သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ထောက်ခံမှု ရရှိရေး ဖုန်ကြားရှင်ကြိုးပမ်း


ကိုးကန့်တပ်ဖွဲ့။
ကိုးကန့်တပ်ဖွဲ့။

ဖေဖော်ဝါရီလဆန်းကစလို့ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ် လောက်ကိုင်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းကျော် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သူ အသက် ၈၄ နှစ်ရွယ် ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ ဘယ်လို အခြေအနေတွေကြောင့် ဒီလိုဖြစ်နေရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ မလွယ်ဘဲ ဖြစ်နေရတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Bill Ide က ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဟာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တွေကြား အမြဲတမ်းလိုလို တိုက်ပွဲတွေဖြစ်နေတဲ့ နေရာပါ။ မကြာသေးခင်က ဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ MNDAA ကိုးကန့် အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကနေ - သူ ၂၀၀၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန်မှာပဲ တရုတ်လူထုဆီက ထောက်ခံမှုကို ရဖို့ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာနဲ့ အင်တာဗျူးတွေမှာ - သူအုပ်ချုပ်စဉ်က ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု အဆုံးသတ်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အခုလည်း - ကိုးကန့်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့နဲ့ အခွင့်အရေးတွေအတွက် သူ တိုက်ပွဲဝင်နေတာဖြစ်တဲ့အကြောင်းနဲ့ ကိုးကန့်ဒေသမှာ သူမရှိတဲ့အချိန်ကစပြီး - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ပြန်ကြီးထွားလာနေပြီး၊ ကိုးကန့်ဒေသဟာလည်း တရုတ်နွယ်ဖွားတွေအတွက် မဟုတ်တော့ဘူးလို့ ဦးဖုန်ကြားရှင်က ပြောဆိုနေ တာပါ။

သူ့ကိုယ်သူ တရုတ်နွယ်ဖွားတွေကို ကာကွယ်သူ၊ ကိုးကန့်ဒေသအတွက် တာဝန်ရှိသူ အဖြစ် ဦးဖုန်ကြားရှင်ရဲ့ ပြောဆိုမှုတွေဟာ အမေရိကန် အစိုးရရဲ့ သူ့အပေါ် သဘောထားနဲ့တော့ ကွဲလွဲနေပါတယ်။ အကြောင်းကတော့ - အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး အေဂျင်စီ (DEA) ကနေ သူ့ကို ၁၉၇၀ ပြည့်လွန်နှစ်တွေ ကစပြီး - အဓိကမူးယစ်ရာဇာတဦးအဖြစ် သတ်မှတ်ထားတာပါ။

ယူနန်ပြည်နယ် ရဲအရာရှိ သင်တန်းကျောင်းက ပါမောက္ခ လီယန် ဂျင်ယွန်း (Liang Jinyun) ကတော့ - ဦးဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံထဲ ဝင်ရောက်ခွင့် တားမြစ်ခံထားရတဲ့ မူးယစ်မှောင်ခိုသမား ၃၀ ကျော်စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပေမဲ့ - ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးတွေကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာဟာလည်း အမှန်ပဲလို့ ပြောပါတယ်။

“ကိုးကန့်ဒေသကို မူးယစ်ဆေးဝါး ကင်းရှင်းတဲ့ဒေသဖြစ်ဖို့ ဦးဖုန်ကြားရှင် ကြိုးပမ်းခဲ့တယ်၊ ဒီလိုမလုပ်ရင်လည်း မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရကတောင် ကိုးကန့်အရေးကို ဝင်ပါလာနိုင်တာကြောင့် ဖြစ်တယ်။ ဒီလို ကန့်သတ်တားမြစ်ခဲ့ပေမဲ့လည်း - ကိုးကန့်ဒေသကို မူးယစ်ဆေး လုံး၀ ကင်းတဲ့ဒေသဖြစ်အောင်တော့ ဦးဖုန်ကြားရှင်အနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ဘူး”- လို့ တရုတ်ဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသကို မကြာသေးခင်က သူ ပြန်သွားပြီး၊ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ကို ဦးဆောင်တာဟာ - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေထက် အာဏာပြန်ရအောင် လုပ်တဲ့ပုံ တွေ့ရတယ်လို့လည်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် - တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရရှိနိုင်ဖို့ - မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ အချိန်မှာပဲ ကိုးကန့်တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

“ရွေးကောက်ပွဲမတိုင်ခင်မှာ - ဦးဖုန်ကြားရှင်က ကိုးကန့်ဒေသရဲ့ အကြီးအကဲအဖြစ် သူ့ကိုယ်သူ စာရင်းသွင်းနိုင်ဖို့၊့ လွှတ်တော်မှာ နေရာတနေရာ ရဖို့အတွက် ကြိုးစားတာ ဖြစ်နိုင်တယ်” - လို့ ပါမောက္ခက လီယန် (Liang) က သုံးသပ်ခဲ့တာပါ။

ဒါပေမဲ့လည်း ဦးဖုန်ကြားရှင် မျှော်လင့်ထားသလို အောင်မြင်ပါ့မလား ဆိုတဲ့ အပေါ်မှာတော့ သူ့အနေနဲ့လည်း သံသယရှိတဲ့အကြောင်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တချိန်တုန်းက ကိုးကန့်ဒေသဟာ တရုတ်နိုင်ငံရဲ့ ဒေသတခုအဖြစ် ပုဂ္ဂိုလ်ရေး အရ ချိတ်ဆက်ပြီး ဦးဖုန်ကြားရှင်က ဒီပြဿနာထဲကို တရုတ်အစိုးရကိုလည်း ဆွဲသွင်းဖို့ ကြိုးစားခဲ့တာပါ။

တရုတ်အစိုးရကတော့ - အခုဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲအတွက် တရုတ်နိုင်ငံကနေ ကူညီတာမျိုးတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ခပ်ရှင်းရှင်းပဲ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း တရုတ်အစိုးရရဲ့ အကူအညီကို ဦးဖုန်ကြားရှင် တောင်းဆိုတဲ့ အကြောင်းဟာ တရုတ်အမျိုးသားရေးစိတ် ပြင်းတဲ့ ဘလော့ဂါတွေဆီကနေတဆင့် အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

တချို့တရုတ်နိုင်ငံသားတွေ ကိုယ်တိုင်လည်း ကိုးကန့်ဒေသကို တရုတ် အစိုးရက ပြန်သိမ်းပိုက်ဖို့အထိ တောင်းဆိုခဲ့ကြတာပါ။ မြန်မာတာဝန်ရှိသူတွေဘက်ကလည်း - ဦးဖုန်ကြားရှင်တပ်ဖွဲ့ဟာ သူ့ကို ထောက်ခံစာနာသူတွေဆီကနေ အစားအသောက်၊ လက်နက်နဲ့ ဆေးဝါး အကူအညီတွေကို နယ်စပ်ကိုဖြတ်ပြီး ရရှိနေတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေအတွင်း - တရုတ် အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ - တိုက်ပွဲနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ပြီးတော့ မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ တရုတ်လူမျိုး ကိုးကန့်ဒေသခံတွေရဲ့ ဓာတ်ပုံတွေနဲ့ ပြည့်နေခဲ့တာပါ။

ဒီတပတ်အစောပိုင်းကဆိုရင်လည်း - ကိုးကန့်ဒေသမှာ ရိုက်ထားပုံရတဲ့ ဓာတ်ပုံ ၁ ဒါဇင်ကျော်မှာ - လူငယ်အမျိုးသားတချို့ရဲ့ အလောင်းတွေကို တွေ့ရပြီး၊ လူတချို့ဟာဆိုရင်လည်း လည်ပင်းမှာ ကြိုးတုတ်ခံထားရတာ၊ လက်ပြန်ကြိုး အတုတ်ခံထားရတာတွေ ပါဝင်ပါတယ်။ ကိုးကန့်တပ်ဖွဲ့ကို ထောက်ခံသူတွေကတော့ ဒီလူတွေကို မြန်မာစစ်တပ်က သတ်ပစ်တာကို ပြောကြပေမဲ့ - သီးခြား အတည်ပြုဖို့ကတော့ မလွယ်ပါဘူး။

ဒီလိုသေကျေ ထိခိုက်တဲ့ ဓာတ်ပုံတွေကြောင့် တရုတ်နိုင်ငံမှာ လူတွေဒေါသထွက်ခဲ့ကြသလို၊ အင်တာနက်အွန်လိုင်းပေါ်မှာလည်း တရုတ် ညီအကိုတွေကို ကယ်တင်ဖို့ ကြိုးပမ်းကြပါဆိုပြီး တောင်းဆိုတာတွေလည်း ထွက်ပေါ်ခဲ့တဲ့အထိပါ။

မြန်မာငြိမ်းချမ်းရေးစင်တာကတော့ - ကောလဟာလတွေ အကြီးအကျယ် ပျံ့နေပြီး၊ ကိုးကန့်တိုက်ပွဲဟာလည်း အလွန်ဆုံး နောက်ထပ် သီတင်းပတ် အနည်းငယ်လောက်သာ ဖြစ်နိုင်ပြီး လတွေနဲ့ချီတဲ့အထိတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG