သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Chevron မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုများ လုံးဝရုပ်သိမ်း


FILE PHOTO: Dow Jones Industrial Average listed company Chevron (CVX)'s logo is seen in Los Angeles
FILE PHOTO: Dow Jones Industrial Average listed company Chevron (CVX)'s logo is seen in Los Angeles

ရတနာဓာတ်ငွေ့စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ Chevron ကုမ္ပဏီက မြန်မာနိုင်ငံတွင်းရင်းနှီးမြှပ်နှံမှုတွေကို လုံးဝရုပ်သိမ်းလိုက်ပြီလို့ မြန်မာ့အရေးစောင့်ကြည့်နေတဲ့ Justice for Myanmar က ထုတ်ပြန်ပါတယ်။ အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron က မြန်မာစစ်တပ်အတွက်ဝင်ငွေရှာပေးနေတယ်ဆိုပြီး လူမှုအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက မြန်မာနိုင်ငံက လုပ်ငန်းတွေရုပ်သိမ်းတော့မယ်လို့ ကြေညာထားခဲ့တာပါ။

လူမှုအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုကြောင့် ရတနာဓာတ်ငွေ့လုပ်ငန်းရဲ့ အစုရှယ်ယာတွေ ကနေဒါနိုင်ငံ MTI စွမ်းအင်ကုမ္ပဏီကို ရောင်းချဖို့ သဘောတူထားတာတွေလည်း ပျက်သွားခဲ့တယ်လို့ Justice for Myanmar ရဲ့ ဧပြီလ ၇ ရက်နေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ရတနာဓာတ်ငွေ့စီမံကိန်းက Chevron ရဲ့ လက်ကျန်အစုရှယ်ယာတွေကို ထိုင်းနိုင်ငံက PTTE ကုမ္ပဏီ နဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ကို ခွဲဝေရောင်းချပေးခဲ့ပါတယ်။ အကျိုးအမြတ်များတဲ့ ရတနာဓာတ်ငွေ့စီမံကိန်းဟာ အပြစ်မဲ့ပြည်သူတွေကို နှိမ်နှင်းနေတဲ့ စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေတဲ့လုပ်ငန်းဖြစ်တယ်လို့လည်း ပြောထားပါတယ်။

Chevron နဲ့ သူ့ရဲ့ မိတ်ဖက်တွေအနေနဲ့ ရတနာဓာတ်ငွေ့စီမံကိန်းမှာ ပါဝင်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ပတ်သက်နေတာဖြစ်တယ်လို့လည်း Justice for Myanmar ကြေညာချက်မှာ ဖော်ပြထားပါတယ်။ OECD စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးအဖွဲ့ကြီးနဲ့ ကုလသမဂ္ဂရဲ့ စီးပွါးရေးလုပ်ငန်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်အရ Chevron ကုမ္ပဏီက သူ့အစုရှယ်ယာတွေကို ခွဲဝေရောင်းချပေးလိုက်ခြင်းအားဖြင့် သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကနေ ရှောင်လွှဲလို့မရဘူးလို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။

PTTE နဲ့ MOGE တို့ကို လွှဲပြောင်းပေးလိုက်တဲ့အတွက် ရာဇဝတ်မှုကျူးလွန်နေသူတွေအတွက် ဝင်ငွေနဲ့ သဘာဝရင်းမြစ်တွေ ဆက်လက်ရနေမှာဖြစ်တဲ့အတွက် ဒါဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ ခွင့်ပြုပေးလိုက်ရာရောက်တယ်လို့လည်း ဆိုထားပါတယ်။ လူ့အခွင့်အရေးကို အလေးထားမှုရှိခဲ့သင့်တယ်ဆိုတာကိုလည်း Chevron ကုမ္ပဏီအေနနဲ့ မြန်မာပြည်သူတွေကို ပွင့်လင်းစွာတင်ပြရမှာဖြစ်ပြီး သူ့လုပ်ငန်းကြောင့်နစ်နာခဲ့တဲ့မြန်မာပြည်သူတွေကို လျှော်ကြေးပေးဖို့ စတဲ့ခြေလှမ်းတွေနဲ့ တာဝန်သိစွာနုတ်ထွက်သင့်တယ်လို့လည်း Justice for Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG