သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီးတိန်ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဇိုလန်း PDF အဖွဲ့ ဝင်ရောက်တိုက်ခိုက်


Tedim တီးတိန်
Tedim တီးတိန်

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တပ်စွဲနေတဲ့ စစ်တပ်ကို ချင်းကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ ဇိုလန်း PDF တို့ ဝင်ရောက်တိုက်ခိုက်ပြီး အသုံးအဆောင် ပစ္စည်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး တီးတိန်မြို့ထဲမှာတော့ ဒေသခံတွေဟာ ပုံမှန်အတိုင်း သွားလာလျက်ရှိနေတယ်လို့ တီးတိန်မြို့ခံတွေက ပြောပါတ်။ တီးတိန်မြို့ရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ချင်းပြည်နယ် တီးတိန်မြို့ လွယ်ဘွာလ်ရပ်ကွက်မှာရှိတဲ့ မြို့နယ်ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ ခလရ ၂၆၉ ရှိရာကို ချင်းဒေသခံ ကာကွယ်ရေးတပ်ဖြစ်တဲ့ ဇိုလန်း PDF က မတ်လ ၁၃ ရက် ဒီကနေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ပစ်ခတ်ခဲ့ကြပြီးနောက် ဆေးရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွါသွားတဲ့အတွက် တပ်စွဲတဲ့နေရာမှာရှိတဲ့ အသုံးအဆောင်တွေနဲ့ ကျည်ဆံတွေကို သိမ်းဆည်း ရမိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဇိုလန်း PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့စခန်းကို ကျွန်တော်တို့က PDF ဇိုလန်အဖွဲ့က သွားရောက်တိုက်ခိုက်တာပါ။ တိုက်ပွဲက ပြင်းထန်တယ်။ ၁ နာရီခွဲ ၁ နာရီကျော်ကျော် ၁ နာရီခွဲလောက်ကြာတယ်။ သူတို့ရှိတဲ့နေရာကို ကျွန်တော်တို့ အဖွဲ့တွေက သူတို့ အိပ်တဲ့နေရာအထိကို ဝင်သွားနိုင်တယ်။ သူတို့တွေက ခွာတာပေါ့နော်။ သူတို့သေနတ်တွေနဲ့ သူတို့ လူက ဒဏ်ရာရကော သေတဲ့သူကော ထင်ပါတယ်။ သူတို့ထမ်းပြီးတော့ ခွာကြတာ။ ဆိုတော့ ကျွန်တော်တို့က သူတို့ထားခဲ့တဲ့ကျည် ဖုန်းတွေပဲရနိုင်တာပေါ့နော်။ သေနတ်တော့ မရခဲ့ဘူးပေါ့။”

အဲဒီဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ လမ်းသွားလမ်းလာ ဒေသခံတွေကို အကြောင်းမဲ့ပစ်ခတ်တာတွေအပြင် ရိဒ်-ကလေးလမ်းပိုင်းက ကားတွေနဲ့ ခရီးသွားတွေကို ငွေကြေးကောက်ခံတာတွေ လုပ်တဲ့အတွက် အခုလို ဝင်ရောက်တိုက်ခိုက်တာလို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး မနက်ပိုင်း တီးတိန်မြို့တွင်း အခြေအနေကို မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ဘာမှထူးထူးခြားခြား သိပ်မရှိပါဘူး။ ဒါပေမယ့် ဆေးရုံအောက်မှာ တပ်စွဲထားတဲ့နေရာမှာတော့လေ စစ်ကောင်စီတွေ တပ်စွဲထားတဲ့ နေရာကြတော့ ဒီမနက်တော့ ဂိတ်တွေ ချထားတယ်။ ဒါပေမယ့် ထူးထူးခြားခြားရှိတာတော့ မရှိဘူး။ပုံမှန်အတိုင်းတော့ သွားလို့ရတယ်။ ဒီမနက်တော့ ကား ၂ စီးနဲ့ မြို့ထဲတော့ သွားနေကြတယ်ပေါ့နော်။ ဒေသခံတွေကတော့ ပုံမှန်အတိုင်းပဲ သွားလို့ရတယ်။”

အရင်ကလည်း စစ်တပ် တပ်စွဲထားတဲ့ ဆေးရုံဝန်းထဲကနေ ညဘက်တွေမှာ မကြာခဏ သေနတ်ပစ်ဖောက်တာတွေ ရှိတဲ့အတွက် ညက တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာလည်း ဒေသခံတွေဟာ သာမန် သေနတ်ပစ်ဖောက်မှုလို့ပဲ ထင်မြင်ခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ၂၀၂၃ ခုနှစ်ထဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တာမှာ အရပ်သားတွေ ထိခိုက်တာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် မကြာခင်မှာ ပွင့်လင်းရာသီ ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ဖို့ စစ်တပ်ဘက်က လူသူလက်နက်ရိက္ခာ ဖြည့်တင်းတာတွေလည်း လုပ်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













XS
SM
MD
LG