သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အိန္ဒိယနယ်စပ် နှစ်နိုင်ငံ ပူးတွဲကင်းလှည့်


India Burma Border
India Burma Border

အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံအကြားက ခြံစည်းရိုး ခတ်မထားတဲ့နေရာ တချို့တို့မှာ နှစ်ဖက် ပူးတွဲကင်းလှည့်မှုတွေ စတင် ပြုလုပ်နေပြီလို့ Assam Rifles တပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Harminderjit Singh Sachdev က ပြောကြားလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ Assam Rifles တပ်ဖွဲ့ရဲ့ ရာထူး ပေးအပ်ပွဲအခမ်းအနား ပြင်ပမှာ အဲဒီလို ပြောကြားလိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဖက်အခြမ်း စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ အခြေစိုက် လှုပ်ရှားနေကြတဲ့ အိန္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်ကြတဲ့ မဏိပူရပြည်နယ် အခြေစိုက် UNLF ၊ PLA တို့နဲ့ အာသံပြည်နယ်အခြေစိုက် ULFA အဖွဲ့နဲ့ နာဂပြည်နယ်အခြေစိုက် NSCN – Khaplang အဖွဲ့တို့ကို တိုက်ခိုက်ဖို့အတွက် အိန္ဒိယအစိုးရက မြန်မာအစိုးရကို တိုက်တွန်းနေခဲ့တာပါ။

Assam Rifles လို့ခေါ်တဲ့ အိန္ဒိယနိုင်ငံအတွင်း သက်တမ်းအရင့်ဆုံး အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဟာ ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသကို စောင့်ကြပ်နေတာ ဖြစ်သလို မဏိပူရ၊ အရူနားချား ပရာဒေ့ရှ်၊ အာသံနဲ့ နာဂလန်းပြည်နယ်တွေက လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း တွန်းလှန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသစ်ရွေးကောက်တင်မြောက်ခံထားရတဲ့ NLD အစိုးရအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ခိုက်ရေး အိန္ဒိယအစိုးရရဲ့ တောင်းဆိုချက်ကို တုန့်ပြန် ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း Assam Rifles တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

Assam Rifles တပ်ဖွဲ့ဟာ မနှစ်က ဇွန်လလယ်တုန်းက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ NSCN – Khaplang အဖွဲ့ရဲ့ စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို အိန္ဒိယ စစ်တပ်က အစောပိုင်းမှာ အတည်ပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည် ငြင်းဆန်ခဲ့ပါတယ်။

XS
SM
MD
LG