သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Animal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style Idioms ကဏ္ဍမှာ Animals (တိရိစ္ဆာန်တွေ) ကို အခြေခံတဲ့ Eight- hundred-pound gorilla, Elephant in the room နဲ့ Lion’s share တို့ကို တင်ပြထားပါတယ်။

(၁) Eight-hundred-pound gorilla

Eight-hundred (၈၀၀)၊ pound (အလေးချိန်ပေါင်)၊ gorilla (အာဖရိက လူဝံကြီး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပေါင် (၈၀၀) လေးတဲ့ လူဝံကြီးဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ အီဒီယံအဓိပ္ပါယ်ကို ရှင်းရမယ်ဆိုရင် ပေါင် (၈၀၀) လေးတဲ့ လူဝံကြီး ဘယ်မှာ ထိုင်မလဲဆိုတဲ့ ပဟေဠိရဲ့ အဖြေမှာရှိတယ်လို့ ဆိုပါတယ်။ ပေါင် (၈၀၀) ရှိတဲ့ လူဝံကြီးအနေနဲ့ သူ့လောက်ကြီးတဲ့အကောင် မရှိသလို၊ သူ ကြောက်ရမယ့်တခြားအကောင်လဲ မရှိတာမို့ ပဟေဠိရဲ့ အဖြေကတော့ သူ ထိုင်ချင်တဲ့နေရာမှာ သူထိုင်မယ်။ ဘယ်သူကိုမှဂရုစိုက်စရာမလိုဘူးဆိုတဲ့သဘောပါ။ အကောင်ကကြီးနေတော့ဘယ်သူ့ကိုမှကြောက်စရာမလိုတာဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်းအလားတူပါဘဲ။ အထူးသဖြင့် နိုင်ငံရေးမှာ သိပ်ကိုအင်အားကြီးနေတော့ ဘယ်ဥပဒေ၊ ဘယ်စည်းကမ်း၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အမိန့်ကိုမှ ကြောက်စရာ မလိုတော့တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့ ပုဂ္ဂိုလ်မျိုး ဒါမှမဟုတ် နိုင်ငံကို ဆိုလိုတာ ဖြစ်ပါတယ်။ စစ်ရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ်၊ သံတမန်ရေး အနေအထားပဲဖြစ်ဖြစ် လုပ်ချင်ရာ လုပ်လို့ရလောက်အောင် အင်အားကြီးမားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ မကြာသေးခင်က အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကြားနာစစ်ဆေးပွဲတခုမှာ မြောက်ကိုရီးယားအတွက် စားနပ်ရိက္ခာ နဲ့ လောင်စာ ၈၀% လောက် ထောက်ပံ့နေတဲ့ တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ်သိပ်ကိုလွှမ်းမိုးမှု ရှိတဲ့အတွက်ကြောင့် အဲဒီကြားနာစစ်ဆေးပွဲကော်မတီဥက္ကဋ္ဌက တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားအတွက်တော့ ပေါင် (၈၀၀) လေးတဲ့ လူဝံကြီးနဲ့ တူတယ်လို့တုနှိုင်းပြောခဲ့ ပါတယ်။ တနည်းအားဖြင့် နိုင်ငံတကာ ဝိုင်းကျဉ်ထားတဲ့၊ ထိန်းလို့ခက်နေတဲ့ မြောက်ကိုရီးယားကို တရုတ်က တကယ်လို့ ထိန်းချင်ရင် ထိန်းလို့ရတဲ့ အနေအထား၊ မြောက်ကိုးရီးယားကတရုပ်ကိုကျမတို့မြန်မာဘန်းစကားအရအတော့ဖြုန်ရမဲ့၊ ကြောက်ရမဲ့အနေအထားမျိုးရှိနေတာကို သူက ထောက်ပြသွားတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

China supplies eighty percent of North Korea’s food and energy. So, China is the eight-hundred -pound gorilla for North Korea.

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာနဲ့ လောင်စာအသုံး (၈၀) ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေတာဖြစ်တော့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားကကြောက်ရမဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖြည့်စွက်တင်ပြလိုတာက လူဝံတွေအနေနဲ့ ပျမ်းမျှအားဖြင့်အလေးချိန်ပေါင် (၄၀၀) ရှိကြပြီး သိပ်ကို အရွယ်အစား ကြီးမားလွန်းရင် ပေါင် (၆၀၀) အထိရှိတာ ဖြစ်ပါတယ်။ ဒီအသုံးမှာ ပေါင် (၈၀၀) ဆိုတော့ ရှိသင့်တာထက် ပိုပြီးကြီးမားနေတာကို တင်စားပြောထားတာဖြစ်ပါတယ်။

(၂) Elephant in the room

Elephant (ဆင်)၊ in (အထဲမှာ) the room (အခန်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကအခန်းထဲမှာရှိတဲ့ ဆင် ဖြစ်ပါတယ်။ ဒီနေရာမှာတိရိစ္ဆာန်တွေထဲ၊ သိပ်ကိုအရွယ်အစားကြီးလှတဲ့ဆင်တကောင်အခန်းထဲရောက်နေတဲ့သဘောကိုသွယ်ဝိုက်တဲ့အီဒီယံအဓိပ္ပါယ်အရရှင်းရမယ်ဆိုရင်၊ နေ့စဉ်ဘဝမှာ လူ့အဖွဲ့အစည်းတခုခုအတွက် သိပ်ကို ကြီးမားတဲ့ပြဿနာ ပြဿနာ ရှိနေတာကို သိထားပေမယ့်လို့လဲ အကြောင်းအမျိုးမျိူးကြောင့် လူတွေက ပြောဖို့၊ ဆွေးနွေးဖို့ တင်ပြဖို့၊ ခက်ခဲနေတဲ့ ပြဿနာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းတော့ ကိစ္စတခုခုဟာ သိပ်ကိုအရေးကြီးလွန်းလှပြီး၊ ပြဿနာဖြစ်တယ်ဆိုတာကို သိထားပေမယ့်လို့လဲ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး စသဖြင့် တို့ကြောင့် ဘယ်သူကမှစပြီး ပြောဖို့၊ ဖြေရှင်းဖို့ မလုပ်ကြတဲ့ ပြဿနာမျိုး၊ ကိုင်တွယ်ရမှာကို လက်တွန့်တဲ့ ပြဿနာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမထွက်တာ၊ မပြောချင်တာ၊ ပြောဖို့ မျက်နှာပူတာ၊ ပြောဖို့ဝန်လေးတဲ့ ပြဿနာမျိုးကို ဆိုလိုတာ ဖြစ်ပတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The elephant in the room for this country is religious issue.

ဒီနိုင်ငံမှာ လူတွေ ဆွေးနွေးဖြေရှင်းဖို့ ဝန်လေးတဲ့ ပြဿနာကြီးတရပ်ကတော့ဘာသာရေးကိစ္စရပ်ဖြစ်ပါတယ်။

(၃) Lion’s share

Lion’s (ခြင်္သေရဲ့)၊ share (ဝေပုံကျ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခြင်္သေ့ရဲ့ ဝေပုံကျ ဖြစ်ပါတယ်။ ဒီအသုံးက ရှေး Latin တိရိစ္ဆာန်ပုံပြင်က ဆင်းသက်လာတာပါ။ ပုံပြင်ထဲမှာတော့ နွား၊ သိုး၊ ဆိတ် နဲ့ ခြင်္သေ့တို့ အစာရှာထွက်ကြပြီး ရတဲ့အစာကို ခွဲဝေတဲ့အခါမှာ ခြင်္သေ့က တာဝန်ယူပြီး ခွဲဝေရာမှာ သူက တိရိစ္ဆာန်တွေရဲ့ ဘုရင် ဖြစ်တဲ့အတွက်ကြောင့် သူက ပထမတစ်ပုံယူမယ်။ ဒုတိယအပုံကျတော့လဲ သူက အစာရှာထွက်တဲ့အဖွဲ့မှာ သူပါလို့ တစ်ပုံရသင့်တယ်။ တတိယအပုံကျတော့လဲ သူဟာ အားလုံးထဲမှာ အားအကောင်းဆုံးဖြစ်လို့ သူယူမယ်။ နောက်ဆုံးအပုံကျတော့လည်း အဲဒီအပုံကို ယူရဲယူကြည့်၊ သူနဲ့ တွေ့မယ်ဆိုတော့ လေးပုံလုံးစလုံးကို ခြင်္သေ့က ယူတဲ့ ပုံပြင်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ဝေပုံကျခွဲရာမှာ အများစုကိုယူတာကို Lion’s share လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Lion’s share of the national budget goes to the military.

နိုင်ငံရဲ့ အသုံးစရိတ်မှာ အများဆုံးကတော့ စစ်ရေးအတွက် ရာထားတာ တွေ့ရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ တိရိစ္ဆာန်တွေကို အခြေခံပြီး ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက Eight-hundred pound gorilla, Elephant in the room နဲ့ Lion’s share တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG