သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီပူပြင်းလို့ မန္တလေး မတ္တရာဒေသ စစ်ရှောင်တွေ ဖျားနာ


မြန်မာပြည်နဲ့အယ်လ်နီညိုရာသီဥတု (ယခင်မှတ်တမ်းဓာတ်ပုံ)
မြန်မာပြည်နဲ့အယ်လ်နီညိုရာသီဥတု (ယခင်မှတ်တမ်းဓာတ်ပုံ)

အယ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတု ပူပြင်းလာတဲ့အတွက် မန္တလေးတိုင်း မတ္တရာမြို့က စစ်ဘေးရှေုာင်တွေ ဖျားနာနေပါတယ်။ အပူချိန်မြင့်တက်ပြီး နောက်ဆက်တွဲရာသီဥတု ဖြစ်စဉ်တွေကိုလည်း သတိပြုသင့်တယ်လို့ မိုးဇလ တာ ဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုဇော်မိုးကျော် က တင်ပြပေးထားပါတယ်။

အယ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတု ပူပြင်းလာတာနဲ့အတူ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက တိမ်းရှောင်နေရတဲ့ ဒေသခံတွေ ဖျားနာနေကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတာတွေကြောင့် မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ စစ်ဘေးရှောင် ၁,၀၀၀ နီးပါး တောတောင်တွေထဲ စစ်ဘေးရှောင်နေရတာပါ။ စစ်ဘေးရှောင်ပြည်သူတွေ ဖျားနာတဲ့အခြေအနေနဲ့ပတ်သက်လို့ မတ္တရာမြို့နယ် သတင်းတာဝန်ခံက အခုလို ပြောပြပါတယ်။

“ဖျားနာတာတွေရှိတယ်။ ပြည်သူတွေထဲမှာ ဖျားနာတာတွေရှိတယ်။ စစ်ဘေးရှောင်တွေထဲမှာ။ ရာသီဥတုကြောင့်လို့ပဲ ပြောရမှာပေါ့နော်။ ရာသီဥတုက အခုချိန်က အပြောင်းအလဲလည်း ဖြစ်တယ်။ ကျနော်တို့ ဒီဘက်ညခင်းမှာ အေးတဲ့အနေအထားရှိတယ်။ မနက်ခင်း ၇ နာရီလောက်ဆို စပြီးတော့ပူနေပြီ။ အဲ့လိုရာသီဥတု အပြောင်းအလဲမှာ ဖျားနာနေတဲ့ အနေအထားတွေရှိနေတယ်။”

နာမကျန်း ဖျားနာသူတွေကိုတော့ မတ္တရာအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက ကျန်းမာရေး စောင့်ရှောက်မှုပေးတာတွေရှိတယ်လို့လည်း ပြောပါတယ်။ အချို့ဒေသခံတွေမှာ စစ်တပ်ရဲ့ စစ်ဆေးတာတွေကြောင့် မြို့တက် ဆေးဝါးကုသဖို့ အခက်အခဲတွေရှိနေပါတယ်။

အခုလို အယ်နီညိုဖြစ်စဉ်ကြောင့် လာမယ့်ရက်ပိုင်းအထိ အပူချိန်ဆက်လက်မြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ပြောပါတယ်။ ပူပြင်းတဲ့ရာသီဥတုနဲ့အတူ နောက်ဆက်တွဲ လေပြင်းတိုက်ခတ်တာ မိုးရွာသွန်းပြီး မိုးသီးကြွေတာတွေကိုလည်း သတိပြုသင့်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ပြောရေး ဆိုခွင့်ရှိသူ ဦးလှထွန်းက ပြောပါတယ်။

“အယ်နီညိုရဲ့ သဘောတရားအရတော့ မိုးရွာသွန်းမှုနည်းတယ်။ မိုးရွာသွန်းမှုနည်းတော့ အပူချိန်တွေ မြင့်တယ်ပေါ့။ အဲ့တော့ နွေရာသီရောက်လို့ အပူချိန်မြင့်တာရယ်၊ အယ်နီညိုကြောင့် မိုးရွာသွန်းမှုတွေ လျော့နည်းလို့ လာမယ့်ရက်တွေလည်း နည်းနည်းစီလောက်တော့ ထပ်တိုးအုံးမှာပေါ့။ အပူပျံတဲ့ မိုးတိမ်တောင်တွေဖြစ်တယ်။ မိုးတိမ်တောင်တွေကဖြစ်တဲ့ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးထစ်ချုန်းရွာတာတွေ အပူနဲ့ဆက်စပ်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေပေါ့။”

ပြီးခဲ့တဲ့ မေလ ၂၁ ရက်ကလည်း ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာ အချိန်အခါမဟုတ် လေပြင်းတိုက်ခတ် မိုးရွာသွန်းတာကြောင့် ရာနဲ့ချီနဲ့နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။ နေ့အပူချိန် မြင့်တက်တာနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း အေးမြတဲ့အရိပ်ထဲနေထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေ ရှောင်ကျဉ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG