သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာခြား ထိမ်းမြားဥပဒေကြမ်း လူ့အခွင့်အရေးသံ စူးစမ်း


မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ် နေပြည်တော်တွင် အစိုးရ-လွှတ်တော်တာဝန်ရှိသူတွေနဲ့တွေ့ဆုံ။ (သတင်းဓာတ်ပုံ-United Nations Information Centre Yangon)
မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ် နေပြည်တော်တွင် အစိုးရ-လွှတ်တော်တာဝန်ရှိသူတွေနဲ့တွေ့ဆုံ။ (သတင်းဓာတ်ပုံ-United Nations Information Centre Yangon)

မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ ရှိတဲ့ မျိုးစောင့် ဥပဒေ တွေ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က ဥပဒေကြမ်းကော်မတီ နဲ့ တွေ့ဆုံချိန် မှာ မေးမြန်းခဲ့တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး က ပြောပါတယ်။ မစ္စယန်ဟီးလီးအနေနဲ့ ၉ ရက်မြောက်နေ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ သူ့ခရီးစဉ် ကို စောင့်ကြည့် သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

မစ္စ ယန်ဟီးလီးရဲ့ ၉ ရက်မြောက်နေ့ မြန်မာနိုင်ငံခရီးစဉ် အတွင်း နေပြည်တော်မှာ ပဲ ဆက်လက်နေထိုင်ပြီးတော့ လွှတ်တော် ရေးရာကော်မတီ တွေနဲ့ နိုင်ငံတော် သမ္မတ အကြံပေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးတော့ လူ့အခွင့်အရေး အခြေအနေတွေ ကို မေးမြန်းခဲ့တယ်လို့ UN ရန်ကုန်ရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း က ပြောပါတယ်။

“ ဒီကနေ့ မစ္စ ယန်ဟီးလီးက သူ နေပြည်တော်မှာ နောက်ဆုံးနေ့ ပေါ့။ သူဒီနေ့တွေ့တာက အမျိုးသားလွှတ်တော် နဲ့တွေ့တယ်။ အဲဒီမှာ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ တွေ၊ ဥပဒေကြမ်းကော်မတီက ပုဂ္ဂိုလ်တွေလည်း တက်ပါတယ်။ နိုင်ငံတော် သမ္မတ ရဲ့ ဥပဒေ၊ နိုင်ငံရေး နဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်တွေ နဲ့ လည်းတွေ့ပါတယ်။ နောက်တစ်ခါ ကျတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်တွေ နဲ့ တွေ့တယ်။ ပြည်ထောင်စု တရားသူကြီးချုပ် နဲ့တွေ့တယ်။ ဒီနေ့ ပြည်ထဲရေးဝန် ပြည်ထောင်စု ဝန်ကြီးနဲ့ လည်းတွေ့ပါတယ်။”

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းဖို့ ရှိနေတဲ့ မျိုးစောင့်ဥပဒေတွေ နဲ့ ပတ်သက်ပြီးပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဥပဒေကြမ်းကော်မတီကို ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ဖို့ရှိလဲ ဆိုတာကို မစ္စ ယန်ဟီးလီး မေးမြန်းခဲ့တယ်လို့ လွှတ်တော် ၂ ရပ် ပေါင်း ဥပဒေကြမ်း ကော်မတီ ရဲ့ အတွင်းရေးမှူး ဦးစောလှထွန်း ကပြောပါတယ်။

“သူမေးတဲ့ မျိုးစောင့်ဥပဒေ နဲ့ ပတ်သက်ပြီးတဲ့ ကိစ္စ ကတော့ ဒီအဖွဲ့ အစည်းအဝေး ကတော့ မထိုင်ရသေးတာ ဖြစ်တဲ့ အတွက်သီးခြား comment ပေးစရာတော့ မရှိပါဘူးပေါ့နော်။ သို့သော်လည်း စောစော က ပြောသလို ပေါ့ ဥပဒေကြမ်းကော်မတီ အနေနဲ့ ကတော့ အခြေခံ ဥပဒေနဲ့ အညီ အများပြည်သူ အကျိုးရှိမဲ့ ဟာတွေကို စိစစ်ပြဌာန်းသွားမှာပဲ။ အခြေခံ ဥပဒေဘောင် ကို ကျော်ပြီး ဆောင်ရွက်မှာ မဟုတ်ပါဘူး။ အဲဒါလေးတွေ ပြောဖြစ်ပါတယ်။”

မနက်ဖြန်မှာဆိုရင် ခရီးစဉ် အတွင်းတွေ့ရှိခဲ့တဲ့ အချက်တွေကို သတင်းရှင်းလင်းပွဲ ကျင်းပမှာလည်း ဖြစ်ပါတယ်။ မစ္စ ယန်ဟီးလီးအနေနဲ့ မြန်မာ့နိုင်ငံ အတွင်းမှာ လေ့လာခဲ့တဲ့ လူ့အခွင့်အရေး အခြေအနေတွေ ထဲက အရေးကြီးဆုံး ဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး သူ့အစီရင်ခံစာထဲမှာ အဓိက ထည့်သွင်း ရေးသားဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းက ကိုဂျင်မီက သုံးသပ်ပါတယ်။

“ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်နိုင်မှာ ပဲ ကျန်တဲ့ လူ့အခွင့်အရေး ကိစ္စတွေဟာ ထိထိရောက်ရောက် ပြဌာန်းနိုင်မယ်။ ပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ ဖွဲ့စည်းပုံမှာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ပြဌာန်းနိုင်တာ တစ်ခု မှမပါဘူး။ အထူးသဖြင့် ဒါပုဒ်မ ၄၃၆ ဆိုတဲ့ ကိစ္စက အဟန့်အတားဖြစ်နေတဲ့ အတွက် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အဟန့်အတားလိုဖြစ်နေတယ်လို့ ယူဆနိုင်တယ်လို့ ပြောချင်ပါတယ်။ "

မြန်မာနိုင်ငံ ကို လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒုတိယ အကြိမ် လာရောက်လေ့လာတာ ဖြစ်တဲ့အတွက် ပထမအကြိမ်တုန်းက အကြံပြုခဲ့တဲ့ အချက်တွေကို မြန်မာအစိုးရ က ဘယ်လောက်လိုက်နာမှု ရှိသလဲ ဆိုတာ ကို ပြန်ဆန်းစစ်ပြီး အခု ရေးမဲ့ အစီရင်ခံစာ ထဲမှာ မပြင်တဲ့ အချက်တွေကို မီးမောင်းထိုးဖို့ လိုတယ်လို့ ပြည်တွင်းက လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး ဖြစ်တဲ့ Equality Myanmar က ဦးအောင်မျိုးမင်း ကပြောပါတယ်။

“အသစ်တွေ ကို အကြံပေးတာတင်မကပဲနဲ့ ပြီးခဲ့တဲ့အကြံပေးချက်တွေကို အစိုးရက ဘယ်လောက်ထိလေးစားလိုက်နာမလဲ ဆိုတာကို ပထမဆုံး ပြန်လည်ပြီး သုံးသပ်စေချင်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာက လူ့အခွင့်အရေးအသစ်တွေသာ ထပ်တိုးလာတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ပတ်သက်ပြီးတော့ အကြံပေးထားတဲ့ အချက်တွေကို လေးစားလိုက်နာမှု က ဘယ်တော့မှ တိုးတက်လာမှု မရှိဘူး။ အဲဒါကြောင့် ပထမဦးဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြောင်းဖို့ ကိစ္စ တွေ၊ နောက်တစ်ခါ တရားစီရင်မှု လွတ်လပ်ရေးနဲ့ ပတ်သက်ပြီးပြောဆိုတဲ့ ကိစ္စတွေ၊ ဥပဒေတွေကို မတရားသုံးပြီးတော့ ဖမ်းဆီးမှုတွေ အရေးယူမှုတွေ ဒါတွေက အခုထပ်ပြီးဖြစ်တယ်။ နောက်တစ်ခါ ဒီလိုမျိုး လူနည်းစု မှာ ခွဲခြားဖိနှိပ်မှုတွေ နဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်မှုတွေ ပြန်လည်ပြီး ထောက်ပြပါဦး။ တစ်ချိန်ထဲမှာပဲ ကျနော်တို့ မကြာမှီမှာ ဒီရွေးကောက်ပွဲ နီးလာတာနဲ့ အမျှကျနော်တို့ လူ့အခွင့်အရေး အခြေအနေက ပိုမိုရှုတ်ထွေးလာဖို့ရှိနေတယ်။”

မစ္စယန်ဟီးလီး အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးအတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းက တက်ကြွ လှုပ်ရှားသူတွေ ပြီးတော့ မြန်မာ့ အရေးလေ့လာ အကဲဖြတ် တစ်ချို့ အပါအဝင် မီဒီယာ လောကထဲက တာဝန်ရှိသူ အချို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။

နေပြည်တော်မှာ ၃ ရက် ကြာနေထိုင်ပြီးတော့လည်း အစိုးရ ထိပ်ပိုင်းအရာရှိတွေ နဲ့တွေ့ဆုံခဲ့ပါတယ်။

ကုလအထူးကိုယ်စားလှယ်မစ္စယန်ဟီလီ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ (သတင်းဓာတ်ပုံ- NLD Chairperson)
ကုလအထူးကိုယ်စားလှယ်မစ္စယန်ဟီလီ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ (သတင်းဓာတ်ပုံ- NLD Chairperson)

ဒီကနေ့ ညနေပိုင်းမှာတော့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လေ့လာခဲ့ပါတယ်။

အခု ခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဧပြီလမှာကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။

XS
SM
MD
LG