သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေရာသီ ရေရှားချိန်ဖြစ်တတ်တဲ့ မျက်ခမ်းစပ်ရောဂါ


ရန်ကုန်နေပူပူအောက် သွားလာနေကြသူများ (ဧပြီ ၂၅၊ ၂၀၂၄)
ရန်ကုန်နေပူပူအောက် သွားလာနေကြသူများ (ဧပြီ ၂၅၊ ၂၀၂၄)

နွေရာသီထဲ အပူချိန်မြင့် ရေရှားပါးတာကြောင့်၊ တကိုယ်ရည်သန့်ရှင်းမှု ထိခိုက်ပြီး၊ မျက်ခမ်းစပ်ရောဂါဖြစ်ဖို့ အန္တရာယ်ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။

မျက်ခမ်းစပ်ရောဂါက အခုနောက်ပိုင်းမှာ အဖြစ်များတာ မတွေ့ရတော့ပေမဲ့၊ အခုလို ပူအိုက်ခြောက်သွေ့လာချိန်မှာတော့ ပိုသတိထားသင့်ပါတယ်။
ပူအိုက်ခြောက်သွေ့တဲ့ အညာ (မကွေး၊ စစ်ကိုင်း) ဘက်မှာ အရမ်းအဖြစ်မျာခဲ့တဲ့ မျက်ခမ်းစပ်ရောဂါက နေပူပြင်းပြီး၊ ချွေးထွက်များချိန် ခြောက်သွေ့ ဖုန်ထူတာကြောင့် မျက်နှာနဲ့လက်မှာ ဖုန်တွေကပ် ညစ်ပတ်နေပြီး မျက်လုံးကို သွားပွတ်မိကာ ဘက်တီးရီယားပိုး ဝင်သွားတာကြောင့်ပါ။ ဒီဒေသက တောသူတောင်သားတွေအနေနဲ့ လယ်နဲ့စိုက်ခင်းထဲ လုပ်ကြတာမှာ ရေရှားပြီး ပုံမှန်မျက်နှာနဲ့ လက်မဆေးကြောနိုင်တာကြောင့် အခုလို ဖြစ်ရတာပါ။

မျက်ခမ်းစပ်ရောဂါအတွက် အထူးသတိထားပေးသင့်သူတွေကတော့ ကလေးတွေနဲ့ သန့်ရှင်းဖို့ ရေရှားလာတဲ့ဒေသက လူတွေပါ။ ကလေးတွေအနေနဲ့ ညစ်ပတ်နေတဲ့ လက်တွေနဲ့ မျက်လုံးကို မကြာခဏ ပွတ်လေ့ရှိပြီး၊ အခုလို မပွတ်မိအောင် ထိန်းရခက်လေ့ရှိတာမို့ ပိုဂရုစိုက်ပေးသင့်ပါတယ်။ နောက်သတိထားသင့်တဲ့ သန့်ရှင်းဖို့ ရေရှားလာတဲ့ ဒေသတွေထဲမှာလည်း၊ အညာဒေသတင်မကတော့ဘဲ၊ စစ်ရှောင်များလာတဲ့ ရှမ်း၊ ရခိုင်၊ ကရင်၊ ကရင်နီ စတဲ့ ဒေသတွေလည်း ပါဝင်လာနေတာမို့ ကြိုသတိပြုကာကွယ်သင့်ပါတယ်။

မျက်ခမ်းစက်ရောဂါကို အလွယ်တကူ ကာကွယ်နိုင်တာမှာ အရင်အရေပြား ပြဿနာတွေလိုပဲ တကိုယ်ရည်သန့်ရှင်းရေး အဓိကလုပ်ဖို့ပဲ လိုတာပါ။ လက်သန့်စင်အောင် မကြာခဏ ဆေးကြောတာ၊ လက်မသန့်သေးချိန် မျက်စိကို မထိတာ၊ ကလေးတွေကိုလည်း လူကြီးတွေက အခုလို မျက်လုံး မပွတ်မိအောင် ဂရုစိုက်ပေးတာ၊ အားလုံး ပုံမှန်မျက်နှာသစ်ပေးတာ၊ ရောဂါဖြစ်ထားပြီး သူနဲ့ မျက်နှာသုတ်ပုဝါ၊ လက်သုတ်ပုဝါ အပါအဝင် အသုံးအဆောင်တွေကို မျှဝေမသုံးဘဲ သီးသန့်ခွဲသုံးသင့်ပါတယ်။ ယင်ကောင်ကတဆင့်လည်း ကူးစက်နိုင်တာကို သတိပြုကာကွယ်သင့်ပါတယ်။

မျက်ခမ်းစပ်ရောဂါ ဖြစ်လာလျှင်လည်း မပေါ့ဆဘဲ ကုသမှုခံယူသင့်ပါတယ်။ လွယ်လွယ်ပျောက်နိုင်လို့ပါ။ ကုသမှုမခံယူလျှင်တော့ မျက်စေ့ကွယ်သွားနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးပါ ထိခိုက်နိုင်ပါတယ်။ အခုလို ကုသမှုယူရေးအတွက် ရောဂါဖြစ်တာ စောစောသိရဖို့ လက္ခဏာတွေကတော့၊ မျက်လုံးရဲ မျက်သားယားတာ၊ မျက်ခမ်းမျက်ခွံအစပ် ယားယံတာ၊ မျက်ခွံ ရောင်ရမ်းပြီး ဖောင်းလာတာ၊ မျက်သားနီတာ (မျက်စိနာသလို)၊ မျက်ဝတ်ထွက်တာ (ပြည်လိုမျိုး) တွေပါ။ ဒီလက္ခဏာတွေ ဖြစ်လာလျှင် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေကို ပြသင့်ပါတယ်။ ပဋိဇီဝ (ဥပမာ Tetracycline) မျက်စဉ်းခပ်တာ၊ လိုအပ်လျှင် ပဋိဇီဝ ဆေးသောက်တာနဲ့ ပျောက်ကင်းနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ရန် ကိုဝင်းမင်းက မြန်မာနိုင်ငံထဲမှာ နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးပညာပေးပါ တွဲလုပ်ခဲ့တဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအိကလျာမိုး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

Forum

XS
SM
MD
LG