီးတော့ ရွှေဈေး။ အခုချိန်မှာရှိနေတဲ့ လူတဦးချင်းစီရဲ့ ဝင်ငွေ နဲ့ ရွှေ့ဈေး။ အဲ့ဒီအချက်တွေပေါ်မှာမူတည်ပြီးတော့ ရှိတော့ရှိတယ်။ သို့သော် နဂိုနဲ့ယှဉ်ရင်တော့ နည်းနည်းလေးလျော့သွားတယ်။ ဟိုးတုန်းကတော့ ပိုများတယ်ခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။ အခုလောလောဆယ်အားဖြင့်ကတော့ ဒီရက်ပိုင်းတွေ၊ ဒီလပိုင်းတွေကိုကြည့်မယ်ဆိုရင် ရွှေဈေးက တက် တက်လာတယ်။ အခုဆိုလို့ရှိရင် ၁,၁၆၀,၀၀၀ လောက်တောင် ရှိမယ်ထင်တယ်။ အခေါက်ရွှေတကျပ်သားကို။

ဒေါက်တာ အောင်ကျော်ဝင်း ။ ။ ဟုတ်ပါတယ်။ မှန်ပါတယ်ခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။ အဲ့ဒီတော့ ဒီရွှေဈေး တရိပ်ရိပ် ပြန်တက်လာတဲ့အကြောင်းက ဘာကြောင့်လဲခင်ဗျ။

ဒေါက်တာ အောင်ကျော်ဝင်း ။။ ရွှေဈေးတက်တဲ့အကြောင်းရင်းကတော့ ကျနော်တို့ကကြည့်လိုက်ရင်တော့ အဓိက ကတော့ ကမ္ဘာ့ရွှေဈေးပဲ။ ကမ္ဘာ့ရွှေဈေးကိုယ်တိုင်က ဒီ သုံး-လေးလအတွင်း၊ ဒီနှစ်ပိုင်းမှာပေါ့နော်။ အရင်ကတအောင်စကို ၁,၁၀၀ လောက်အထိ ကျသွားရာကနေ အခုဆိုရင် ၁,၄၄၀၊ ၁,၄၃၀။ အဲ့ဒီအနားမှာ ကျနော်တို့ ဖြစ်နေတာတွေ့ရတယ်ဆိုတော့ ကမ္ဘာ့ရွှေဈေးကိုယ်တိုင်က နံပါတ်တစ် - တက်နေတယ်။ ပြီးတဲ့အခါမှာ ကျနော်တို့က ရွှေဈေးကိုတွက်တဲ့အခါမှာ ကမ္ဘာ့ရွှေဈေးနဲ့ ကျနော်တို့ရဲ့ မြန်မာငွေ currency ပေါ့။ ငွေလဲနှုန်းနဲ့ ပြန်ပြီးတော့ ချိတ်ဆက်တယ်ခင်ဗျ။

အဲ့ဒီလို ချိတ်ဆက်တဲ့အခါမှာ၊ ကျနော်တို့ရဲ့ ဟိုတုန်းကတော့ ကမ္ဘာ့ရွှေဈေးကျရင် မြန်မာပြည်ရဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက တက်တယ်ဆိုရင် အမေရိကန်ဒေါ်လာငွေလဲနှုန်းအရ ကျသွားတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကျနော်တို့ တိုင်းပြည်မှာ ဗဟိုဘဏ်ကနေ အသေအချာလေး လုပ်တဲ့အခါမှာ ကျနော်တို့ရဲ့ ငွေတန်ဖိုးက ပြောမယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်၊ ၄-၅ နှစ်ထက်စာရင်တော့ နည်းနည်းလေး ငြိမ်တဲ့ဘက်မှာဖြစ်နေတယ်။ ဥပမာ - တဒေါ်လာကို ၁,၅၁၀ ကနေ ၁,၅၂၀ ကြားထဲမှာ ငြိမ်နေတယ်။ အဲ့ဒီလိုမျိုး ငြိမ်နေတယ်ပေါ့နော်။ ငြိမ်တဲ့အခါကျတော့ တကယ်လို့သာ ဒေါ်လာဈေးမငြိမ်ဘဲနဲ့ အတက်အကျ ဖြစ်ရင် ပိုပြီးတော့ ကမ္ဘာ့ရွှေဈေး တက်တာနဲ့ဆိုရင် ကျနော်တို့ပြည်သူတွေ ပိုပြီးတော့ suffer (ဒုက္ခ) ဖြစ်မယ်ပေါ့နော်။ အခုတော့ ငြိမ်နေတဲ့အတွက်ကြောင့် နည်းနည်းလေး ကျနော်တို့ဘက်မှာ ခုသာခံသာရှိတယ်။ သို့သော် ရွှေဈေးတက်ရတဲ့အကြောင်းရင်းကတော့ နံပါတ်တစ် ကမ္ဘာ့ရွှေဈေးပေါ့။

ဦးသန်းလွင်ထွန်း။။ ရွှေဈေးတက်တာတွေ၊ ဒီအခြေအနေတွေကို ကြည့်လို့ရှိရင် မြန်မာ့စီးပွားရေးနဲ့ရော ဘယ်လို ဆက်စပ်သုံးသပ်လို့ရမလဲ။ ပြည်တွင်းစီးပွားရေးပေါ့။ အဲ့ဒါက ကျနော်ပြောတာက နိုင်ငံအဆင့်ရယ်လို့မဟုတ်ဘဲနဲ့ လူတဦးချင်းစီ၊ ဒါမှမဟုတ် ပြည်သူတွေအကြားမှာ ရှိနေတဲ့ စီးပွားရေး အခြေအနေနဲ့ရော ဘယ်လို ဆက်စပ်မလဲ။

ဒေါက်တာ အောင်ကျော်ဝင်း ။ ။ အခု ဒါ မှန်တာပြောမယ်ဆိုရင်တော့ ရွှေဈေးတက်တဲ့အတွက်ကြောင့် ပြည်သူတွေကတော့ ဝယ်ဖို့ထက် ပြန်ပြီးတော့ ငွေဖော်ချင်ကြတယ်ခင်ဗျ။ သူတို့ဝယ်ထားတာကို ငွေဖော်ချင်ကြတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ သိသလောက်တော့ ဒီတလအတွင်းမှာ မြန်မာပြည်ရဲ့ ရွှေဈေးက ၁၆ % လောက်တက်တယ်ခင်ဗျ။ တက်တဲ့အခါမှာကျတော့ တချို့တွေက မဝယ်ချင်တော့ဘူး။ ရှိတဲ့ရွှေကို ပြန်လာပြီးတော့ ရောင်းကြတယ်။ ရောင်းပြီးတော့ သူတို့ ကားဝယ်ရင်ဝယ်မယ်။ နောက်တခုကကျတော့ home loan (အိမ်ကြွေး) ယူပြီး အိမ်ဝယ်ရင်ဝယ်မယ်ဆိုတော့ ပြောမယ်ဆိုရင်တော့ အရောင်းအဝယ်တွေ ပါးသွားတယ်ခင်ဗျ။

နောက်တခုကကျတော့ ကျနော် ခုနကပြောသလိုပေါ့ ရွှေဈေးကတော့ တက်လာတယ်။ ငွေဈေးကလည်း ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ကြားထဲမှာ ၁၅ % လောက် ငွေဈေးကျသွားတယ်။ ငွေဖောင်းပွတယ်ပေါ့။ ဒါပေမဲ့ ရွှေဈေးသည် ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ယှဉ်ရင် တကျပ်သားကို တသိန်းကျော်ကျော် ကွာသွားတယ်။ အဲ့ဒီလိုဖြစ်ပေမဲ့ လူတဦးချင်းစီရဲ့ ဝင်ငွေက ခုနက ငွေဖောင်းပွသလောက် လူတဦးချင်းစီရဲ့ ဝင်ငွေက မတက်လာဘူးခင်ဗျ။ မတက်လာတော့ လူတွေရဲ့ ဝယ်လိုအား ကျသွားတယ်ဆိုတာ ကျနော်တို့ရဲ့ ရွှေနန်းတော်မှာ ၁၅ နှစ်ဆက်တိုက်ပေါ့ Statistic (ကိန်းဂဏန်းအချက်အလက်) တွေရှိတယ်။ ငွေကြေး ဘယ်လောက်နဲ့ ဘယ်လောက်အကြား အဝယ်များတယ်။ ဥပမာ - ၅ သိန်းကြားလား။ ၅ သိန်းနဲ့ ၁၀ သိန်းကြားလား။ ၁၀ သိန်းနဲ့ သန်း ၅၀ ကြားလား။ အဲ့ဒီလို ratio တွေ ရှိတယ်။ အဲ့ဒီ ရာခိုင်နှုန်းတွေကို ကြည့်လိုက်တဲ့အခါမှာ ပိုပြီးတော့ သိသိသာသာ တွေ့ရတယ်။ ဆိုလိုတဲ့သဘောကတော့ ခြုံပြောမယ်ဆိုရင်တော့ တိုင်းပြည်စီးပွားရေးသည် ငြိမ်ပြီးတော့ အားပျော့နေတဲ့ အနေအထားမှာတော့ သေချာပေါက် တွေ့ရတယ်။ လူတွေရဲ့ ဝယ်လိုအား ကျသွားတာကိုလည်း တွေ့ရတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒီအခြေအနေက ဒီအတိုင်းပဲ ဆက်သွားနေမယ့်သဘောလို့ထင်လား။ ဘာဖြစ်လာမယ်လို့ထင်လဲ။

ဒေါက်တာ အောင်ကျော်ဝင်း ။ ။ ကျနော်တို့ကတော့ market mechanism (ဈေးကွက်လည်ပတ်ပုံ) အရကတော့ market (ဈေးကွက်) ကြီးက သိပ်ပြီးအေးသွားပြီ ဆိုရင်တော့ တချိန်မှာတော့ နည်းနည်းတော့ ပြန်လိုက်လာမယ်ပေါ့နော်။ ဒါပေမဲ့ အဲ့ဒီလို လိုက်ဖို့ကျတော့ အခုနပြောတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့ ဒါတွေကလည်း အကုန်လုံး ချိတ်ဆက်နေတယ်ခင်ဗျ။ အဲ့ဒီလိုချိတ်ဆက်တဲ့အခါမှာ လာမယ့်နှစ်မှာ ကျနော်တို့တိုင်းပြည်မှာ ရွေးကေက်ပွဲလည်း ရှိတယ်ခင်ဗျ။ အဲ့ဒီလို ရွေးကောက်ပွဲကာလတွေဆိုရင်လည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ အလုပ်ရှုပ်တဲ့အချိန်။ အစိုးရလည်း အလုပ်ရှုပ်တဲ့အချိန်။

နောက် ရင်းနှီးမြှုပ်နှံသူတွေကလည်း စောင့်ကြည့်နေတဲ့အချိန်ဖြစ်တော့ ကျနော်ထင်တယ်။ ဒီ ၂၀၂၀ လောက်အထိတော့ ဒီလိုမျိုးပဲ သွားမလားဆိုတဲ့အနေအထားလေး ကျနော် မြင်တယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ကျနော် ဒီနှစ် ဧပြီ၊ ဇန်နဝါရီလလောက်ကတည်းက ကျနော် သတိထားမိတယ်ခင်ဗျ။ ရောင်းရတာတွေကို ကြည့်လိုက်ရင် ကျနော် သိပြီ။ အဲ့ဒါဆိုရင် အရမ်းရောင်းရတဲ့ ဇန်နဝါရီကနေ ဧပြီ တောင်မှ ရောင်းအားက တော်တော်လေးကို ငြိမ်တယ်ပေါ့နော်။ နဂိုနှစ်တွေ နှစ်တွေကို မမီဘူးဆိုရင်တော့ ဒီမိုးတွင်းမှာ ပိုပြီးတော့ ဆင်းသွားမယ်ဆိုတာကို ကျနော်တို့က စိတ်ပိုင်းဆိုင်ရာအရတော့ ကြိုပြီးတော့ ပြင်ထားတယ်ခင်ဗျ။ သို့သော် ကိုယ်ပြင်ဆင်ထားတဲ့အချိန်မှာပဲ အခုနပြောသလို ကမ္ဘာ့ရွှေဈေးကလည်း တက်တဲ့အခါနဲ့ သွားတိုက်ဆိုင်တဲ့အခါမှာ မှန်းထားတာထက် နည်းနည်းလေး ပိုထက်ပြီးတော့ ကျသွားတယ်ခင်ဗျ။ အဲ့ဒါဆိုတော့ ဒီပုံစံလောက်ပဲ သွားမယ်၊ ဒီ့ထက်မဆိုးဖို့ပဲ ကျနော်တို့က ဆုတောင်းရမယ်ခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။ ဒေါက်တာအောင်ကျော်ဝင်း ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဒေါက်တာ အောင်ကျော်ဝင်း ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။

မြန်မာ့စီးပွားရေး ရှေ့အလားအလာ
please wait

No media source currently available

0:00 0:07:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG