သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် နိုင်ငံသား စိစစ်ရေး စမ်းသပ် အစီအစဉ် ရပ်နား


ရခိုင်ပြည်နယ် စစ်တွေမြို့ မူစလင်ကျေးရွာတွင်း လူဦးရေ စာရင်းကောက်ယူနေစဉ်။ (မတ် ၃၁၊ ၂၀၁၄)
ရခိုင်ပြည်နယ် စစ်တွေမြို့ မူစလင်ကျေးရွာတွင်း လူဦးရေ စာရင်းကောက်ယူနေစဉ်။ (မတ် ၃၁၊ ၂၀၁၄)

ရခိုင်ပြည်နယ် အတွင်းမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးတဲ့ လုပ်ငန်းတွေ ကို နိုင်ငံတော် အဆင့် စီမံကိန်းတွေ ထားပြီး ဆောင်ရွက်တော့မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် က ပြောပါတယ်။ ဒါကြောင့် ယာယီ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေအနေနဲ့ လူဝင်မှု ကြီးကြပ်ရေးမှာပဲ ပုံမှန် လုပ်ငန်းစဉ်တွေ နဲ့သာ လျှောက်ထား ရတော့မှာ ဖြစ်တယ် လို့ ပြောပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ နှစ်ဖက် အသိုင်းအဝိုင်း အကြားမှာလည်း သုံးသပ်မှု အမျိုးမျိုး ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

ရခိုင်ပြည်နယ်အတွင်းက မူဆလင် လူနည်းစုတွေ အတော်များများရှိတဲ့ မြေပုံမြို့နယ် ထဲမှာ နိုင်ငံတော် အဆင့်နဲ့ စမ်းသပ်စီမံဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးမှု အစီအစဉ်တွေ မအောင်မြင်တာကြောင့် ရပ်ဆိုင်း လိုက်ပြီးတဲ့နောက် ဒီလို စီမံကိန်းတွေကို အခြားမြို့နယ်တွေ မှာလည်း ဆောင်ရွက်ပေးမှာ မဟုတ်တော့ဘူးလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းက ဗွီအိုအေ ကိုပြောပါတယ်။

"ဒါကတော့ ကျနော်တို့ မနှစ်က မြေပုံ ပိုင်းလော့်ခ်ပရိုဂျက်အနေနဲ့ လုပ်တယ်။ ဒီနှစ်ကျတော့ ပိုင်းလော့ခ်ပရိုဂျက်အနေနဲ့ မသွားတော့ပဲနဲ့ တနိုင်ငံလုံးမှာ လုပ်တဲ့ Verification အနေနဲ့ပဲ သွားမယ်ဆိုပြီးတော့မှ အခုကျနော်တို့ ရခိုင်ပြည်နယ်နဲ့ တနိုင်ငံလုံး အပါအဝင်ပေါ့ လျှောက်လွှာတွေ တောင်းပြီးတော့မှ ရတဲ့ လျှောက်လွှာတွေကို စစ်ပြီးရင်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တနိုင်ငံလုံးကို ကောက်တဲ့ အတိုင်းကိုပဲ ပြည်နယ်တပြည်နယ် လုံးမှာလည်း လျှောက်လွှာကို အခု လက်ခံပြီးရင်တော့ စိစစ်တာကိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ပဲ အရင်လို ပုံမှန်အတိုင်း ပိုင်းလော့ခ်ပရိုဂျက်အနေနဲ့ မသွားတော့ဘူးပေါ့။"

ကိုအောင်ရဲမောင်မောင်- ဘာဖြစ်လို့များ ဒီ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေ အတွက် နိုင်ငံသား စိစစ်ရေးကဒ်တွေကို မဆောင်ရွက်ပေးတော့တာလဲ ခင်ဗျ။

" ဒါကတော့ ဒီမှာလည်း ကျနော်တို့က ရခိုင်ပြည်နယ် ကိစ္စ က နည်းနည်း ရှုပ်ထွေးပါတယ်လေ။ `ရှုပ်ထွေးတယ်ဆိုတာက Verification လုပ်မယ် ဆိုပြန်တော့လည်း ဒီမှာ တော်တော်မရှိတဲ့ အသုံးအနှုန်း နာမည်တွေ ပြောဆိုတော့ Verification ကလည်း လုပ်လို့ မရဘူးဖြစ်နေတာပေါ့။ ဆိုတော့ ဒီမှာကလည်း သမာရိုးကျကိစ္စတွေမဟုတ်ပဲနဲ့ ဖြစ်နေတဲ့အခါကျတော့ လုပ်ရကိုင်ရ ကိစ္စတွေကလည်း တော်တော်လေးကို အခက်အခဲရှိပါတယ်ခင်ဗျ။"

White Card လို့ ခေါ်တဲ့ယာယီ နိုင်ငံသား ကတ် ရှိတဲ့ သူတွေ ထဲကနေ အမျိုးသား မှတ်ပုံတင်လျှောက် လိုတဲ့သူတွေ အတွက် မြေပုံမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စီမံကိန်း ထားပြီး ဆောင်ရွက်ပေးခဲ့တာပါ။ မြေပုံမှာ ဒီအစီအစဉ် အောင်မြင်ရင် အခြား မြို့တွေ ဖြစ်တဲ့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော မြို့တွေ မှာလည်း စီမံကိန်းတွေ ချပြီးဆောင်ရွက်ဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ မူဆလင်လူနည်းစုတွေ အတွက် ဒီလို နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးတာတွေ သီးသန့် စီမံကိန်းထားပြီး မလုပ်ဆောင်တော့တဲ့ အပေါ်မှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ရှုမြင်ပါတယ်။

"ဝါဒဖြန့်နေတဲ့ ဆိုတဲ့ ပုံစံမျိုးရှိလို့ ဒီနေ့ထက်ထိ အဲ့ဒီ့ဒေသမှာ စစ်တွေတို့မှာဆို သိန်းကျော်ရှိတယ်။ မောင်တောမှာလည်းရှိတယ်။ ဘူးသီးတောင်မှာလည်း ရှိတယ်။ အဲ့သလို အစုလိုက်ရှိတဲ့နေရာတွေမှာတောင်မှ ကျနော်တို့ ၉၆ ယောက်ပဲ လျှောက် ထားတယ်ဆိုတော့ ဒါဟာ သူတို့ တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဘယ်လောက်ပဲ လုပ်ပေးပါစေ ဒီလူတွေကတော့ ဝှိုက်ကဒ်ကို ကိုင်ထားတဲ့ သူတွေကတော့ လာလျှောက်တော့မှာ မဟုတ်ဘူး။ အခုဆိုရင် ဝှိုက်ကဒ်နဲ့လည်း နိုင်ငံသား အခွင့်အရေး ရထားပြီးဆိုတော့ ဒါတွေ ပိုပြီတော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ဟာ ကဗျက်ကယက်နဲ့ နောက်ဆုံးမှာ ဒီလိုပဲ အဆုံးသတ်ဖို့ ကျနော်တို့ မြင်ပါတယ်ခင်ဗျ။"

ဒါပေမဲ့ တစ်ဖက်မှာတော့ မူဆလင် ဘာသာဝင် ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်းရဲ့ အမြင်ကလည်း အခုလို ရှိပါတယ်။

" ကျနော်ကတော့ ပရိုဂျက်ပဲ လုပ်လုပ် ဖျက်လိုက်တယ်ပြောပြော။ ဒါပေမဲ့ ကျနော် အဓိက ပြောချင်တာကတော့ ကျနော်တို့ဆီမှာ ရှိနေတဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေရဲ့ Generation ကို ကြည့်ရမယ်ဗျ။ အရင်တုန်းက အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူတွေရဲ့ သူတို့ရဲ့မိဘတွေ ဘိုးဘွားတွေ ရှိမယ်ဆိုရင် အဲ့တာတွေကို နိုင်ငံ သား လျှာက်ဆိုပြီးတော့မှ ပုံမှန် နိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ ကျနော်တို့က ထုတ်ပေးမယ်ဆိုရင်တော့ အချိန်တို အတွင်းမှာလည်း ပြီးသွားနိုင်တယ်။ ကျနော်တို့ ဒီပြသနာ လည်း ပြေလည် သွားနိုင်တယ်။"

၂၀၁၄ ခုနှစ် အတွင်းက မြေပုံမြို့နယ်ထဲမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေး စမ်းသပ် စီမံကိန်းအရ ယာယီ သက်သေခံလက်မှတ်ရှိတဲ့ လူ ၂၀ ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ နိုင်ငံသားစိစစ်ရေး ကတ် ရရှိဖို့ အခွင့်အရေးရှိတဲ့ ထဲက လူ ၂၀၀ လောက်ကိုလည်း ယာယီ သက်သေခံ လက်မှတ် White Card တွေလည်း ထုတ်ပေးခဲ့ပါတယ်။

ဒီစီမံကိန်းကို ဒေသခံ ရခိုင် လူမျိုးတွေက အပြင်းအထန် ကန့်ကွက်ခဲ့ပြီးတော့ ရခိုင်ပြည်နယ် မြေပုံမြို့ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ဒီအစီအစဉ် အတွက် ရောက်ရှိချိန်မှာ အိမ်တံခါးတွေ ပိတ်ပြီး ဆန္ဒပြခဲ့တဲ့ ထိ ပြင်းထန်မှုတွေ ရှိခဲ့ပါတယ်။

လတ်တလောမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ လုပ်တဲ့ နေရာမှာ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ အထူးသဖြင့် White Card ကိုင်ဆောင်သူ အများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ် အတွင်းက မူဆလင်လူနည်းစုတွေ အနေနဲ့ အခုလို အခွင့်အရေး ရရှိတဲ့ အပေါ်မှာ ကန့်ကွက်မှု တွေ ရှိနေပြီး အငြင်းပွားမှုတွေ လည်း ရှိနေတာပါ။

XS
SM
MD
LG