သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေတပ်နဲ့ စစ်စခန်းတွေ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှု သုံးသပ်ချက်


အရပ်ဘက်-စစ်ဘက်ရေးရာကျွမ်းကျင်သူ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်
အရပ်ဘက်-စစ်ဘက်ရေးရာကျွမ်းကျင်သူ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်

နေပြည်တော်၊ ပြင်ဦးလွင်နဲ့ မော်လမြိုင်တို့ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ နည်းပညာကိုကြည့်ရင် တော်လှန်ရေးအင်အားစုတွေဘက်က အရေးပါတဲ့ ထောက်လှမ်းရေး နည်းပညာ စွမ်းရည်မြင့်မားတာကို တွေ့မြင်ရတယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ် က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ အခြေအနေတွေဟာ တိုင်းပြည်မှာ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ထင်ဟပ်စေသလဲ။ အရပ်ဘက်-စစ်ဘက်ရေးရာကျွမ်းကျင်သူ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ် ကို Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ပထမဦးဆုံး မေးချင်တာက ဒရုန်းနည်းပညာ (Drone Technology) တွေကို အသုံးပြုပြီးတော့ တိုက်ခိုက်လာတဲ့အပိုင်းမှာ ထင်ထင်ရှားရှား ဖြစ်သွားတာကတော့ ပြီးခဲ့တဲ့သတင်းအပတ်အတွင်း နေပြည်တော်ကို NUG ဘက်ကနေ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ဒေါက်တာမီမီဝင်းဘတ်ရဲ့ သုံးသပ်ချက်က ဘယ်လိုရှိပါသလဲရှင့်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကျမ ဒီမေးခွန်းကို မဖြေခင် Disclaimer လေးတော့ လိုအပ်ပါတယ်။ ကျမ ဒီနေ့ပြောသွားမယ် အကြောင်းအရာတွေ၊ သုံးသပ်ချက်တွေ၊ အချက်အလက်တွေက ကျမ ပုဂ္ဂိုလ်တဦးတယောက်အနေနဲ့ ဖြေကြားသွားတာပါ။ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုပြောတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ဒရုန်းသုံးပြီးတော့ တိုက်သွားတာရယ်၊ မော်လမြိုင်ဘက်မှာလည်း ဒရုန်းသုံးပြီးတော့ တိုက်သွားတာတွေက အရမ်းပဲ ထိရောက်တယ်လို့ ပြောလို့ရတယ်။ အဲဒီမှာ Symbolically လည်း ရှိတယ်။ သိသာထင်ရှားတယ်။ ကျမအတွက်က ဒရုန်း နည်းပညာ သုံးသွားတာထက်၊ ဘာသွားတွေ့သလဲဆိုရင်၊ ဒရုန်းသုံးပြီးတော့ စစ်တိုက်တဲ့အခါမှာ ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက်က Intelligent ထောက်လှမ်းရေး လိုအပ်တယ်။

ဒရုန်း ရှိနေပေမဲ့ ပစ်ရမယ့် Target ပစ်မှတ် ရှိရမယ်။ ဒရုန်းကို ကြည့်လိုက်မယ်ဆိုရင် ဒရုန်းက Guided Missile ဖြစ်တယ်။ သူတို့သုံးသွားတဲ့ ဒရုန်းက။ Guided missile လို့ ပြောရင် ကိုယ့်ရဲ့ Target က ဘယ်နေရာမှာ ရှိမလဲ။ ထိထိရောက်ရောက် ကိုယ့် Target ကို ရောက်နိုင်ဖို့က ထောက်လှမ်းရေး နည်းဗျူဟာ အရမ်းလိုအပ်တယ်။ ဒီနှစ်နေရာမှာ သုံးသွားတာကို ဘာသွားတွေ့လဲဆိုရင် သူတို့ရဲ့ ထောက်လှမ်းရေး နည်းဗျူဟာတွေက ပိုပြီးတော့ တိုးတက်လာတယ်လို့ တွေ့ရတယ်။ နောက်တခုကတော့ ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောသွားတယ်။ အဲဒီလို အဖွဲ့တွေ Joint Operation ကလည်း အများကြီး လုပ်လာနိုင်တယ်၊ တိုးတက်လာတယ်လို့လည်း ပြောနိုင်တယ်။ အဲဒီဟာ အရမ်းအရေးကြီးတယ်။ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ အရေးအကြီးဆုံးပဲ။ နောက်ပြီး နံပါတ် ၃ ကတော့ OpSec - Operation Security က သူတို့တွေ လုံလုံခြုံခြုံ လှုပ်ရှားမှုကို လုပ်ထားနိုင်တဲ့အခါကြတော့ ကိုယ့်ရဲ့ရန်သူက အငိုက်ထိသွားတယ်။ ကျမကတော့ အဲဒီလို ဒရုန်းနဲ့ တိုက်သွားတဲ့အချိန်မှာ ဒီ ၃ ချက်က ပိုပြီးတော့ အရေးကြီးတယ်လို့ ကျမအနေနဲ့ ထင်တယ်။

မေး ။ ။ အဲဒီမှာ သူတို့ အသုံးပြုတဲ့ ဒရုန်းအမျိုးအစား၊ ဒုံးကျည်အမျိုးအစားတွေကို ကြည့်မယ်ဆိုရင်ကော ဒေါက်တာမီမီဝင်းဘတ် ဘယ်လို သုံးသပ်ပါသလဲရှင့်။

ဖြေ ။ ။ ဒုံးကျည်အမျိုးအစားလို့ ပြောလိုက်ရင်တော့ ကျမ အခုနပြောသလိုပဲ အဲဒီဟာတွေက Guided Missile လိုပဲ သုံးသွားတယ်။ အဲဒီမှာ သူတို့ဘက်က နည်းနည်း တော်လှန်ရေးဘက်တော်သားတွေ လုပ်သွားနိုင်တာက ရန်သူ စစ်တပ်ဘက်က လုပ်ထားတဲ့ Jammer အတားအဆီးတွေကို ဘယ်လိုထိုးဖောက်ပြီးတော့ ဖြတ်ဝင်နိုင်တဲ့ဟာက သူတို့ရဲ့ Technology တခုပဲ။ ဒါမှမဟုတ် Intelligent ထောက်လှမ်းရေး။ ဘာဖြစ်လို့လဲဆိုတော့ Drone Jammer တွေက ၂၄ နာရီ ဖွင့်ထားချင်မှာ ဖွင့်ထားလိမ့်မယ်။ ဆိုတော့ သူတို့အနေနဲ့ ဘယ်အချိန်မှာ ဒရုန်းအတားအဆီးတွေ ပိတ်ထားလဲ၊ မပိတ်ထားဘူးလဲဆိုတာကို သူတို့ ထောက်လှမ်းရယူထားလား။ ဒါမှမဟုတ်လဲ ဒရုန်းသုံးတဲ့အခါမှာ ဒီဒရုန်းတွေကို Jammer တွေနဲ့ ရနိုင်ဖို့အတွက်က ရှောင်နိုင်ဖို့က Frequency ကို ပြောင်းလဲလုပ်နိုင်တာ။ အဲဒီလိုမျိုး Technology သုံးလား၊ မသုံးလား ကျမ အသေအချာတော့ မသိဘူး။ အဲဒီလို နှစ်မျိုး ဖြစ်နိုင်တယ်။ ရန်သူရဲ့ Jammer ထဲမှာ လစ်ဟ Gap ရှိနေတဲ့အချိန်မှာ ပျံသွားနိုင်လား။ ဒါမှမဟုတ် ကိုယ့်ဘက်ကရှိတဲ့ ဒရုန်းတွေက Frequency Hopping နဲ့ Jammer ကို ကျော်လွှာနိုင်ပြီး သွားတိုက်နိုင်တာ။ အသေအချာတော့ မသိဘူး။ အဲဒီလိုမျိုး တခုခုဖြစ်သွားလို့ အောင်မြင်ပြီးတော့ တိုက်သွားနိုင်တာလို့ ပြောလို့ရပါတယ်။

မေး ။ ။ စစ်ရေးအရဆိုရင် နည်းဗျူဟာကျတဲ့ နေပြည်တော်၊ မော်လမြိုင်၊ မေမြို့တို့ စစ်ခေါင်းဆောင်ပိုင်းက သွားပြီးတော့ အစည်းအဝေးတွေ သွားတက်ရောက်နေတဲ့အချိန်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုက အခု စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုထင်ဟပ်စေပါသလဲရှင့်။

ဖြေ ။ ။ စစ်ကောင်စီကတော့ ကျမ စောစောကပြောသလိုပါပဲ စစ်တပ်ဘက်က တော်တော်ကျနေပြီ။ အရမ်းကျနေပြီ။ သူတို့ဘက်က ကျလာလေလေ၊ ဒီဘက်က တော်လှန်ရေးဘက်ကလည်း ပိုပြီးတော့ တိုးတက်လာတယ်။ အခုန ကျမပြောသလို ဒရုန်း နည်းဗျူဟာ Drone Technology ထက်စာရင် ဒရုန်းရှိတယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ထောက်လှမ်းရေး မရှိဘူးဆိုရင် ကိုယ်ပစ်ချင်တာပစ်၊ ပစ်တဲ့အခါမှာ ထိလိုက်တဲ့အခါမှာ အလကားပဲ။ ဒါပေမဲ့ အခု ဒရုန်းပစ်လိုက်တဲ့အခါမှာ အသေအချာ ကိုယ့်ရဲ့ ပစ်မှတ်ကို ပစ်တယ်။ အဲဒီအချိန်မှာ ဘယ်သူက ဘယ်နားရောက်နေမလဲ။ ဘယ်အချိန်မှာ ရှိနေမလဲ။ အဲဒီကျမှ ဒရုန်းနဲ့ ပစ်ခတ်တဲ့အခါမှာ ကိုယ့်ရဲ့ ထိရောက်မှုက စစ်ဆင်ရေးအတွက် ပိုပြီးတော့ ထိရောက်တယ်လို့ ပြောလို့ရတယ်။ အခုနပြောသွားသလိုပဲ Intelligent Operation - ထောက်လှမ်းရေးဗျူဟာက ပိုပြီးတော့ အရေးကြီးတယ်။ ဒရုန်းရှိပြီး ထောက်လှမ်းရေး မရှိရင် အလကားပဲ။ ပစ်တာပစ်နေပြီး၊ ဒရုန်းကုန်၊ ပိုက်ဆံကုန်၊ လူပန်းပြီးတော့ ဘာမှထိရောက်မှုမရှိ ဖြစ်တယ်။ သူတို့က Intelligent Operation အရမ်းတိုးတက်လာတာကို ကျမ တွေ့ရတယ်။

မေး ။ ။ အဲဒီလိုမျိုး နည်းပညာပိုင်း ဒရုန်းတွေကို အသုံးပြုလာတာ Technology နည်းပညာပိုင်းမှာလည်း စောစောကလို ပစ်မှတ်ထားတဲ့ ကိုယ့်ရဲ့ပစ်မှတ်ကို ရောက်အောင်ချိန်းပြီးတော့ ပစ်နိုင်ဖို့ သူတို့ရဲ့ နည်းပညာတွေ အသုံးပြုရတဲ့အပိုင်းမှာ အခုလို NUG, PDF, နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ဒါမျိုးတွေ တိုးတက်လာဖို့ဆိုရင် ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံရမလဲ။ ဥပမာ ငွေကြေးအရလည်း ဘယ်လောက်အထိ ကုန်ကျခဲ့ရသလဲ။ ဒါမျိုးကြတော့ ဘယ်လို သုံးသပ်ပါလဲရှင့်။

ဖြေ ။ ။ ကျမအနေနဲ့ကတော့ ဘယ်လောက်ကုန်လဲ မသိဘူး။ အတိအကျ မသိဘူး။ ဒါ‌ပေမဲ့လည်း အစောကြီးကတည်းက ဒရုန်းတွေအတွက်ကို Fundraising တွေ အများကြီးလုပ်ထားတယ်။ ပြည်ပမှာရှိနေတဲ့ မြန်မာတွေနဲ့ တိုင်းရင်းသားတွေပေါ့။ ကျမ Oslo ကို သွားလာတယ်။ Paris သွားလာတယ်။ London သွားလာတယ်။ အဲ့ဒီမှာ လူတွေကအားလုံး တက်တက်ကြွကြွနဲ့ တော်လှန်ရေးကို အခုထက်ထိ support လုပ်နေတုန်းပဲ။ ထောက်ပံ့နေတုန်းပဲ။ အဲ့ဒီ့ကလူတွေက သူတို့တွေက နည်းပညာတွေကော နောက်ပြီးတော့ Funding ‌‌‌ငွေကြေးတွေကော အခုထက်ထိ ပို့ပေးနေတုန်း။ အခုထက်ထိ မဆုံးသေးဘူး။ သူတို့ လုပ်နေတုန်းပဲ။ ဆိုတော့ ကျမအနေနဲ့ ဒရုန်းကို ဒီနေ့ထိ အသုံးချနိုင်လာတာ အဲဒါ မဆန်းဘူးလို့ ပြောလို့ရတယ်။ အံ့သြစရာ မဟုတ်ဘူး။ သူတို့တွေက ဒီဟာကို အတူတကွ ပြည်ပနဲ့ ပြည်ထဲ ပူးပေါင်းဆောင်ရွက်နေကြတာပေါ့။

မေး ။ ။ အဲ့ဒီတော့ ဒီလို ဒရုန်းနဲ့ တိုက်ခိုက်မှုမျိုးက စစ်ကောင်စီနဲ့ NUG တို့ PDF တို့နဲ့ တိုက်နေတဲ့ တိုက်ပွဲပေါ်မှာကော သူတို့ ဘယ်လို အကျိူးသက်ရောက်မှု့တွေ ဖြစ်လာနိုင်မလဲရှင့်။

ဖြေ ။ ။ အခုန ပြောသွားသလိုပေါ့။ ဒီဥစ္စာ ထင်ထင်ရှားရှား symbolic ရှိတယ်။ အဲ့ဒီ့အခါကျ ပိုပြီးတော့ psychological ဆိုက်ဝါးအနေနဲ့ စစ်တပ်ထဲမှာ ရှိနေတဲ့လူတွေက ပိုပြီးတော့ ကြောက်ရွံ့လာတယ်။ ဒီဘက်က ပိုပြီးတော့ တိုးတက်လာတယ်ဆိုတာကိုလည်း ထင်ထင်ရှားရှား ပြနိုင်တယ်။ နောက်ပြီးတော့ တော်လှန်ရေး ဘက်တော်သားတွေကလည်း ပိုပြီးတော့ ထိရောက်စွာ ပိုပြီးတော့ ထိထိရောက်ရောက် တိုက်လာနိုင်ပြီ။ နေပြည်တော်ဆိုရင်လည်း သူတို့ အထဲမှာ လုံလုံခြုံခြုံ လုပ်ထားတဲ့နေရာကို သူတို့ အထဲကို ဝင်တိုက်နိုင်တယ်ဆိုတာ physiologically အရမ်းဘက် စစ်တပ်ဘက်က ထိခိုက်ပါတယ်။ သူတို့အနေနဲ့ကလည်း ဒီဘက်ကလည်း ဒီလိုမျိုးကို Operation Security သူတို့ဘက်က သတင်းတွေ ပေါက်တာတွေ အများကြီး ရှိလာတယ်။ နောက်ပြီးတော့ သူတို့ကိုယ်နှိုက်လည်း ဒရုန်းနဲ့ Anti-drone ပတ်သက်ပြီး သေချာလည်း မကာကွယ်ပေးနိုင်တော့တာကိုလည်း တွေ့လာရတယ်။ အဲ့ဒါကို ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် စစ်တပ်ဘက်က တော်တော်စိတ်ဓာတ်ကျပြီးတော့ တော်လှန်ရေးဘက်က စိတ်ဓာတ်တွေ ပိုပြီးမြင့်မားလာတယ်။ အဲ့ဒီ့အချိန်မှာ ကျမ အမြဲတမ်းပြောသလို စစ်တိုက်တယ်ဆိုတာ စစ်သားတွေရဲ့ Will to Fight သူတို့တွေ စိတ်ဓာတ်ခွန်အား အရမ်းအရေးကြီးတယ်။

မေး ။ ။ အဲ့ဒီနေရာမှာ တဘက်မှာတော့ စောစောက ဒေါက်တာမီမီဝင်းဘတ် ပြောသွားတဲ့ထဲမှာလည်း စစ်ကောင်စီဘက်က သူတို့ ပြန်ပြီးတော့ ပစ်ချနိုင်ဖို့ ဒရုန်းတိုက်ခိုက်မှုကို ပစ်ချဖို့ သူတို့လည်း ကြိုးပမ်းခဲ့တဲ့အပိုင်းမှာ နေပြည်တော်မှာ တိုက်ခိုက်ခဲ့တဲ့အပိုင်းဆိုရင် စစ်ကောင်စီက ထုတ်ပြန်တဲ့ထဲမှာတော့ သူတို့ဟာ ၇ စင်းလောက်ကို ပစ်ချနိုင်ခဲ့တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရတယ် ဆိုတော့ ဒီအပိုင်းကိုကော ဘယ်လိုမြင်မိလဲရှင့်။ စစ်ကောင်စီဘက်က ပြန်ပြီးတော့ ဒရုန်းတွေကို ပစ်ချခဲ့တယ်ဆိုတဲ့ အပေါ်မှာ။

ဖြေ ။ ။ ဒါပေမဲ့ သူတို့ပစ်ချနိုင်ပေမယ့် ဘယ်လောက် ပစ်ချနိုင်တယ်ဆိုတာတော့ ကျမတို့ အတိအကျတော့ မသိပါဘူး။ ဒီထဲမှာ သူတို့ပြောတာပဲ ရှိတယ်။ သူတို့အထဲကို ၁၀၀ ရာခိုင်နှုန်း လုံးဝ Defend မလုပ်နိုင်တာ၊ မကာကွယ်နိုင်တာ။ ဘာလို့ဆိုတော့ နေပြည်တော်ထဲမှာ နေပြီးတော့ မလုံခြုံတော့ဘူးဆိုတာ ပြသွားတာဘဲ။ နေပြည်တော်ထဲမှာ နေပြီးတော့ မလုံခြုံတော့ဘူး။

မေး ။ ။ အဲ့ဒီအခြေအနေကို ကြည့်မယ်ဆိုရင်ဒီလို နည်းပညာအရ ဒရုန်းနည်းပညာတွေကို သုံးပြီးတော့ ဒရုန်းနဲ့ တိုက်ခိုက်လာတာက လက်ရှိ မြန်မာနိုင်ငံမှာ တကယ့်ကို ကြီးထွားလာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ပြန်ပြီးတော့ ထိန်းချုပ်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှု့တွေကိုကော ဘယ်လို ထိခိုက်မှု့တွေ ရှိနိုင်မလဲရှင့်။

ဖြေ ။ ။ သူတို့ကတော့ သူတို့ တတ်တဲ့နည်းနဲ့ Anti-Drone Operation ကို သူတို့ လုပ်တော့မယ်။ ဒရုန်းကို ဘယ်လို ကာကွယ်ရမလဲ။ Jammer တွေ ပိုရှိရင်ရှိလာနိုင်လိမ့်မယ်။ သူတို့အတွက် Training တွေ တကယ်လို့ ဒရုန်းလာရင် ဘယ်လိုပစ်ချရမလဲဆိုတာ သူတို့မှာ Training တွေ ပိုပြီးတော့ ရှိလာလိမ့်မယ်။ ဒါပေမဲ့လည်း တော်လှန်ရေးဘက်ကလည်း Intelligent ထောက်လှမ်းရေး - ဘယ်အချိန်မှာ Jammer တွေက Gap လစ်ဟနေလဲ။ ရှိနေတဲ့ဟာတွေက သူတို့ပိုပြီးတော့ သိလာလေလေ Gap ထဲကို ဝင်လို့ရတာတွေ။ နောက်ပြီးတော့ သူတို့ရဲ့ Jammer တွေရဲ့ Frequency ကို သိလို့ရှိရင် ဒီဘက်ကလည်း ကိုယ့်ဒရုန်းတွေကို Frequency တမျိုးနဲ့ ဝင်လာလို့ရတယ်။ အဲ့ဒီလိုမျိုးတွေ လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီဥစ္စာ Very tactical ပြန်ပြီးတော့ Zoom out လုပ်ပြီးတော့ တော်လှန်ရေးကို ပြန်ကြည့်လိုက်မယ်ဆိုရင်၊ ကျမအရင်တုန်းက ပြောထားသလိုဘဲ အခု ဒရုန်းနဲ့ ပစ်နေတာတွေကလည်း Tipping point ရောက်နေတဲ့ Tipping pointကို ရောက်ပြီးသွားပြီးဆိုတဲ့ ဥစ္စာကို ပြနေတာဘဲ။ ကျမပြောတယ် မှတ်လား Operation 1027 တုန်းက ကျမ ပြောလိုက်တယ်။ Tipping point ရောက်သွားပြီ။ ဆိုတော့ ဒရုန်းနဲ့ ပတ်သက်ပြီး လုပ်နေတာလည်း Tipping point တွေ End point တွေ သွားနေတဲ့ နည်းလို့ ပြောလို့ရပါတယ်။

မေး ။ ။ ဒီနေရာမှာ ရုရှားနဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်တာတွေ၊ ရုရှားဘက်က ဒရုန်းနဲ့ တိုက်ခိုက်တဲ့နည်းပညာတွေ ပြန်ပြီးချေမှုန်းဖို့ဆိုတဲ့အပိုင်းကို စစ်ကောင်စီက ရုရှားအကူအညီနဲ့ ပြန်ပြီးတော့ လုပ်လာနိုင်မယ့် အနေအထားမျိုး ဘယ်လိုရှိမလဲရှင့်။

ဖြေ ။ ။ သူတို့အတွက်ကတော့ ဒီလိုမျိုး နောက်ထပ်စစ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ Technical Support ကတော့ ရုရှားတခုပဲ ကျန်တော့တာ။ ဒါပေမဲ့ ရုရှားက အလကားသင်ပေးတာ မဟုတ်ဘူး။ ရုရှားက ပေးတာတွေအားလုံးက ပိုက်ဆံနဲ့ ပေးရတာဆိုတော့ ပိုက်ဆံတွေ မရှိလာလေလေ၊ သူတို့အတွက်က ဝယ်ဖို့အတွက်၊ သင်တန်းတွေ ရဖို့အတွက်က ပိုပြီးတော့ ခက်ခဲလာလေ။ စက်ာပူက ပြောလိုက်တယ် - လက်နက်တွေ ဝယ်နိုင်ဖို့အတွက် အများကြီး ကန့်သတ်လိုက်တယ်ဆိုတာ။ ရုရှားတို့ဘာတို့ဆိုတာ ပိုက်ဆံပေးတော့မှ လုပ်ပေးတာ။ အလကား လုပ်ပေးတဲ့ လူတွေ မဟုတ်ဘူး။ ပေးနိုင်တဲ့ ပိုက်ဆံမရှိတော့ဘူး။ နည်းလမ်းတွေ မရှိတော့ဘူးဆိုရင် သူတို့အတွက်က တော်တော်ခက်ခဲလိမ့်မယ်။

မအင်ကြင်းနိုင် ။ ။ အခုလိုမျိုး သင်္ကြန်အခါသမယမှာ အချိန်မရှိတဲ့ကြားထဲကနေ VOA မြန်မာပိုင်းက မေးမြန်းတဲ့မေးခွန်းတွေကို အချိန်ပေးပြီး ဖြေဆိုပေးတဲ့အတွက် ဒေါက်တာမီမီဝင်းဘတ်ကို ကျေးဇူးတင်ပါတယ်ရှင့်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ကျေးဇူးပါ။ အခုလာမယ့် နှစ်သစ်မှာ ပိုပြီးတော့ မြန်မာလူမျိုးတွေ ငြိမ်းချမ်းစွာနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Forum

XS
SM
MD
LG