သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမြို့တော်ဝန် မဏ္ဍပ်အနီး ပေါက်ကွဲမှုဖြစ်ပွား


ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးမြို့ နန်းတော်ရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတဦးကိုတွေ့ရစဉ်
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးမြို့ နန်းတော်ရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတဦးကိုတွေ့ရစဉ်

သင်္ကြန်ပွဲ ကျင်းပနေတဲ့ မန္တလေး မြို့တော်ဝန်မဏ္ဍပ်အနီး ကျုံးဘေးက ဆိုင်ကယ်တွေ ရပ်နားတဲ့နေရာအနီး ဒီနေ့မနက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာက ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ လတ်တလော ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သင်္ကြန်ကာလ မန္တလေးမြို့က ပေါက်ကွဲမှုအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ဒီကနေ့ မဟာသင်္ကြန်အကျနေ့ ရေကစားပွဲတွေ ကျင်းပနေတဲ့ မန္တလေး ကျုံးဘေး ၇၁ လမ်း ၂၆ လမ်းနဲ့ ၂၇ လမ်းက ဆိုင်ကယ်တွေ ရပ်နားတဲ့နေရာမှာ မနက် ၁၀ နာရီခွဲလောက်က ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။

“ကျွန်တော်တို့က ပထမတကြိမ် အုံးဆိုပြီး အသံကြားတော့် လှမ်းမြင်လိုက်ရတယ်။ နည်းနည်းတော့ တုန်လှုပ်သွားတာပေါ့။ တချက်သွားပြီးတော့ နားစွင့်နေတဲ့အချိန်မှာ ၅ မိနစ်လောက်ပဲခြားတယ်။ နောက်ထပ် ထပ်ပေါက်တယ်။ ဆိုင်ကယ်တွေ မြောက်သွားတာတော့ တွေ့လိုက်တယ်။ မီးခိုးလုံးကြီးကလည်း အုံးဆိုပြီး ထောင်တက်သွားတာ။ ပြည်သူတချို့ကတော့ အဲ့ဒီနားမှာ ဆိုင်ကယ်တွေ ထားခဲ့တယ်။ ကားတွေ ထားခဲ့တယ်။ သွားယူချင်တာပေါ့နော်။ သူတို့ဟာတွေ ထိခိုက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဟိုဟိုဒီဒိတော့ ဖြစ်တာပေါ့။ လုံခြုံရေးတွေကတော့ ပေးမသွားဘူးပေါ့ အန္တရယ်များမှာစိုးလို့။”

ပေါက်ကွဲမှုကြောင့် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း အခင်းဖြစ်ရာမှာ အကူအညီပေးသူ တယောက်က ပြောပါတယ်။

“၁၂ ယောက် ထိတာပေါ့။ ကျွန်တော်တို့အပေါ်မှာ ပါခဲ့တဲ့သူတွေကတော့ ပွန်းပဲ့ဒဏ်ရာပဲ ရှိတာပေါ့။ (ဗုံး) အစမှန်တာလို့ပဲ ပြောရမှာပေါ့။ ဆိုင်ကယ်ကတော့ ၂ စီး ၃ စီးလောက်တော့ ပျက်စီးမှာပေါ့။ ကျွန်တော်တို့ကလည်း ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို စိုးရိမ်စိတ်နဲ့ မြန်မြန်ကောက်တင်ပြီး ကျန်တဲ့နောက်ပိုင်းဟာတွေကို လှည့်မကြည့်တော့ဘူး။”

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိတဲ့အထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ဆိုင်ကယ်ရပ်နားတဲ့နေရာဟာ မန္တလေး မြို့တော်ဝန်မဏ္ဍပ်နဲ့ ပေ ၈၀၀ လောက်ကွာဝေးပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ဆေးတာတွေ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်လို ရေဆော့ကစားနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့က သင်္ကြန်မဏ္ဍပ်ရှိတဲ့နေရာအနီးမှာ ရဲနဲ့စစ်တပ် လုံခြုံရေးယူနေပြီး အရင်နှစ်တွေကထက် ပိုပြီးတင်းကြပ်တယ်လို့လည်း ဆိုပါတယ်။ ပေါက်ကွဲတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးသလို၊ ဘယ်သူကမှလည်း သူတို့လက်ချက်ဆိုပြီး လတ်တလော သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Forum

XS
SM
MD
LG