သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲ နှင့် ရိုက်ခတ်လာနိုင်တဲ့ ဂယက်


မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဖေဖေါ်ဝါရီလ ၁၄၊ ၂၀၂၄)
မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဖေဖေါ်ဝါရီလ ၁၄၊ ၂၀၂၄)

အရှိန်မြင့်လာနေတဲ့ ရခိုင်တိုက်ပွဲ ကို အခုအချိန်ထိ တရုတ်က ကြားဝင်စေ့စပ်နိုင်ခြင်းမရှိသေးပါဘူး။ ရှမ်းမြောက်မှာလို အောင်အောင်မြင်မြင် စေ့စပ်ပေးနိုင်ဖို့အတွက် ဘယ်လိုအခက်အခဲတွေရှိပါသလဲ။ ရှေ့ဆက်ဘယ်လိုဖြစ်လာနိုင်ပါသလဲဆိုတာ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အခုဆိုရင် ရခိုင်ဒေသမှာ တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။ ပြီးတော့ AA ကလည်း မြောက်ပိုင်းဒေသတချို့ကို သိမ်းထားတယ်ဆိုတော့ ရှေ့အလားအလာက ဘယ်လိုရှိပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ ‌ပြတ်ပြတ်သားသား ပြောဖို့ကတော့ ခက်ပါသေးတယ်။ AA ကတော့ ဆက်ပြီးတော့ သိမ်းပိုက်ဖို့ကြိုးစားမှာပဲ ထင်ပါတယ်။ မြောက်ပိုင်းတင်မကဘူး အလယ်ပိုင်းလို့ပြောရမယ့် ဒီကျောက်ဖြူတို့ ရမ်းဗြဲကျွန်းတို့ကို သူတို့က ဦးတည်ပြီးတော့ လုပ်လာနေတာ တွေ့ရပါတယ်။ တိုက်ပွဲအ‌ခြေအနေကတော့ ပြီးဦးမှာ မဟုတ်သေးပါဘူး အဓိကတခုက ဒီရခိုင်ပြဿနာက နိုင်ငံတကာရဲ့ ပါ၀င်ပတ်သတ်မှု အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါ၀င်ပတ်သတ်မှုပေါ့။ အိမ်နီးချင်းဆိုတာ အရှေ့ဘက်အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား‌‌ဒေ့ရှ်ရယ် သူတို့ရဲ့ ပါ၀င်ပတ်သတ်မှု ရှိနေတဲ့အတွက်ကြောင့် ဒီဟာက ပိုပြီးရှုပ်ထွေးနိုင်ပါတယ်။ နောက်စိတ်မကောင်းစရာ အကောင်းဆူံးကတော့ ပြည်သူလူထုရဲ့ ဒုက္ခ‌ရောက်တဲ့ကိစ္စပါပဲ။ ဒီကိစ္စတွေက ဆက်လက်ပြီးတော့ ရှိနေဦးမယ်။ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေဦးမယ်လို့ ယူဆရပါတယ်။

မေး ။ ။ ဒီလိုဒီတိုက်ပွဲတွေကြားမှာ ပြည်သူလူထုက တကယ်ကိုပဲ အတိဒုက္ခနဲ့ကြုံနေရပါတယ်။ ဒီနယ်‌မြေတွေကို စစ်ကောင်စီဘက်ကနေပြီးတော့ ပြန်ပြီးတော့ သိမ်းနိုင်မယ့် အလားအလာရော ရှိပါသလား။

ဖြေ ။ ။ ပြန်သိမ်းနိုင်မယ့် အလားအလာတော့ လောလောဆယ် မတွေ့ရသေးဘူး။ စစ်ကောင်စီ၏ ပြန်သိမ်းရုံလောက်နဲ့လည်း အထူးသဖြင့် ပြည်သူလူထုရဲ့ ဒုက္ခတွေက ပြေလည်သွားမှာ မဟုတ်ဘူးထင်ပါတယ်။ ပြည်သူလူထုအတွက်ကတော့ တိုက်ပွဲတွေ ကျန်တဲ့နေရာမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့် သူတို့က တော်တော်လေး အခက်အခဲကြုံနေရမှာပါပဲ။ ဘယ်စစ်မဆို စစ်ပွဲတခု ဖြစ်လိုက်ပြီဆိုရင် ပထမဦးဆုံးဆုံးရှုံးရသူကတော့ winner-loser ဆိုတာ ပထမဦးဆုံး loserကတော့ ပြည်သူလူထုပါပဲ။ သူတို့ကတော့ မြေစာပင် ဖြစ်ရတာပေါ့လေ။ ဆိုတော့ စစ်မဖြစ်လို့လည်း မရဘူးလားဆိုတော့ စစ်ဆိုတာကလည်း နိုင်ငံရေးအားဖြင့် မပြေလည်နိုင်တဲ့အတွက်ကြောင့် နောက်ဆုံးစစ်ရေးဘက်ကို ကူးပြောင်းသွားရတာ ဖြစ်ပါတယ်။ အဲ့ကိစ္စမှာလည်း နိုင်ငံရေးပြဿနာ ပြေလည်မှု မရှိသမျှကတော့ စစ်ကတော့ ဒီလိုပဲဖြစ်နေဦးမှာပဲ။ ပြည်သူကတော့ ဆက်လက်ပြီးတော့ ဒုက္ခသုတ်ခတွေ ကြုံနေရဦးမယ်လို့ ထင်ပါတယ်။ သူတို့လည်း ကုန်စျေးနှုန်း ကြီးမြင့်တယ်၊ အိုးအိမ်မလုံခြုံဘူး၊ အသက်အိုးအိမ်မလုံခြုံလို့ တခြားဒေသထွက်ပြေးရတာတွေ အစစရာရာ ကြုံနေရပါတယ်။

မေး ။ ။ ဒီအရှေ့မှာပေါ့ ရှမ်း‌မြောက်ကိစ္စမှာတုန်းက တရုတ်ကနေပြီးတော့ ကြား၀င်ပြီးတော့ စေ့စပ်ခဲ့ပါတယ် ဒီရခိုင်ကိစ္စမှာရော တရုတ်ရဲ့သဘောထား ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ တရုတ်ကလည်း စေ့စပ်တယ်ဆိုတာ ပထမတခါ ကျွန်တော်တို့ ပြောလိုက်ရတယ်။ တရုတ်သံအမတ်ကြီးက ဘင်္ဂလား‌‌ဒေ့ရှ် ဒုတိယနိုင်ငံခြားရေး၀န်ကြီးကို ဒါကာမှာတွေ့တယ်။ တွေ့ပြီးတော့ AA နဲ့စစ်ကောင်စီနဲ့ ဖြစ်နေတဲ့ကိစ္စကို ပြေလည်အောင် သူတို့ ညှိနှိုင်းနေပါတယ် အဲ့တုန်းကသူတို့ ညှိနှိုင်းရတဲ့ရည်ရွယ်ချက်ကလည်း ဘင်္ဂလား‌‌ဒေ့ရှ်ကရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ကို ပြန်သွားနိုင်အောင် ကြိုးပမ်းနေပါတယ်ဆိုပြီး ပြောတယ်။ သူတို့ပြောခဲ့သလိုပဲ သိပ်တော့ အဓိပ္ပာယ်မရှိဘူးပေါ့လေ။ ဟိုမှာရှိနေတဲ့ ဒေသခံတွေတောင် နေလို့မရတဲ့ဆီမှာ သူတို့ကို ပြန်သွားလို့ရနိုင်အောင် တရုတ်က စေ့စပ်ပေးနေတယ်ဆိုတာ သိပ်အဓိပ္ပာယ်မရှိပါဘူး။ အဲ့ဒီနောက်ပိုင်းမှာတော့ တရုတ်ရဲ့စေ့စပ်ဖို့ ကြိုးပမ်းအားထုတ်မှုကို သိပ်မတွေ့ရသေးပါဘူး။ တရုတ်အတွက်လည်း ချင့်ချိန်စရာတွေ အများကြီးဖြစ်ပါလိမ့်မယ်။ သူက လွယ်လွယ်လေး မင်းတို့ နှစ်‌‌ယောက်လုံး တော်တော့ဆိုပြီး ပြောလို့ရမယ့် အခြေအနေလည်း မဟုတ်ပါဘူး။ သူတို့အတွက်လည်း ထည့်သွင်းစဥ်းစားစရာတွေ အများကြီးရှိနေလို့ ထင်ပါတယ်။ ဒီကိစ္စမှာတော့ ဆိုတော့သိပ်ပြီးတော့ မလွယ်လှသေးဘူးလို့ ပြောရမှာပါ။

မေး ။ ။ အဲ့တော့ ရခိုင်နဲ့ ရှမ်းမြောက်ကိစ္စနဲ့ကြားမှာ ဘာကွာလို့ပါလဲ

ဖြေ ။ ။ အဓိကအဲ့ဒါပေါ့ ရှမ်းမြောက်က တရုတ်တစ်နိုင်ငံတည်းသာ အဓိက ပါ၀င်ပတ်သတ်တယ်။ ရှမ်းမြောက်မှာ တရုတ်ရဲ့ influence ဩဇာလွှမ်းမိုးမှု ရှိနိုင်တယ်ဆိုတာကို အမေရိကန်လည်း လက်ခံတယ်။ နိုင်ငံတကာကလည်း သဘောပေါက်တယ်။ ဒါက သူတို့ရဲ့ backyard လို့ ပြောတာပေါ့ သူတို့ရဲ့ နောက်ဖေးခြံဝန်းလိုပဲပေါ့။ သူတို့လုံခြုံရေးအတွက် အရေးကြီးတဲ့နေရာ ဖြစ်တယ်ဆိုတော့ တရုတ်က ဝင်စွက်တာကိုလည်း သူတိူ့က သိပ်ပြင်းပြင်းထန်ထန် မပြောကြပါဘူး။ ဒါပေ့မယ့် ရခိုင်လို‌နေရာမျိုးမှာလည်းပဲ တရုတ်ကတော့ အကျိုးစီးပွားတွေ အများကြီးရှိတယ်။ တရုတ် အကျိုးစီးပွားတခုတည်း မဟုတ်ဘူး။ ဒီဘက်က အိန္ဒိယ အကျိုးစီးပွားလည်း ရှိတယ်။ တရုတ်ကတော့ တရုတ်ပြည်က နေရခိုင်ကိုလာပြီး အိန္ဒိယသမုဒ္ဒယဘက်ကိုလာပြီး ထွက်ပေါက်လိုချင်တယ်။ သူတို့ရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့ စီးပွားရေးဇုန်တို့ ပိုက်လိုင်းတို့ ဘာတို့ညာတို့ရှိတယ်။ ထို့နည်းလည်းကောင်းပဲ အိန္ဒိယတို့ကလည်း မီဇိုရမ်ကနေကနေပြီး ပလက်၀ ကနေပြီးတော့ ကုလားတန်မြစ်ကို ဆုန်ဆင်းပြီးတော့ စစ်တွေဆိပ်ကမ်း လုပ်ပြီးတော့ သူတို့ ဖွင့်မယ်။ နောက်တ အိန္ဒိယ၊ မြန်မာပြည်ပေါ့လေ။ နောက်ပြီးတော့ Thailand အဲ့ဒီတော့ အဲ့ဒီလမ်းကိုတောင် သူတို့ ဆက်ပြီးတော့ တိုးချဲ့ချင်နေတာ ဟိုး ဗီယက်နမ်ထိ တိုးချဲ့ချင်တယ်ဆိုပြီးတော့ တလောတုန်းပဲ ဆွေးနွေးနေတာ ရှိပါတယ်ဆိုတော့ ဒီဟာတွေဟာ သိပ်ပြီးတော့ မလွယ်လှဘူး။ အဲ့ဒီနိုင်ငံတွေအပြင် ထိုင်းတောင်မှပဲ ဘင်္ဂလား‌‌ဒေ့ရှ်နဲ့ သူတို့ဟာ စီးပွားရေး လုပ်ချင်ပါတယ်။ ဆိုပြီးတော့ ဟိုတလောတုန်းကသွားပြီး ဆွေးနွေးတာတွေ့တယ်။ ထိုင်း Senator တွေ အထက်လွှတ်တော်အမတ်တွေက ဒီကိစ္စမှာလည်း ရခိုင်နဲ့က တနည်းတဖုံ ပတ်သတ်နေတယ်ဆိုတော့ ဒီဟာတွေက သိပ်ရှုပ်ထွေးနေတယ်ဆိုတော့ တရုတ်တနိုင်ငံတည်း စေ့စပ်လို့လည်း မဖြစ်နိုင်တဲ့သဘောပါ။ ရှမ်းမြောက်ကိုတော့ သူတို့ပြောလိုက်ရင်ရမှာပဲ အဲ့ဒီလို တရုတ်က သူ့တဘက်သတ်လိုချင်လို့ ပြောရင်လည်းပဲ AA အတွက် တခြားစဥ်းစားစရာတွေ တခြားရွေးချယ်စရာတွေလည်း ရှိနေတယ်ဆိုတော့ ဒါတော်တော်လေး တရုတ်အတွက်လည်း အခက်ကြုံရမယ့်နေရာလို့ ယူဆရပါတယ်။

မေး ။ ။ ဒါပေ့မယ့် အခုနပြောတဲ့ အနေအထားဆိုရင် တရုတ်ရဲ့ အကျိူးစီးပွားက ရခိုင်မှာ အများကြီးရှိနေပါတယ်။ အကယ်လို့ပေါ့ တရုတ်ရဲ့ အကျိူးစီးပွားက အာမခံချက် မရှိတော့ဘူးလို့ မြင်လာရင်၊ တဘက်ကနေပြီးတော့ စစ်ကောင်စီကို တဘက်သတ်အားပေးပြီးတော့ AA ကို ချေမှုန်းနိုင်လား။

ဖြေ ။ ။ AA ကို ချေမှုန်းလိုက်လို့ကော သူတို့ရဲ့အကျိုူးစီးပွားက အမြဲတမ်း ငြိမ်းချမ်းတည်ငြိမ်သွားမလား။ အဓိကအားဖြင့်က ဘယ်သူနိုင်တယ်။ ဘယ်သူရှုံးတယ်က သူ့စီးပွား‌ရေး လုပ်ဖို့တွက် stability တည်ငြိမ်မှုကို လိုချင်တယ်။ မြန်မာတပြည်လုံးမှာ ဘယ်သူက တည်ငြိမ်မှု ထိန်းနိုင်မလဲဆိုတာ သူချင့်ချိန်ပြီးတော့ ကြည့်နေတယ်။ ဆိုတော့ စစ်ကောင်စီက အနိုင်ရသွားတယ်။ စစ်ကောင်စီကိုလည်း သူတို့ အပြည့်အ၀ ယုံတာမဟုတ်ဘူး။ စစ်ကောင်စီကလည်း တရုတ်ကို ယုံတာမဟုတ်ဘူး။ တနင်္လာနေ့တုန်းက ပြည်ထောင်စုနေ့သဝဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတယ် - အင်အားကြီးနိုင်ငံကြီးတွေက မြန်မာပြည်ကို သူတို့ အကျိူးစီးပွားအတွက် မတည်ငြိမ်အောင် ၀င်စွက်နေပါတယ်ဆိုပြီး၊ တရုတ်ကိုစောင်းပြောတာပါ။ တည့်တည့်ပြောရမယ်ဆိုရင် သူတို့ကလည်း မယုံသလို တရုတ်ကလည်း သူတို့ကို မယုံဘူး။ မယုံလို့လည်းပဲ သူတို့ပြောလို့မရရင် တရုတ်တို့ ဘာတို့က ၀င်ပြီးတို့လိုက်တာပဲ။ ရှမ်းမြောက်တို့ ဘာတို့မှာဆို အဲ့လိုကိစ္စတွေ အများကြီး ဖြစ်နိုင်တယ်။ အခုန မေးတဲ့မေးခွန်းကို ပြန်ကောက်ရရင် AA ကို ချေမှုန်းဖို့အတွက် စစ်ကောင်စီကို၊ တရုတ်က ပုံအောပြီး ပေးလိမ့်မယ် မဟုတ်ပါဘူး။ အဲ့ဒါပေးတာနဲ့ အဲ့ဒီလို ပုံအောပေးလိုက်တော့‌ရော လုံးဝထာ၀ရ တည်ငြိမ်သွားမှာလားဆိုတာ အရေးကြီးပါတယ်။ အိန္ဒိယတို့က လက်ခံမလား။ တရုတ်က အဲ့ဒီလို လုပ်ပေးလိုက်တယ်ဆိုတော့ အဲ့ဒါလည်းပဲ အများကြီးစဥ်းစားစရာ၊ သို့သော် တရုတ်ကူညီသင့်တယ်ဆိုတာတော့ အထောက်အထားတွေ အများကြီး တွေ့ရပါတယ်။ ကျနော် အထောက်အထားအဟောင်းတွေကိုလည်း ပြန်ပြီးလေ့လာကြည့်တယ် အများကြီးပါပဲ။

မေး ။ ။ ဒီအခြေအနေမှာပေါ့ အိမ်နီးချင်းနောက်ထပ် ဘင်္ဂလား‌‌ဒေ့ရှ်တို့ အိန္ဒိယတို့ကရော ဘယ်လို သဘောထားရှိပါသလဲ။

ဖြေ ။ ။ အဲ့ဒါ‌ပေါ့ အိန္ဒိယကလည်းပဲ အဓိကအိန္ဒိယပေါ့ တရုတ်နဲ့ ပြိုင်ဘက်ဖြစ်တယ်။ အိန္ဒိယရဲ့ မြန်မာနိုင်ငံ သဘောထားမူ၀ါဒမှာ အဓိကအချက်ကတော့ မြန်မာနိုင်ငံသည် အိန္ဒိယရဲ့ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်ရဲ့ဩဇာကို လုံးလုံးမကျ‌ရောက်သွားရေး ဖြစ်တယ်။ အိန္ဒိယရဲ့ မူ၀ါဒ အဲ့ဒါကြောင့် အိန္ဒိယသည် ဒီမိုကရေစီ လှုပ်ရှားမှုကို ပြတ်ပြတ်သားသား မထောက်ခံတာကိုလည်း အဲ့ဒါကို အကြောင်းပြတယ်။ ငါတို့သည် ပြတ်ပြတ်သားသား ထောက်ခံလိုက်ရင် မြန်မာနိုင်ငံစစ်ကောင်စီက တရုတ်ဘက်ကို လုံးလုံးပါဖို့ တရုတ်ဘက်ကို တွန်းပို့လိုက်သလို ဖြစ်သွားမယ်ဆိုတာ အိန္ဒိယက အမြဲတမ်းစိုးရိမ်တယ်။ အိန္ဒိယကလည်း တရုတ်လိုပဲ တဘက်ကို ကြည့်လိုက် ဟိုဘက်ကြည့်လိုက် ကြည့်နေရပါတယ်ဆိုတော့ အစတုန်းကတော့ အိန္ဒိယဟာ စစ်ကောင်စီဖြစ်ဖြစ်၊ ဗဟိုအစိုးရဖြစ်ဖြစ် သဘောတူညီမှု ရရှိ‌ရေးအတွက် ကုလားတန်ဘက်စုံ စီမံကိန်းအတွက် တခြားမြန်မာနိုင်ငံကို ဖြတ်သွားမယ့် စီမံကိန်းတွေအတွက် အာဏာရှိအစိုးရနဲ့သာ ဆက်သွယ်ခဲ့ပြီး AA တို့ ဘာတို့ကို သိပ်ဂရုမစိုက်ခဲ့ပါဘူး။ AA က အဲ့ဒါကို သိပ်မကျေနပ်ဘူး။ AA က ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကုလားတန်ဘက်စုံစီမံကိန်းကို သူတို့က နည်းနည်းအဲ့လိုလုပ်လာတော့ ပြီးခဲ့တဲ့ တရက်နှစ်ရက်ကရေးတဲ့ Hindustan Times သတင်းစာထဲမှာပါတဲ့ ပလက်၀ကို AA က ထိန်းချုပ်လိုက်ပြီးကတည်းက အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းက ရှေ့ကိုမတိုးနိုင်‌တော့ဘူးဆိုပြီး ပြောတယ်။

ဆိုတော့ တချို့သတင်းစာတွေက အိန္ဒိယအစိုးရ တိုက်တွန်းကြတယ်။ မင်းတို့ စစ်ကောင်စီကို အားကိုးနေလို့ မရတော့ဘူး။ ခနော်ခနဲ့ ဖြစ်နေပြီ တိုင်းပြည်ကို မထိန်းနိုင်တော့ဘူး။ ဆိုတော့ အဲ့မှာ AA အပါအ၀င် ကျန်တဲ့တိုင်းရင်းသားတွေ - ဥပမာ ချင်းဆိုကြပါစို့ သူတို့လည်းပဲ နယ်မြေတွေ သိမ်းပိုက်ထားတယ်။ သူတို့တွေနဲ့ မှန်မှန်ကန်ကန် ထိတွေ့ဆက်ဆံဖို့ လိုလာပြီဆိုပြီးတော့ ပြောနေကြပါတယ်။ ဒါ အိန္ဒိယပေါ့လေ။ ဘင်္ဂလား‌‌ဒေ့ရှ်ကလည်းပဲ ဒုက္ခသည်ကိစ္စအပြင် မြန်မာနိုင်ငံက ဒုက္ခသည်တွေဆိုတာ အဲ့စစ်တပ်က ထွက်ပြေးလာတဲ့ လူတွေ။ ဘင်္ဂလား‌‌ဒေ့ရှ်ကို ရောက်တာ ဒီကိစ္စသိပ်အရေးကြီးတယ်။ ဒီဟာကို ပြန်ပို့မယ့်ကိစ္စတွေ သူတို့ညှိနေရတယ်။ တချိန်တည်းမှာပဲ လူအခွင့်အရေးအဖွဲ့ကလည်း ပြောတယ်။ ဒီဗမာစစ်တပ်က ထွက်ပြေးလာတဲ့လူကို ပြန်မပို့နဲ့ဦး သူတို့တွေက အရင်တုန်းက လူ့အခွင့်အရေးချိုးဖောက်မှုမှာ ဘယ်လောက် background မှာ ပါ၀င်ခဲ့လဲ။ ဘာတွေသိလဲဆိုတာ စစ်ပါဦး။ သူတို့ဟာ သူတို့နှိပ်စက်ဖို့တော့ မပြောဘူး။ သူတို့ကို ကောင်းကောင်းမွန်မွန်ထားပါ။ ဒါပေ့မယ့် အဲ့ဒီ အချက်အလက်တွေကို ယူပါ။ ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တဲ့အထဲမှာ ဗမာစစ်တပ်က အဓိကဆိုတော့ သူတို့ဟာ ဘယ်လိုပတ်သတ်ခဲ့လဲဆိုတာ စစ်ဆေးဖို့ ပြောနေခဲ့တယ်ဆိုတော့ ဘင်္ဂလား‌‌ဒေ့ရှ်အတွက်လည်း တော်တော်အရေးကြီးတဲ့ကိစ္စ ဖြစ်လာပါတယ်။ ဒီကိစ္စက တရုတ်အပါအ၀င်ပေါ့လေ။ တရုတ်တနိုင်ငံတည်း မဟုတ်ဘဲ ဘေးနားက နိုင်ငံတွေနဲ့လည်း ပတ်သတ်နေတယ်ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

မေး ။ ။ နောက်တခုသိချင်တာပါ တဘက်မှာလည်း ဒီအမေရိကန်၊ ဩစတေးလျ၊ ဂျပန်၊ အိန္ဒိယ သူတို့က ဒီလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲနိုင်ငံများအဖွဲ့ဆိုပြီး QUAD အဖွဲ့ပေါ့။ ဒီအဖွဲ့ကရော အိန္ဒိယ၊ အင်ဒို ပစ္စဖိတ်‌ဒေသအရေးမှာ ဘယ်လိုအခန်းကဏ္ဏက ပါပါသလဲ။

ဖြေ ။ ။ QUAD အဖွဲ့ဖွဲ့ရတဲ့ အဓိက ရည်ရွယ်ချက်ကို ပြောပါဆို အဲ့ဒီမှာ တရုတ်လွှမ်းမိုးလာမှာကို တားတာပါပဲ။ တရုတ် လွှမ်းမိုးလာမှာကို အမေရိကန်က မလိုလားဘူး။ တရုတ်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယကိုလည်း အဖော်ညှိတယ်။ အိန္ဒိယသမုဒ္ဒယက အဓိကလုံခြုံရေးအတွက် ဖြစ်တယ်ဆိုတော့ တရုတ်က အိန္ဒိယသမုဒ္ဒယကို ရခိုင်ကတဆင့် ထွက်ပေါက်လုပ်လာတာကိုး။ အစတုန်းက တရုတ်ဟာ မက်လကာရေလက်ကြားကနေ ပတ်ထွက်ရတယ်။ ဒါပေ့မယ့် မက်လကာရေလက်ကြားကို ဒီဘက်က ပိတ်လိုက်နိုင်ရင် တရုတ်အတွက် ထွက်ပေါက်ဖြစ်သွားမယ်။ ရခိုင်ကနေပြီးတော့ ကုန်းလမ်းဆက်ပြီးတော့ သွားနိုင်ရင်ပိုပြီးတော့ လွယ်ကူတယ်ဆိုပြီးတော့ အဲ့ဘက်ကို လုပ်လာတာဆိုတော့ ဒီဘက်ကို စောင့်ကြည့်ချင်လို့ ဟန့်တားချင်လို့လည် QUAD အဖွဲ့ကို ဖွဲ့ထားတာ အဓိက ရည်ရွယ်ချက်ပါ။ ဆိုတော့ အိန္ဒိယနဲ့ ဂျပန်နဲ့ ဩစတေးလျကို ညှိလိုက်ပြီးတော့ ပါ၀င်နေရတာ ဖြစ်ပါတယ်။ အမေရိကန်ကလည်း ဒါကိုအလေးထားပြီး စောင့်ကြည့်နေမှာပဲ၊ ဒါပေ့မယ့် လောလောဆယ်မှာတော့ အမေရိကန်ဟာ တရုတ်က သိပ်လွန်လွန်ကဲကဲ ဖြစ်မလာသေးရင်တော့ သူ့ကိစ္စနဲ့သူ အလုပ်မအားနိုင် လက်မလည်နိုင် ဖြစ်နေတဲ့အတွက်ကြောင့် ဒီကိစ္စတော့ သူအဓိက ပြောမှာမဟုတ်ပါဘူး။ တရုတ်နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ကိစ္စလည်း အခု ထိုင်ဝမ်ကိစ္စကိုလည်း ဦးတည်ပြီးတော့ ပြောနေတယ် QUAD ကိုတော့ ကျန်တဲ့နိုင်ငံတွေနဲ့ ပေါင်းပြီးလုပ်နေတယ်ဆိုတော့ ဒါလည်းပဲ အရေးကြီးပါတယ်။ တရုတ်ကတော့ ထည့်တွက်မှာပဲ တရုတ်ဘက်ကတော့ စဥ်းစားရမှာချည်းပဲ ငါတို့လုပ်လိုက်ရင် အမေရိကန် ဘယ်လိုတုံံပြန်လာမလဲ။ အိန္ဒိယဘက်က ပြောလာမလဲ။ ဒါကြောင့်နဲ့ပဲ တရုတ်က ဒီကိစ္စမှာ ပါ၀င်ဖို့ကို သိပ်ချင့်ချင့်ချိန်ချိန် စဥ်းစားနေတယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲ့တော့ အခု ကျမတို့ လက်ရှိအခြေအနေကနေပြီးတော့ ရှေ့ကိုလှမ်းမျှော်ကြည့်မယ်ဆိုရင် အဆုံးသတ်က ဘယ်လို ဖြစ်လာနိုင်မှာလဲ။

ဖြေ ။ ။ အဆုံးသတ်ကတော့ ပီပီပြင်ပြင် မမြင်ရသေးပါဘူး။ အမြဲတမ်း မှုန်၀ါး၀ါး ဖြစ်နေပါတယ်။ ဒါပေ့မယ့် ကမ္ဘာမှာဖြစ်နေတဲ့ အရေးအခင်းတွေ ဒီထက်အရေးကြီးနေတာ လောလောဆယ်မှာ ရုရှားကိစ္စတို့ ယူကရိန်းကိစ္စတို့ အ‌ရှေ့အလယ်ပိုင်း ဂါဇာမှာ ဖြစ်နေတဲ့ကိစ္စတို့လိုပဲပေါ့။ သူတို့လည်းပဲ ဝါးတားတားနဲ့ ကမ္ဘာက ဆက်ပြီးတော့ စောင့်ကြည့်နေရတယ်ဆိုတော့ ဒီရခိုင်ပြဿနာမှာလည်းပဲ ဒီလိုပဲပြောရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ အခြေအနေကလည်း မတည်ငြိမ်ဘူး။ ဖြစ်လာနိုင်တာကတော့ အခုဆိုရင် ချင်းတို့ နောက်ပြီးတော့ ကရင်နီတို့ဟာ ဒေသအုပ်ချုပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုပြီး လုပ်လာကြတယ်။ ဒေသအုပ်ချုပ်ဖို့အတွက် ပြည်ထောင်စုတခုလုံး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် တချိန်ချိန်မှာ ပါ၀င်လာမယ်ဆိုပြီး လုပ်နေရတယ်။ ဆိုတော့ AA ကလည်းပဲ စစ်ကောင်စီက ဘယ်လောက်ဖိဖိ၊ တရုတ်က စစ်ကောင်စီကို လုံးလုံးပုံအော ပေးထားဦးတော့ တော်တော်နဲ့ လက်လျှော့မှာ မဟုတ်ဘူး။ သူတို့အပေါ်စီးမှာရှိနေတော့ သူတို့အပေါ်စီးနဲ့ ပိုင်းဖြတ်မှာပေါ့။ ရှမ်းမြောက်လည်း ထိုနည်းလည်းကောင်းပဲ နယ်မြေတွေ သူတို့ရသွားပြီ အဲ့ဒီဟာမှာ ကိုယ်ပိုင်ရဖို့ ဖြစ်တယ်။ သူတို့ဘက်က လုံး၀မရရှိဘဲ ပိုနေမြဲကျားနေမြဲပေါ့လေ။ စစ်တပ်ကိုတော့ ပြန်သွားမှာမဟုတ်ဘူး။ အပေါ်စီးယူမှာပဲဆိုတော့ ဘယ်အထိ အပေါ်စီးက ယူမလဲဆိုတာကို စဥ်းစားကြည့်မယ်ဆိုရင်တော့ အခုနလိုပဲ ချင်းတို့ ကရင်နီတို့မှာ လုပ်သလိုပဲ သူတို့လည်းပဲ ပြည်နယ်ကို ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာတခုထိ အဲ့လိုမျိုး လုပ်လာနိုင်မှသာလျှင် သူများတွေ စေ့စပ်‌ပေးရင်လည်းပဲ လက်ခံနိုင်မယ့်သဘော ရှိပါတယ်။ မဟုတ်ရင်တော့ ဆက်လက်ပြီးတော့ ဖြစ်နေမှာပဲလို့ ယူဆရပါတယ်။

မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင် အခုလိုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG