သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တာဝန်ရှိသူတွေနဲ့ NUG ခေါင်းဆောင်တွေဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံလူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ဒေသအုပ်ချုပ်ရေးကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတချို့ဟာ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffer တို့ဟာ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တခြားခေါင်းဆောင်တွေအပါအဝင် NUG ရဲ့ ဦးဆောင်အဖွဲ့နဲ့ ဧပြီလ ၁၁ ရက် (ကြာသပတေးနေ့) က တွေ့ဆုံခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာအားလုံးပါဝင်ပြီး ကိုယ်စားပြုနိုင်မယ့် ဒီမိုကရက် စနစ်အုပ်ချုပ်ရေးအတွက် NUG ရဲ့ ကြိုးပမ်းမှုတွေကိုကြိုဆိုကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် Chollet က ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူသန်းနဲ့ချီအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်ရေးနဲ့ အရေးကြီးတဲ့ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ ဒေသန္တရ စီမံခန့်ခွဲရေး စွမ်းရည်တွေတည်ဆောက်ဖို့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံပြောခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက အဓိကလူမျိုးစုတွေ၊ ဘာသာရေးအဖွဲ့တွေ အထူးသဖြင့် ရိုဟင်ဂျာတွေ အပါအဝင် ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းနေသူတွေ အားလုံးနဲ့ မဟာမိတ် တည်ဆောက်နိုင်ဖို့ ကြိုးစားနေတဲ့ NUG ကိုလည်း အတိုင်ပင်ခံ Chollet ချီးကျူးခဲ့ပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးအဆုံးသတ်ရေး၊ မတရားဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး၊ ပဋိပက္ခတွေအဆုံးသတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် မြှင့်တင်နိုင်ဖို့သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးကြောင်း ထပ်လောင်းဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ပြီးခဲ့တဲ့လ အကုန်ပိုင်းကလည်း K3C လို့ခေါ်တဲ့ တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့နဲ့တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှုတွေနဲ့ပတ်သက်လို့ ချိတ်ဆက်လုပ်ဆောင်မယ့်အခြေအနေတွေ ဆွေးနွေးခဲ့ဖူးပါတယ်။ အမေရိကန်ကာကွယ်ရေးအသုံးစရိတ် NDAA အောက်ကနေ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ ၁၂၁ သန်းထောက်ပံ့မယ့်အစီအစဉ်ကို လွှတ်တော်နှစ်ရပ်အတည်ပြုပြီး သမ္မတကလည်းလက်မှတ်ထိုးပြဌာန်းထားပါတယ်။ ဒီအကူအညီတွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကို လက်နက်မဟုတ်တဲ့ ကျွမ်းကျင်မှုနည်းပညာအကူအညီတွေနဲ့ မြန်မာလူထုအတွက် လူသားချင်းစာနာကူညီမှုအထောက်အပံ့တွေလည်း ထည့်သွင်းထားပါတယ်။

Forum

XS
SM
MD
LG