သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံထားနေရဆဲ ဒေါက်တာခလမ်ဆမ်ဆွန်ကျန်းမာရေး မိသားစုပူပင်


ဒေါက်တာခလမ်ဆမ်ဆွန် ထောင်မှလွတ်လာအပြီး တွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၄)
ဒေါက်တာခလမ်ဆမ်ဆွန် ထောင်မှလွတ်လာအပြီး တွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၄)

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်လာတဲ့ညမှာပဲ စစ်ကောင်စီကပြန်လည်ခေါ်ယူသွားပြီး အခုအချိန်အထိ ဖမ်းဆီးခံနေရဆဲလို့ သိရပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွမ်ရဲ့အခြေအနေနဲ့ မြစ်ကြီးနားထောင် ပစ်ခတ်မှုနောက်ဆုံးအခြေအနေတွေ ရန်ကုန်က စုံစမ်းမေးမြန်းထားတာကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ထားခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့အတူ ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် နာရီပိုင်းအကြာမှာပဲ သူ့နေအိမ်ကနေ ပြန်လည်ဖမ်းဆီးသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပေးဖို့ခေါ်ဆောင်တာဖြစ်တယ်လို့ စစ်ကောင်စီကပြောဆိုပေမဲ့ ဘာကိုမှအသေးစိတ်မသိရဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးကခုလိုပြောပြပါတယ်။

"ခုချိန်ထိတော့ဘာမှ ထူးခြားမှုမရှိသေးဘူး။ ပုံမှန်ပဲပေါ့။ ရိပ်သာမှာခေါ်ထားတယ်။ ကျနော်တို့မိသားစုတွေ တွေ့လို့ရတယ်။ အဲလောက်ပါပဲ။ လောလောဆယ်ကျနော်တို့ပြောနိုင်တာ ဘာမှမရှိသေးဘူး။ သူတို့ပြောသလိုပဲပေါ့။ ငြိမ်းချမ်းရေးအတွက် သူတို့ခေါ်ထားတယ်ပေါ့။ ကျနော်တို့ အဲလိုပဲ နားလည်ထားတယ်။ ကျနော်တို့လည်း အံ့ဩနေတယ်။ ခုထိ ရေရေရာရာဘာမှမရှိသေးတော့ ကျနော်တို့လည်း အံ့ဩနေတယ်။"

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူးဝါးလရှီးလအပြင် NUG သယံဇာတဝန်ကြီး ဦးတူးခေါင်၊ ပညာရေးဝန်ကြီး ဆရာမ ဒေါ်ဂျာထွယ်ပန်တို့နဲ့ လိုင်ဇာမြို့မှာတွေ့ဆုံခဲ့တယ်ဆိုပြီး ၂၀၂၃ ဇန်နဝါရီ ၁၁ ရက်မှာ ဗိုလ်မှူး သူအောင်ဇော်ဆိုသူက မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု ၅၀၅(က) တို့နဲ့ အမှုဖွင့်ခဲ့တာပါ။ တရားရင်ဆိုင်နေချိန်မှာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထပ်မံတရားစွဲဆိုခဲ့ပြီး ထောင် ၆ နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ အကျဉ်းထောင်ထဲမှာ တနှစ်ကျော်နေပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာခဲ့ပါတယ်။ နှလုံးနဲ့သွေးတိုးရောဂါရှိတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် လေပြွန်ယောင်ရောဂါ ခံစားနေရသူလည်း ဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ဒေါက်တာခလမ်အတွက် လွတ်လပ်စွာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပေးနိုင်ဖို့ မိသားစုကမျှော်လင့်နေတယ်လို့ အဲဒီ နီးစပ်သူက ပြောပါတယ်။

"ဟုတ်ကဲ့။ ကျန်းမာရေးကတော့ ကျနော်တို့စိုးရိမ်တဲ့အပိုင်းတော့ရှိတယ်။ ဆရာကြီးက သွေးတိုးတွေ ဘာတွေလည်းရှိတယ်။ လူကလည်း နည်းနည်းပိန်တော့စိုးရိမ်မှုရှိတယ်။ ဟုတ်ကဲ့၊ ကျနော်တို့ဘက်ကတော့ ဆရာကြီးကို သူ့အိမ်မှာ နားနေစေချင်တယ်။ ကျန်းမာရေးစောင့်ရှောက်မှု ကျနော်တို့က အေးဆေးယူခံယူစေချင်တယ်။"

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဥက္ကဋ္ဌတာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် "KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်" အဖြစ်ခန့်အပ်ခံရပါတယ်။

လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ Donald Trump ကို အမေရိကန်ပြည်ထောင်စု၊ သမ္မတအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီလို သွားရောက်ခဲ့တဲ့အတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်း အမှုကို ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။

တဆက်တည်း ကချင်ပြည်နယ်သတင်းကတော့ မြစ်ကြီးနားအကျဉ်းထောင်မှာဆန္ဒပြကြလို့ ထောင်အာဏာပိုင်တွေဘက်က ပစ်ခတ်နှိမ်နင်းရာမှာ သေဆုံးခဲ့တ့ အကျဉ်းသားလေးဦးကိုတော့ ပြီးခဲ့တဲ့ဧပြီ ၂၁ရက်က သင်္ဂြိုဟ်ခဲ့ပါတယ်။

သေဆုံးသူအကျဉ်းသား ၄ ဦးမှာ ၂ ဦးကနိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြပြီး ကျန် ၂ ဦးက ရာဇဝတ်အကျဉ်းသားတွေဖြစ်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၂ ဦးကတော့ ကိုအောင်နိုင်ထွန်း၊ ကိုကျော်စိုးဝင်းတို့ဖြစ်ပါတယ်။ သူတို့ဟာ ပုဒ်မ ၅၀၅-က၊ လက်နက်မှု ၁၉ (စ)၊ အကြမ်းဖက်ပုဒ်မ ၅၄ တို့နဲ့အကျဉ်းကျခံထားရတာဖြစ်ပါတယ်။ ကျန်ရာဇ ဝတ်အကျဉ်းသား ၂ ဦးကတော့ ဦးထွန်းဝင်းနဲ့ ဦးညွှန့်ဌေး တို့ ဖြစ်ပါတယ်။ဒီပစ်ခတ်မှုမှာ အကျဉ်းသားအယောက် ၃၀ ထက်မနည်းထိခိုက်ခဲ့တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေအခြေအနေနဲ့ပတ်သက်လို့သူက ခုလိုပြောပါတယ်။

"အနည်းဆုံးဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ အကျဉ်းထောင်အာဏာပိုင်တွေ၊ ရဲနဲ့စစ်တပ် ပူးပေါင်းဖြိုခွင်းတဲ့အတွက် အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ရှိတယ်။ ပုံမှန်ထိခိုက်ဒဏ်ရာရသူပါဆိုရင်တော့ အနည်းဆုံး ၅၀ နဲ့ ၁၀၀ ကြားမှာရှိပါတယ်။ အဲ ၅၀ နဲ့ ၁၀၀ ကြားမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက် တခြားအကျဉ်းသား ဘယ်နှစ်ယောက်လဲဆိုတာကိုတော့ ခွဲခြားလို့မရသေးပါဘူး။ သူတို့ဘက်က ဆေးဝါးကုသမှုပေးမယ်ဆိုပေမယ့် အကျဉ်းထောင်တွေရဲ့လက်ရှိပကတိအခြေအနေအရ အကျဉ်းထောင်ထဲမှာ လုံလောက်သောဆေးဝါး အရင်ကလည်းမရှိသလို အခုလည်းမရှိပါဘူး။ အကျဉ်းထောင်ထဲမှာလုံလောက်သောဆေးဝါးမရှိတာမို့ အကျဉ်းသားအားလုံးက ကောင်းမွန်သော ဆေးဝါးစောင့် ရှောက်မှုရဖို့ အင်မတန်ခက်ခဲတဲ့ အခြေအနေတခု ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။ "

မြန်မာနှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာမျှတမှု မရှိဘူးဆိုပြီး အကျဥ်းသားတွေက ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းကစလို့ ထောင်တွင်းဆန္ဒပြခဲ့ကြတာပါ။ ညနေပိုင်းမှာတော့အာဏာပိုင်တွေဘက်က နှိမ်နင်းခဲ့တာမှာ အကျဉ်းသား ၄ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

Forum

XS
SM
MD
LG