သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ်ဖြတ်ကျော်မယ့် မြန်မာလူငယ်တွေကို စိစစ်တင်းကြပ်


မြန်မာနိုင်ငံသို့ပြန်ဝင်ရန် တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် စောင့်နေကြသည့် မြန်မာလုပ်သားများ။ (မူဆယ်) (မေ ၁၂၊ ၂၀၂၀)
မြန်မာနိုင်ငံသို့ပြန်ဝင်ရန် တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် စောင့်နေကြသည့် မြန်မာလုပ်သားများ။ (မူဆယ်) (မေ ၁၂၊ ၂၀၂၀)

အသက် ၂၃ နှစ်နဲ့ ၃၁ နှစ်ကြားအမျိုးသားတွေကို စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းထားတဲ့အတွက် မူဆယ်ကနေတရုတ်သွားမဲ့ အဲဒီအသက်အရွယ်ကြားက အမျိုးသားတွေကို နယ်စပ်မှာစတင် စိစစ်နေပါတယ်။ အချက်အလက် အထောက်အထားခိုင်လုံသူတွေကိုပဲ နယ်စပ်ဖြတ်ကျော်ခွင့်ပေးဖို့ တရုတ်နဲ့မြန်မာကြားမှာ သဘောတူထားတယ်လို့ မူဆယ်မြို့က ဌာနဆိုင်ရာ အရာရှိတချို့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထဲ အလုပ်သွားလုပ်မယ့် အသက် ၂၃ နှစ်နဲ့ ၃၁ နှစ်ကြားက မြန်မာအမျိုးသားတွေကို ယာယီနယ်စပ်ဖြတ်ကျော် ကန့်သတ်လိုက်တယ်လို့ မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ တရုတ်၊ ယူနန်အစိုးရဘက်ကလည်း အထောက်အထားခိုင်လုံတဲ့သူတွေကိုပဲ နယ်စပ်ဖြတ်ကျော်ခွင့်ပေးတော့မယ်လို့ ပြောပါတယ်။

"အခုက ယောကျ်ားလေး၊ ဗမာယောကျ်ားလေး တရုတ်ပြည်ထဲကို မဝင်ရတော့ဘူးဆိုတဲ့ စကားလုံးတခုက ဒီဗမာပြည်က ထုတ်ပြန်လိုက်တာရှိတယ်။ ပြန်လာတဲ့သူက အခုလတ်တလော များနေတယ်။ အခုမြန်မာနိုင်ငံက ရပ်ကွက်တွေကနေ QR ကုဒ်လက်မှတ်တွေပါမှ အဝင်ခံမယ်ဆိုတဲ့ ဗျူဟာလေးတခု သုံးလိုက်တဲ့အတွက်ကြ မပြည့်စုံလို့ လာလုပ်စားတဲ့သူတွေက တော်တော်များများ တိုင်ပတ်ကုန်တာပေါ့။ ပြန်စရာလမ်းစရိတ်မရှိလို့ ဒုက္ခရောက်တဲ့သူက များတယ်။ သိန်းဂဏန်းဆိုတဲ့ ငွေ amount (ငွေပမာဏ) ကို မတတ်နိုင်လို့ မူဆယ်မြို့မှာ ဒုက္ခရောက်တဲ့သူတွေလည်း တော်တော်များပါတယ်။ QR ကုဒ်ပါမှ တရုတ်က လက်ခံမယ်ဆိုတဲ့ ကတိသုံးထားတာက ရှိတယ်။ တရုတ်ကလည်း ဥပဒေက အမျိုးမျိုးထုတ်နေတယ်။"

အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ မြန်မာဘက်က စေလွှတ်လိုက်တဲ့ သူတွေကိုပဲ လက်ခံမယ်ဆိုတာ မြန်မာနဲ့ တရုတ် နှစ်ဘက်ညှိနှိုင်းထားတယ်လို့ မူဆယ်ဌာနဆိုင်ရာ တာဝန်ရှိသူတချို့က ဗွီအိုအေကို ပြောပါတယ်။ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်နဲ့လာပြီး သက်တမ်းကျော်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း စတင်ဖမ်းဆီးနေတယ်လို့ မူဆယ်မြို့ ဒေသခံတချို့ကဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ကြားတာပေါ့နော်၊ ၇ ရက်ကတ်တွေနဲ့၊ တခါသုံးကတ်တွေနဲ့ ဝင်လာပြီးတော့ အလုပ်လုပ်ပြီး ရက်လွန်တာတွေ ရှိလို့ရှိရင် လက်ခံထားတဲ့ အိမ်ရှင်ပါဖမ်း၊ အရေးယူမယ် ဘာညာ ဆိုပြီးတော့ တရုတ်ဘက်မှာတော့ သတင်းတော့ ထွက်နေတယ်ဗျ အဲလို။"

မြန်မာအလုပ်သမားတွေကို တရားဝင်လက်ခံဖို့ ရှမ်းပြည်နယ်အစိုးရနဲ့ တရုတ်ယူနန်ကြားမှာ သဘောတူ MoU စာချုပ်တခု မကြာသေးခင်က လက်မှတ်ရေးထိုးခတယ်လို့ မြန်မာအလုပ်သမားရေး ဌာနဘက်က ဗွီအိုအေကို ပြောပါတယ်။ အခုလို မြန်မာဘက်က အကန့်ကတ်သက်ချက်နဲ့ နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ခွင့် ပိတ်ပင်မှုဟာ အလုပ်လက်မဲ့ဦးရေကို ပိုပြီး တိုးပွားစေလိမ့်မယ်လို့ တချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

Forum

XS
SM
MD
LG