သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန်အပေါ် ရုရှားပိတ်ဆို့မှု တန်ပြန်ချမှတ်


ပိုလန်နိုင်ငံက တင်ပို့တဲ့ အသီးအနံှတွေကို တင်သွင်းခွင့် ရုရှားက ဗုဒ္ဓဟူးနေ့မှာ ပိတ်ပင်လိုက်ပါတယ်။ ယူကရိန်း ပဋိပက္ခမှာ ရုရှားနိုင်ငံရဲ့ ပါဝင် ပတ်သက်မှုကြောင့် EU ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ရုရှားအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်ပြီး နောက်တနေ့မှာ ရုရှားဘက်က ပိတ်ဆို့အရေးယူမှု အသစ်ကို တန်ပြန် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ EU တို့က အင်္ဂါနေ့မှာ ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေကို လက်စားချေတဲ့အနေနဲ့ EU အဖွဲ့ဝင် ၂၈ နိုင်ငံစလုံးက သွင်းကုန်တွေ အားလုံးကို ပိတ်ဆို့ ဟန့်တားမှု ပြုလုပ်နိုင်ကြောင်းလည်း ရုရှားအစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့က ပျက်ကျသွားခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းကို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တပ်ဖွဲ့တွေ ပစ်ချလို့ရအောင် ရုရှားက ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တဲ့အတွက် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်ဖို့ ပိုလန်က လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း တောင်းဆိုလိုက်ပြီးတဲ့နောက်မှာ ရုရှားဘက်က အခုလို ပိတ်ဆို့ အရေးယူမှု ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ လောင်စာစွမ်းအင်၊ ကာကွယ်ရေး၊ နည်းပညာပိုင်းနဲ့ ငွေကြေးဆိုင်ရာ ကဏ္ဍတွေကို အဓိက ပစ်မှတ်ထား ချမှတ်ခဲ့တဲ့ EU နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ ဖျက်လို ဖျက်ဆီးသဘော သက်ရောက်စေပြီး အမြင်ကျဉ်းမြောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေငြာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ လေလုံးထွားပြီး တရားစီရင်သူလို ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်နေတဲ့အတွက် အမေရိကန် - ရုရှား ဆက်ဆံရေးကို ရေရှည်မှာ ထိခိုက်စေနိုင်တယ်လို့လည်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း - ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပျက်ကျသွားတဲ့ မလေးရှားလေကြောင်းလိုင်း MH17 နေရာကို သွားကြမယ့် နိုင်ငံတကာက စုံစမ်း စစ်ဆေးရေးမှူးတွေကို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက သွားရောက်ခွင့် မပြုတဲ့အတွက် နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။

သူပုန်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် OSCE လို့ခေါ်တဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးရေးမှူးတွေဟာ သူတို့ရဲ့ အခြေစိုက်စခန်းရှိရာ Donetsk မြို့ကို ပြန်လှည့်ခဲ့ရတယ်လို့ ဥရောပအရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG