သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အရပ်သားလက်နက်ကိုင်ဆောင်ခွင့် ဥပဒေအရ ခွင့်ပြုမည်


(ယခင်ပုံဟောင်း) PDF အဖွဲ့တွေကိုင်ဆောင်တဲ့ လက်လုပ်သေနတ်များ
(ယခင်ပုံဟောင်း) PDF အဖွဲ့တွေကိုင်ဆောင်တဲ့ လက်လုပ်သေနတ်များ

အရပ်သားတွေ တရားဝင်သေနတ်ကိုင်ခွင့်ရမယ့် လိုင်စင်နဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်အတည်ပြုလိုက်ပြီးနောက်၊ နည်းဥပဒေ စည်းကမ်းသတ်မှတ်ချက်တွေ ထပ်မံထုတ်ပြန်သွားပြီးရင်တော့ လက်နက်ကိုင်ဆောင်မှုနဲ့ တင်သွင်းခွင့်တွေ စတင်ခွင့်ပြုမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက VOA ကို ပြောပါတယ်။ လက်နက်တွေတရားဝင်ကိုင်ဆောင်ခွင့်ပေးလိုက်တာကြောင့် မတည်ငြိမ်မှုတွေ ပိုဆိုးလာမလား စိုးရိမ်တာတွေလည်းရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ အရပ်သားတွေကို သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးဖို့ ခွင့်ပြုတဲ့ ဥပဒေမူတရပ်ကို အရေးပေါ်ကာလနှစ်နှစ်ပြည့်ပြီးချိန်မှာ စစ်ကောင်စီက ပြန်လည်ပြင်ဆင်အတည်ပြုခဲ့တာပါ။ လက်ရှိတိုင်းပြည်လိုအပ်ချက်အရ ဒါကိုပြန်လည် အသက်သွင်းတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ နောက်ထပ်လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကို ထပ်မံထုတ်ပြန်သွားပြီးရင် လက်နက် ကိုင်ဆောင်ခွင့်နဲ့ တင်သွင်းခွင့်တွေ စတင်ခွင့်ပြုမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

"မှန်ပါတယ်။ ၁၉၇၇ကထုတ်ပြန်ခဲ့တဲ့ ဥပဒေရှိပါတယ်။ အဲမှာလိုအပ်တဲ့ခေတ်အခြေအနေနဲ့မကိုက်ညီတာတွေကိုပြုပြင်ပြောင်းလဲပြီး ပြန်လည်ထုတ်ပြန်တာဖြစ်ပါတယ်။ ဒီဟာတွေအတွက်ကတော့ ကျနော် တို့နောက်ထပ် သီးသန့်လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ပါလိမ့်မယ်ဗျ။ လုပ်ထုံးလုပ်နည်းအရ ဘယ်လို လျှောက်ထားရမလဲဆိုတာမျိုးတွေ အသေးစိတ်ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ လုပ်ထုံးလုပ်နည်းနဲ့ ထပ်ရှိလာဦးမယ်ဖြစ်ပါတယ်။"

အရပ်သားပြည်သူတွေ တရားဝင်လက်နက်ကိုင်ခွင့်ကို ရှစ်လေးလုံးအရေးအခင်းကာလအလွန်ကစလို့ နှစ်ပေါင်း ၃၀ ကျော် ကန့်သတ်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေမှာ ထူးခြားချက်တွေရှိနေပြီး အထူးခြားဆုံးကတော့ လက်ဝယ်ရှိနေတဲ့သေနတ်တွေကိုပါ လိုင်စင်နဲ့ကိုင်ဆောင်ခွင့်ပေးမယ့်ကိစ္စပါ။

ဥပဒေအသစ်အရ လက်နက်ကိုင်ဖို့ လိုင်စင်လျှောက်ချင်ရင် ဝန်ထမ်းမဟုတ်သူတွေက ရပ်ကွက် ထောက်ခံစာနဲ့ရဲစခန်းထောက်ခံစာယူပြီး မြို့နယ်ရဲစခန်းမှာ လိုင်စင်လျှောက်ရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်ကတော့ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲရဲ့ ထောက်ခံချက်ပါရှိရမှာဖြစ်ပါတယ်။

လက်နက်ကိုင်ဆောင်ခွင့်အတွက်အရည်အချင်းပြည့်မီသူတွေကို လိုင်စင်နဲ့ ကိုင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲက ကြိုက်နှစ်သက်ရာ သေနတ်အမျိုးအစား ၃ လက်အထိ ကိုင်ဆောင်ခွင့်ပြုထားပါတယ်။ ဝန်ထမ်းတွေကတော့ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲက ၃ လက်အပြင် ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတစ်လက်ကိုပါ ကိုင်ဆောင်ခွင့်ရမယ်လို့ ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။

တပ်က အငြိမ်းစားယူသူတွေကိုတော့ စစ်ဘက်လိုင်စင်နဲ့ ကိုင်ထားတဲ့ ကိုယ်ပိုင်သေနတ်တွေကို အရပ်ဘက်လိုင်စင်နဲ့ ဆက်လက် ကိုင်ဆောင်ခွင့်ပြုဖို့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် သေနတ်တွေအတွက် ပါမစ်လျှောက်ထားရင်တော့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကတစ်ဆင့် ပြည်ထဲရေး ဝန်ကြီးဌာနကို တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားနဲ့ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစား ဆိုပြီး နှစ်မျိုးခွဲထားပြီး လိုင်စင်သက်တမ်းက တစ်နှစ် ဖြစ်ပါတယ်။ လိုင်စင်နဲ့ရော ပါမစ်နဲ့ပါချထားပေးတဲ့ သေနတ်တွေမှာ စနိုက်ပါနဲ့ အသံတိတ်ကိရိယာတွေ တပ်ဆင်အသုံးပြုခွင့် မပြုထားပါဘူး။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လုံခြုံရေး အရပြည်သူလူထုရဲ့ တောင်းဆိုမှုတွေများပြားလာလို့ ဒီဥပဒေကိုပြင်ဆင်ထုတ်ပြန်ရတာလို့ ပြောပါတယ်။

"အခုအချိန်မှာ NUG CRPH အကြမ်းဖက်အဖွဲ့တွေအနေနဲ့ သာမန်ပြည်သူလူထုအပေါ် ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေတာတွေ့ရတယ်။ မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်မှာ ညီမျှသော ခုခံကာကွယ်ပိုင်ခွင့် ပေးရမှာဖြစ်တယ်။ ဒီဟာမှာ ပြည်သူလူထုဘက်ကတောင်းဆိုလာတာတွေရှိတယ်။ အသက်နဲ့ စည်းစိမ် ဥစ္စာ မိမိရဲ့ကာကွယ်ခုခံခွင့်ကိုခြိမ်းခြောက်နေတဲ့ အပြုအမူတွေရှိလာတယ်။ ဒါတွေကြောင့်မို့ သင့်တော် မယ့်သူတွေ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမယ့်သူတွေ နောက်စောင့်ထိန်းနိုင်သူတွေဒါတွေကိုကျနော် တို့ပေးမှာဖြစ်တယ်။"

ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်ပေးထားတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာတောင် လက်နက်ကိုင်ဆောင်မှုကန့်သတ်ဖို့ တောင်းဆိုမှုတွေရှိနေချိန်၊ မြန်မာနိုင်ငံလို ပဋိပက္ခအရှိန်မြင့်နေတဲ့ နိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်တဲ့အပေါ် ဥပဒေပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ ခုလို သုံးသပ်လိုက်ပါတယ်။

"အကောင်းဘက်ကဖြစ်ထွန်းလာဖို့တော့ ဘာတစ်ခုမှမရှိဘူး။ အဆိုးဘက်ကတော့ ဘယ်လောက်ထိ ဆိုးသွားနိုင်မလဲဆိုရင် လက်နက်တွေကိုင်ဆောင်ပြီးတော့မှ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုလုံးဝ ပျက်သုန်းသွားပြီးတော့မှ မတည်မငြိမ်မှုတွေပိုတိုးပွားလာမယ်။ လက်နက်သဘောသဘာဝအရ ကိုင်ဆောင်သူကိုသွေးကြွစေတဲ့အတွက် အလွယ်တကူပစ်တာခတ်တာတွေ ဖြစ်လာမယ်။ ကြားထဲမှာ နိုင်ငံသားတွေအတွက်ကတော့ အဖက်ဖက်က ဟိုဘက်ဒီဘက် ၂ ဖက်စလုံးကိုကြောက်ရွံထိတ်လန့်တာတွေ တော်တော်ကိုဒုက္ခများမယ့်အခြေအနေ အန္တရာယ်ကြီးတဲ့အခြေအနေလို့မြင်ပါတယ်။"

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်နက်ကိုလိုင်စင်နဲ့ခွင့်ပြုလိုက်လို့ ပဋိပက္ခတွေ ပိုများလာမှာ သွေးထွက်သံယိုမှုတွေပိုများလာမယ်ဆိုတဲ့ အယူအဆကို လက်မခံပါဘူး။ နိုင်ငံတကာစံနှုန်း စံထားအတိုင်း စည်းမျဉ်းထုတ်ထားလို့ ပြဿနာမရှိနိုင်ဘူးလို့ သူကပြောပါတယ်။

"ဒီအတွက်ကတော့ဘာမှဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ဒါလုပ်ဆောင်ရမယ့် .ကိစ္စတခုဖြစ်တယ် လို့ဘဲကျနော်တို့ခံယူပါတယ်။ ကျနော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပြန်ကြည့်မယ်ဆိုရင် ကျနော်တို့သည်နိုင်ငံတကာစံချိန်စံနှုန်းထက်တစ်ခုမှမလျော့နည်းဘူးလို့ပြောချင်ပါတယ်။"

အရပ်သားတွေကို သေနတ်ကိုင်ခွင့်ပြုတာဟာ စစ်ကောင်စီကို လိုလားတဲ့ အဖွဲ့တွေကို အခွင့်အာဏာပေးရာ ရောက်နိုင်ပြီး နိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်နီးပါး အပြန်အလှန် တိုက်ခိုက်မှုတွေကို ပိုပြီးအရှိန်မြင့်လာမှာ စိုးရိမ်ရတယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}

















XS
SM
MD
LG