သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဤခရီး နီးပြီလား


မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (ဖေဖေါ်ဝါရီလ ၂၁၊ ၂၀၂၄ အယ်ဒီတာနှင့် ဆွေးနွေးခန်း)
မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (ဖေဖေါ်ဝါရီလ ၂၁၊ ၂၀၂၄ အယ်ဒီတာနှင့် ဆွေးနွေးခန်း)

အဘက်ဘက်မှာ ထိခိုက်ဆုံးမှုတွေရှိလာနေတဲ့ စစ်ကောင်စီကျဆုံးလုနီးပြီလို့ သုံးသပ်သူတချို့က ဆိုနေကြသလို ပန်းတိုင်ဝေးသေးတယ်။ တက်ထောင်ရမယ့်အချိန် မရောက်သေးဘူးလို့ သတိပေးသူတွေလည်း ရှိနေပါတယ်။ ပြည်သူတွေလိုချင်တဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေး ဘယ်လောက်နီးစပ်လာပြီလဲ။ အခုတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အခု မြန်မာနိုင်ငံ လက်ရှိအခြေအနေတွေကို ပြောရမယ်ဆိုရင် စစ်ကောင်စီကျဆုံးဖို့ သိပ်မဝေးတော့ဘူးလို့ တချို့က သုံးသပ်ပါတယ်။ ဒီအပေါ် ဘယ်လိုသဘောရပါသလဲ။

ဦးကျော်ဇံသာ ။ ။ သိပ်မဝေးတော့ဘူးဆိုတာ စစ်ရေးအင်အား၊ နိုင်ငံရေးအင်အား၊ နိုင်ငံခြားဆက်ဆံရေး စသည်ဖြင့် အဲဒါတွေကို ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီဘက်က အဘက်ဘက်က အားနည်းဆုတ်ယုတ်လာတယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်ရေးမှာ ရှုံးနိမ့်မှုတွေ အများကြီးတွေ့ရတယ်။ ဆိုတော့ စစ်ရေးကျွမ်းကျင်သူတွေက စစ်ကောင်စီက တာရှည်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြတာတွေ ရှိပါတယ်။ အဆိုးဆုံးက စစ်တပ်ရဲ့ အင်အားကျဆင်းနေတာကို ကြည့်မယ်ဆိုရင် ခေါင်းဆောင်ပေါ် ယုံကြည်မှု နည်းလာတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထွက်ဖို့ တောင်းဆိုသံတွေ ကြားလာရတယ်ဆိုတော့ ဒါက စစ်ကောင်စီဘက်က အင်အားအများကြီး ဆုတ်ယုတ်ကျဆင်းနေတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်။ ဒါကို အခြေခံပြီးတော့ ကျွမ်းကျင်သူတွေက သူတို့ကျဆုံးမယ့်အချိန် မဝေးတော့ဘူးလို့ ပြောနေကြတာ။ ဒါပေမဲ့ တချို့ကျွမ်းကျင်သူတွေကလည်း ပန်းတိုင်မရောက်သေးဘူး။ တပ်ထောင်ရမယ့်အချိန် မဟုတ်သေးဘူး။ အပိုင်တွက်ဖို့ကတော့ စောလွန်သေးတယ်။ စစ်ကောင်စီ ကျဆုံးတော့မယ်လို့ အပြတ်တော့ မပြောနိုင်သေးဘူး။ ကျားခုတ်ကျားခဲတော့ လုပ်ရလိမ့်မယ်လို့ ပြောထားတာ ရှိပါတယ်။ ယတိပြတ်တော့ မပြောနိုင်ဘူး။ အင်အားကတော့ တော်တော်ယိုင်းနှဲ့နေပြီလို့ ပြောနိုင်မယ်ထင်ပါတယ်။

မေး ။ ။ အခုအခြေအနေမျိုးက စစ်ကောင်စီအတွက် ထွက်ပေါက်ပိတ်နေတဲ့သဘောပါလား။

ဖြေ ။ ။ အဲဒီလို ထွက်ပေါက်မရှိဘူး။ အဘက်ဘက်ကနေ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး ဝိုင်းဝန်ပိတ်စို့ခံရတဲ့အခါမှာ ထွက်ပေါက်ကိုတော့ ကြိုးပမ်းရှာမှာပဲ။ ဘယ်သူမှ ငြိမ်ပြီးတော့ အသေခံသွားမှာ မဟုတ်ပါဘူး။ ဒါက သဘာ၀ပါပဲ။ ဘယ်အင်အားစုမှ၊ တဦးချင်းလည်း ဒီလိုပါပဲ။ ထွက်ပေါက်ကတော့ ရှာနေတာပဲ။ ထွက်ပေါက်တွေကတော့ ကြိုးစားနေတာပဲ။ စစ်ရေးမှာလည်း ထွက်ပေါက်ရှာနေတာ ရှိတယ်။ နိုင်ငံရေးအားဖြင့်၊ နောက် သံတမန်ဆက်ဆံရေး နည်းမျိုးစုံနဲ့ ထွက်ပေါက်ရှာနေပါတယ်။ ဒါပေမဲ့ ဒီထွက်ပေါက်တွေက တကယ် လွယ်လွယ်ကူကူ ထွက်လာနိုင်တဲ့ ထွက်ပေါက်တွေ ဟုတ်ရဲ့လားဆိုတာကတော့ စဉ်းစားစရာပါပဲ။

မေး ။ ။ စစ်ရေအရ ထွက်ပေါက်က​ော ရှိနိုင်ပါ့မလား။

ဖြေ ။ ။ စစ်ရေးအရ ထွက်ပေါက်ရှိနိုင်သလားဆိုတော့ အဓိကအားဖြင့် သူတို့မှာ လက်နက်အင်အား ရှိသေးတယ်။ ရုရှားက သူတို့ကို လက်နက်တွေ ပေးနေသေးတယ်။ လေတပ်အင်အား ရှိတယ်။ အမြှောက်နဲ့ လှမ်းပစ်နိုင်တဲ့ အင်အားတွေ ရှိတယ်။ ဒါပေမဲ့ လူအင်အား သိပ်မရှိတော့ဘူး။ စိတ်ဓါတ်ကျဆင်းတယ်။ ထွက်ပြေးတဲ့လူတွေ ရှိတယ်။ လက်နက်စွန့်သွားတဲ့လူတွေ ရှိတယ်။ ခေါင်းဆောင်မှုပေါ် ယုံကြည်မှု နည်းလာကြတယ်။ တိုက်လိုစိတ် မရှိတော့ဘူး။ ဒီဟာတွေကို ဖြည့်တင်းဖို့အတွက်လည်း အသက်အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေဆိုတာ အတင်းအကြပ် လုပ်လာတယ်ဆိုတာ တွေ့ရပါတယ်။ သူတို့မှာ အင်အားသိပ်လိုနေလို့ပေါ့။ ဒါပေမဲ့လဲ ဒီဟာက တကယ်ပဲ ထိရောက်မှု ရှိပါ့မလားဆိုတာက မေးခွန်းမေးစရာ ဖြစ်လာတယ်။ သုံးသပ်သူတချို့က ဒါက သူတို့လိုချင်တဲ့ ရည်မှန်းချက် မပေါက်မြောက်ဘဲနဲ့ Backfire မလိုလားအပ်တဲ့အကျိုး သူတို့ကို ပိုမိုပြီး ဆန့်ကျင်မှုတွေ ပိုများပြားလာလိမ့်မယ်ဆိုပြီးတော့ တွက်နေကြတဲ့လူတွေလည်း ရှိပါတယ်။ သူတို့ကတော့ သူတို့ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေတောင် ရှိတယ်ဆိုပြီးတော့ နေရာတခုနှစ်ခုကို ဖော်ပြတာ တွေ့ရပါတယ်။ ဒါပေမဲ့ လူအများစုကတော့ ဒါကို လက်မခံကြဘူး။ ဒါကို အကုန်လုံး ကန့်ကွက်ရှုတ်ချတဲ့ လူတွေပဲ ဖြစ်ပါတယ်။ ဒါကလည်း သူတို့အတွက် စစ်ရေးထွက်ပေါက်ကတော့ မဖြစ်နိုင်ပါဘူး။ စစ်ရေးအားဖြင့် ထွက်ပေါက်ပိတ်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ တခုချင်းစီ ကြည့်မယ်ဆိုရင် နိုင်ငံရေးအရဆိုရင် ရွေးကောက်ပွဲလုပ်မယ်လို့ လေသံပစ်လာပါတယ်။ ဒါကကော ထွက်ပေါက်ဖြစ်လာနိုင်ပါသလား။

ဖြေ ။ ။ ဒါကလည်း ထွက်ပေါက်ရှာတာ သေချာတယ်။ နိုင်ငံရေးထွက်ပေါက်။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဘယ်လိုအခြေအနေနဲ့ လုပ်မလဲ။ သူတို့က ရွေးကောက်ပွဲလုပ်ဖို့ တိုင်းပြည်ပုံမှန် မဖြစ်သေးဘူးဆိုပြီးတော့ ၁ နှစ်ပြီးတော့ ခြောက်လတိုးတယ်။ နောက်တခါ ခြောက်လတိုးတယ်။ ပုံမှန်အခြေအနေ မဖြစ်ဘူးပြောနေပြီး၊ အခုထိ ပုံမှန်အခြေအနေ ဖြစ်လာလို့လား။ သူတို့စပြောတဲ့အချိန်နဲ့စာရင် ပိုလို့တောင် ဆုတ်ယုတ်သွားခဲ့တယ်။ ရခိုင်ဘက်မှာ ဘယ်လိုရွေးကောက်ပွဲ လုပ်မလဲ။ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေလို့ နေလို့တောင် မရဘူး။ ထို့နည်းလည်းကောင်းပဲ ကယား-ကရင်နီဆိုရင်လည်း အလားတူပဲ။ ကချင်ကလည်းပြောတယ် ရွေးကောက်ပွဲ မဝင်ကြနဲ့လို့ မန​ေ့တနေ့ကပဲ ကြေညာချက်ထုတ်တယ်။ အဲဒီလိုပဲ ကရင်နီပြည်နယ်မှာလည်း ကရင်ပြည်နယ်မှာလည်း အဲဒီလိုပဲ။ နေရာတကာမှာ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုလုပ် ရွေးကောက်ပွဲ သွားလုပ်မလဲ။ ရွေးကောက်ပွဲလုပ်တိုင်းလည်း Creditability လူအများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရဲ့လားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲ ဥပဒေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လျှော့ပေါ့ပေးတာတွေ ရှိတယ်။ နိုင်ငံရေးပါတီတချို့ကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ဆိုပြီး လေသံပစ်လာတယ်။ ဘယ်အချိန်အခါတော့ မပြောသေးဘူး။ နောက် ဒီလိုအခြေအနေ ဖြစ်နေတဲ့အခါမျိုးမှာ ရွေးကောက်ပွဲ လုပ်လာြခင်းအားဖြင့် ရွေးကောက်ပွဲမှာ ဖြစ်လာမယ့် အကြမ်းဖက်ဆူပူမှုတွေ ပိုပြီးဆိုးဝါးလာနိုင်ပါတယ်။ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံထက် တည်ငြိမ်တဲ့ နိုင်ငံတွေမှာတောင် ကြည့်ပါ။ အိမ်နီးချင်းနိုင်ငံတွေမှာ ဘင်္ဂလားဒေ့ရှ်မှာ ဘယ်လောက် ပဋိပက္ခတွေ ဖြစ်ကြသလဲ။ အဲဒါမျိုးတွေ မကြာခဏ ဖြစ်ရတယ်ဆိုတော့ အခု မြန်မာနိုင်ငံလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲလုပ်ရင် ရွေးကောက်ပွဲဟာ ဆူပူအုံ့ကြွမှုကို ပိုပြီးတော့ ဆွပေးတဲ့ ရွေးကောက်ပွဲသာ ဖြစ်လိမ့်မယ်။ ထွက်ပေါက်တော့ မဖြစ်လာနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။

မေး ။ ။ သံတမန်ဆက်ဆံရေးအနေနဲ့ ပြောမယ်ဆိုရင် လာအိုက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်မှာ စစ်ကောင်စီအတွက် တစုံတရာ ထွက်ပေါက်ရဖို့အတွက်၊​အသက်ရှူပေါက်ရဖို့အတွက် လုပ်လာနိုင်ပါသလား။

ဖြေ ။ ။ အခုကတော့ လာအို အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့အချိန်မှာ စစ်ကောင်စီက နိုင်ငံရေးကိုယ်စားလှယ် မဟုတ်တဲ့၊ အရာရှိကြီးတယောက်ကို အစည်းအဝေးတက်ဖို့ စေလွှတ်ခဲ့တာ ရှိပါတယ်။ ဒီဟာကို အစတုန်းက စစ်ကောင်စီက တင်းခံထားခဲ့တာ အာဆီယံက မင်းတို့ဟာ အာဆီယံမူ ၅ ချက်ကို မလိုက်နာတဲ့အတွက်ကြောင့် အာဆီယံကို မင်းတို့ရဲ့ နိုင်ငံရေး ကိုယ်စားလှယ် လက်မခံဘူး။ နိုင်ငံရေးကိုယ်စားလှယ် မဟုတ်တဲ့အဆင့်ကိုပဲ လက်ခံမယ်ဆိုပြီး ပြောခဲ့တယ်။ အင်ဒိုနီးရှားမှာ အစည်းအဝ​ေးတွေ ကျင်းပခဲ့တုန်းက။ အဲဒါကို မြန်မာနိုင်ငံ စစ်ကောင်စီက ဒါကို လက်မခံခဲ့ဘူး။ လက်မခံခဲ့လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ခေါင်းဆောင်ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ စာရေးခဲ့တယ်လို့ တွေ့ရပါတယ်။ အဲဒီစာထဲမှာ ဘယ်လိုရေးထားသလဲဆိုရင် အာဆီယံက ပေးထားတဲ့နေရာကို ခင်များတို့ စစ်ကောင်စီက ယူချင်ယူ၊ မယူရင် ဒီနေရာကို NUG ကို ပေးရလိမ့်မယ်ဆိုပြီး ရေးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာထဲမှာ မြန်မာ့အရေးကျွမ်းကျင်တဲ့ ကာဝီ ဆောင်းပါးရှင်က ရေးထားတာကို ဖတ်ရပါတယ်။

အဲဒါကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သိပ်စိတ်ဆိုးတယ်။ ပြီးတော့ ကိုယ်စားလှယ်လည်း မလွှတ်တော့ဘူးဆိုပြီး နေခဲ့တယ်လို့ ပြောပါတယ်။ ဆိုတော့ အဲဒီလို တင်းနေခဲ့ပေမဲ့ အခု လာအိုအလှည့်ကျလာတော့ လာအိုကို အဲဒီဟာကို ပြန်ပြီးတော့ လိုက်လျောပြီး ပြန်လွှတ်တယ်ဆိုတော့ ထွက်ပေါက်ရလိုရငြား တွက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လာအိုကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသွားပြီးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့တဲ့အခါမှာ သူတို့ဆွေးနွေးတယ်။ နှစ်နိုင်ငံစလုံးက ဘာအသေးစိတ် ဆွေးနွေးတယ်ဆိုတာကို မထုတ်ပြန်ဘူး။ သူတို့ဆွေးနွေးပြီးမကြာခင်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊​ ဒုဝန်ကြီးချုပ်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်ဆိုပြီးတော့ မြန်မာနိုင်ငံ ကိစ္စကို လုပ်မယ်။ သူတို့ကတော့ ပွင့်ပွင့်လင်းလင်းပဲ Transparent ဖြစ်ပြီးတော့၊ နှစ်ဘက်လုံး ပါဝင်တဲ့ သဘောတူညီမှု စာနာမှုအထောက်အပံ့ ရရှိရေးအတွက် ငါတို့တွေ ဝိုင်းလုပ်ကြရအောင်ဆိုပြီးပြောတယ်။ အာဆီယံကိုလည်း ပြောတယ်။ တရုတ်ကိုလည်း ပြောတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ပွင့်ပွင့်လင်းလင်း လုပ်မယ်။ ဒီလိုလုပ်ခြင်းသည် မြန်မာပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ဦးတည်ဖို့ ရည်ရွယ်တယ်ဆိုပြီးတော့ ထိုင်းကတော့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကျနော် တခုသံသယဖြစ်ပြီး စဉ်းစားမိတာက လာအိုက သွားတွေ့တယ်။ ဘာမှ မပြောဘူး၊ မကြာခင်မှာပဲ ထိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ သွားတွေ့တယ်ဆိုတော့ သူတို့ဟာ လာအိုကို လုံးလုံးလွှဲထားရမှာကို မယုံလေသလား။ လာအိုနောက်မှာ တရုတ်က ရင်နှီးတော့ အဲဒီလို ဖြစ်သွားမှာကို စိုးရိမ်လို့ အမေရိကန်ကို သွားပြီးလက်တို့တာလည်း ဖြစ်နိုင်တယ်။ ဟိုဘက် တရုတ်သဘောနဲ့ ဆုံးဖြတ်တာတွေ ဖြစ်ကုန်မယ်။ မင်းတို့လည်းလုပ်ပါဆိုပြီး ပြောတာလည်း ဖြစ်နိုင်တယ်။ အဲဒီဟာမှာ မြန်မာနိုင်ငံအတွက် ဘယ်လိုထွက်ပေါက်ရနိုင်မလဲ မသိဘူး။ ဟိုဘက်နှစ်ခုကတော့ နှိုင်းယှဉ်ဆင်ထိုးနေကြတယ်လို့ ယူဆရပါတယ်။ ဆိုတော့ မပြောတတ်ဘူး။ လာအိုလုပ်တဲ့ဟာ ဘယ်လိုပဲဖြစ်ဖြစ်။ နောက်တခါ ထိုင်းကလုပ်လာမယ့် ကိစ္စကို နှစ်ဘက်စလုံးက လက်ခံကြတယ်ဆိုရင်တော့ တမျိုးတမြည်းထွက်ပေါက် ရနိုင်ပါတယ်။ အခုထိတော့ NUG ဘက်ကလည်း အာဆီယံကို လုံး၀လက်မခံတဲ့သဘော ပြောထားတာကို တွေ့ရပါတယ်။

မေး ။ ။ ဟုတ်ပါတယ်။ မြန်မာ့အရေးက နိုင်ငံတကာကလည်း ဝိုင်းပြီးတော့ ကြိုးစားနေကြတာပါ။ အဲဒီတော့ ဒီခရီးနီးပြီးလားလို့ မေးရမယ်ဆိုရင် ဦးကျော်ဇံသာရဲ့ အဖြေကို သိပါရစေ။

ဖြေ ။ ။ ဒီခရီးဆိုတာ မြန်မာပြည်သူတွေရဲ့ ခရီးပန်းတိုင်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးခရီးလမ်းမှာ အဓိက ပိတ်စို့ထားတဲ့ အုတ်တံတိုင်းကြီးကတော့ စစ်အာဏာရှင်စနစ် ဖြစ်ပါတယ်။ ဒီစစ်အာဏာရှင်ဆိုတဲ့ အုတ်တံတိုင်းကြီးကို ဖြိုချရမယ်။ အခုတော့ စစ်တပ်က ခနော်ခနဲ့ ဖြစ်နေပြီဆိုတော့ စစ်တပ်ယိုင်းနဲ့နေပြီလို့ ပြောလို့ရတယ်။ ဆိုတော့ စစ်ခေါင်းဆောင်နေရာမှာ နောက်တယောက်ကို အစားထိုးလိုက်ရင်ကော စစ်အာဏာရှင်စနစ်ကြီး ပျက်သွားမလားဆိုတာ မေးစရာရှိတယ်။ စနစ်တခုလုံး ပျက်ဖို့ကတော့ နည်းနည်းလေး လုပ်ရအုံးမယ်ထင်တယ်။ နောက်တခုကတော့ ဒီတံတိုင်းကြီး ပျက်သွားတယ်ဆိုအုံးတော့ နောက်တခါ တံတိုင်းမဟုတ်တဲ့ Blocks တွေက ရှိနေသေးတယ်။ ဥပမာအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က အလုံးစုံသဘောတူညီမှု ရပြီလား။ ဒီနေရာမှာ စစ်ကောင်စီက တခုပဲ စိုးရိမ်ဖို့ကောင်းတာက သူတို့ထွက်ပေါက်အနေနဲ့ ထည့်ပြောရမယ်ဆိုရင် သူတို့ဟာ လူမျိုးရေးအားဖြင့် ရန်တိုက်ပေးလေမလား။ အဲဒီအသံတွေ ကြားနေရတယ်။ မြန်မာရေတပ်ကို AA က ပစ်ခတ်လို့ နစ်မြုပ်သွားတဲ့လူတွေကို ဘယ်လို သတ်ပစ်လိုက်တယ် ဘာညာ။ တကယ်တော့ ဟိုဘက်က ပြန်ပြီးတော့ ပုံတွေတက်လာတာ တွေ့မှာပေါ့။ သူတို့ကယ်ဆယ်နေကြတာ မသတ်ပါဘူး။ အစကတည်းက AA က စစ်သုံးပန်တွေ ဖမ်းမိတာတောင် ကောင်းကောင်းမွန်မွန် ပြုစုထားပြီးတော့ စစ်သုံးပန် အလဲအလည် လုပ်ရအောင် ပြောခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ လွိုင်ကော်မှာဆိုရင် လက်နက်ချလာတဲ့ ရဲဘော်တွေကို ဘယ်လိုပြုစုတယ်ဆိုတာ မြင်တဲ့အတိုင်းပါပဲ။ ဒါပေမဲ့ တဘက်ကတော့ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင် ဖန်တီးပြီး ထွက်ပေါက်ရှာနေသလားဆိုတာလည်း သံသယ ဖြစ်စရာပါ။

မြန်မာစစ်တပ်ဟာ အဲဒီလို အကျင်းအကြပ်မှာ ပဋိပက္ခ ဖန်တီးပြီးတော့ ထွက်တယ်ဆိုတာ အစဉ်အလာ ရှိခဲ့ပါတယ်။ ဟိုတုန်းက ဆန်ပြဿနာနဲ့ တရုတ်-ဗမာ အဓိကရုဏ်းကို ဖန်တီးခဲ့တာ ရှိတယ်။ တခါ မိတ္ထီလာမှာ မူဆလင် ဗုဒ္ဓဘာသာ အဓိကရုဏ်းတွေ ဖန်တီးခဲ့တာ။ အဲဒီလိုမျိုးတွေ အမျိုးမျိုး လုပ်တတ်ပါတယ်။ ဒီဟာကိုတော့ သတိထားစောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ အဲဒီအခက်အခဲတွေ ကျော်လွှာနိုင်မယ်ဆိုရင်တော့ မြသဇင်မေးတဲ့ ဒီခရီးဟာ သိပ်မဝေးတော့ဘူးလို့ တဆင့်ပြီးတဆင့် - ဒါပေမဲ့ ခလုတ်ကသင်းတွေကတော အများကြီးဖြတ်ရအုံးမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင် တံတိုင်းကြီးကိုလည်း အပြီပြတ်ရှင်းလင်းဖယ်ရှားနိုင်မှသာ တဖြည်းဖြည်းရှေ့ကို တိုးလာမှာ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်တခုမေးချင်တာ ရှိပါတယ်။ ကျမတို့ အပတ်စဉ်တင်ဆက်နေတဲ့ ဒီဆွေးနွေးခန်းမှာ ဦးကျော်ဇံသာရဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို နှစ်သက်တဲ့လူတွေ ရှိသလို၊ မကောင်းမြင်တတ်လွန်တယ်ဆိုပြီး ဝေဖန်တဲ့လူတွေလည်း Comment မှာ လာရေးကြတာကို တွေ့ပါတယ်။ ဒီအပေါ် ဦးကျော်ဇံသာအနေနဲ့ ဘာပြောချင်ပါလဲ။

ဖြေ ။ ။ တကယ်တော့ ကျနော်တို့က သတင်းသမားတွေပါ။ ကျနော်တို့က အမှန်ကို အချက်အလက်ကို အခြေခံပြီးတော့ Fact-based analysis လုပ်ရတာ ဖြစ်ပါတယ်။ သုံးသပ်ခြင်း ဖြစ်ပါတယ်။ ဘာမှပိုပြီးတော့ ဟိုဘက်ဒီဘက် ယိမ်းပြီးတော့ မပြောပါဘူး။ ကျနော်စိတ်ထဲမှာ ဘယ်လိုပဲ ရှိနေပါစေ၊ ကျနော်က ဒီ VOA စင်မြင့်ကို အသုံးပြုပြီးတော့ ကျနော့်ဆန္ဒအတိုင်း ပြောလို့လည်း မရပါဘူး။ အခြေအနေမှန်ကို အမှန်အတိုင်း သုံးသပ်ပြီးတော့ ပြောမိတာသာ ဖြစ်ပါတယ်။ ကျနော့်ကို မကောင်းမြင်တတ်လွန်တယ်လို့ ဝေဖန်အပြစ်တင်သူတွေ ရှိရင်လည်း သူတို့လည်းပဲ​ လွတ်လပ်စွာ တင်ပြနိုင်ပါတယ်။ ကျနော်တို့က ဒီမိုကရေစီကို လက်ခံတဲ့ မီဒီယာ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ဝေဖန်နိုင်ပါတယ်။ အပြစ်တင်တာ ရှိတယ်။ တချို့ဆို ဆဲဆိုကြတာတောင် ရှိပါတယ်။ ပြောကြပါစေ။ ဒါလည်းပဲ ကျနော်တို့ ကြံ့ကြံ့ခံရမှာ ဖြစ်ပါတယ်လို့ပဲ ပြောပါရစေ။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။

ဦးကျော်ဇံသာ ။ ။ ဆက်လက်ဆွေးနွေးကြတာပေါ့ မမြသဇင်။

XS
SM
MD
LG