သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကော်မရှင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ရှိတယ် ဆိုတာ သက်သေပြနိုင်ပြီလား


ဆန္ဒမဲပေးပြီးသည့် အမှတ်လက္ခဏာ မင်တို့ထားသည့် လက်သန်းကို ထောင်ပြနေသည့် မဲဆန္ဒရှင်တစ်ဦး။ နိုဝင်ဘာ ၈၊ ၂၀၂၀
ဆန္ဒမဲပေးပြီးသည့် အမှတ်လက္ခဏာ မင်တို့ထားသည့် လက်သန်းကို ထောင်ပြနေသည့် မဲဆန္ဒရှင်တစ်ဦး။ နိုဝင်ဘာ ၈၊ ၂၀၂၀
တိုက်ရိုက် လင့်ခ်


အာဏာသိမ်း စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းတွေ စစ်ဆေးရေး ဆိုတာကို အမှတ်စဉ်(၁) မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့စည်းခဲ့သလို၊ မဲစာရင်းစစ်ဆေးတာတွေကို နိုင်ငံ နေရာအနှံ့မှာ ပြုလုပ်နေပြီး နေ့စဉ် သတင်းထုတ်ပြန်မှုတွေလည်း လုပ်နေတာ တွေ့ရပါတယ်။ ပုံမှန်အားဖြင့် တိုင်းနဲ့ ပြည်နယ် မြို့နယ်တွေက မဲစာရင်း အခြေအနေတွေကို စာရင်းဇယားနဲ့ ပြသတာမျိုးလောက်ပဲ ရှိပြီး မေလ ၁၄ ရက်နေ့ မှာတော့ ဆုံးဖြတ်ချက် ချမှတ်မှု ပါဝင်တဲ့ အချက်(၈) ချက်ပါ ထုတ်ပြန်ချက်ကို သတင်းစာ အချပ်ပို (၁၆) မျက်နှာအထိ အသုံးပြု ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မရှင် အသစ်က ဘာတွေ စစ်ဆေး တွေ့ရှိပြီး ဘယ်လို ကောက်ချက်ချထားသလဲ၊ အဲဒီ ကောက်ချက်တွေဟာ ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘယ်လိုလူတွေက ဘယ်လို မဲမသမာမှုတွေ လုပ်ခဲ့တယ် ဆိုတာမျိုး ဖော်ထုတ်နိုင်ခဲ့ပါရဲ့လား ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။


မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်ရဲ့ မဲစာရင်းတွေနဲ့ မဲပေးမှု အခြေအနေတွေကို လေ့လာခဲ့တဲ့အကြောင်း၊ အဲလို စစ်ဆေးရာမှာ ကော်မရှင် အဖွဲ့ဝင်တွေတင်မက၊ ရဲ၊ လဝက၊ မြို့နယ် ထွေအုပ်နဲ့ အခြား သက်ဆိုင်သူတွေ ပါဝင်တဲ့အကြောင်း၊ စစ်ဆေးရာမှာ မဲစာရင်းတွေမှာ နိုင်ငံသား စိစစ်ရေးကဒ် မရှိသူတွေ၊ ကဒ်နံပတ် တစ်ခုတည်းနဲ့ ၃ ကြိမ်အထက် ပါဝင်နေတဲ့သူတွေ၊ ၂ ကြိမ်ပါဝင်နေသူတွေကို တွေ့ရတဲ့အကြောင်း၊ မဲရုံတွေအလိုက် မဲလက်မှတ် လျော့နည်း ပျောက်ဆုံးတာ၊ တရားမဝင် အပိုရှိနေတာတွေကို တွေ့ရတဲ့အကြောင်း ဖော်ပြထားပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ မဲစာရင်းကောက်ယူရာမှာ ဥပဒေနဲ့ မညီညွတ်တဲ့ မှားယွင်းမှုတွေ တွေ့ရကြောင်း၊ မဲလက်မှတ် ပျောက်ဆုံးတာနဲ့ အပိုတွေ့တာတွေဟာ တရားမဝင် ဆောင်ရွက်မှုတွေကြောင့် ဖြစ်ကြောင်း၊ အရင် မဲပေးမှုတွေနဲ့ နှိုင်းယှဉ်ရင် ကြိုတင်မဲပေးမှု ရာခိုင်နှုန်း များနေတာကလည်း ဥပဒေနဲ့ မညီတဲ့ ကြိုတင်မဲ ကောက်ခံမှုကြောင့် ဖြစ်ကြောင်း၊ မဲပေးရာမှာ နိုင်ငံသား စိစစ်ရေးကဒ် မပါပဲ မဲဆန္ဒရှင် သက်သေခံလက်မှတ်နဲ့ မဲပေးမှုကို လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ Covid-19 ရောဂါကို အကြောင်းပြုပြီး ဥပဒေနဲ့ မညီတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။


ဒါကြောင့် ရန်ကုန်တိုင်း ၄၅ မြို့နယ်ရဲ့ မဲစာရင်းတွေနဲ့ မဲပေးခဲ့မှု အခြေအနေ တွေ့ရှိချက်တွေဟာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှု မရှိတာကို စစ်ဆေးတွေ့ရှိရတယ် လို့ ဆိုပြီး ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ အရင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ အသိပေး ကြေညာချက်တွေကို ပြန်ပြီး ဖော်ပြထားတာ တွေ့ကြရပါတယ်။ နောက်ရက်တွေမှာလည်း အခြားသော တိုင်းနဲ့ ပြည်နယ်တွေရဲ့ အချက်အလက်တွေကို ဖော်ပြပြီး အလားတူ ဆက်တိုက် ထုတ်ပြန်လာတာ တွေ့ရပါတယ်။


လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်၊ ထုတ်ပြန်ချက်နဲ့ ကောက်ချက်တွေမှာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ဘယ်နည်းဘယ်ပုံနဲ့ မဲမသမာမှုတွေ လုပ်ခဲ့တယ် ဆိုတာမျိုးကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မတွေ့ရပဲ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှု မရှိဘူး ဆိုတာလောက် ကောက်ချက်ဆွဲ ဖော်ပြထားတာ တွေ့ရပါတယ်။
တကယ်တော့ ရွေးကောက်ပွဲ တစ်ခုမှာ မဲမသမာမှု ရှိ၊မရှိ ဆိုတာနဲ့ ပတ်သက်ရင် ရွေးကောက်ပွဲ အမျိုးအစား တစ်ခုခုအတွက် ကျင်းပခဲ့တဲ့ မဲဆန္ဒနယ်မြေထဲက မဲရုံတစ်ခုခြင်းစီရဲ့ အချက်အလက်တွေ၊ အဲဒီ မဲရုံတစ်ခုချင်းစီက မဲပေးမှု၊ မဲရေတွက်မှုမှာ ပါဝင်သူတွေ အားလုံးကို ခေါ်ယူ စစ်ဆေးတာနဲ့တင် ပေါ်ပေါက်ပါတယ်။
မဲရုံတစ်ခုချင်းစီမှာ အဲဒီ မဲရုံရဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်း၊ မဲရုံအတွက် ရတဲ့ မဲလက်မှတ် အရေအတွက်၊ အသုံးပြုတဲ့ မဲလက်မှတ် အရေအတွက်၊ ပိုတဲ့ မဲလက်မှတ် အရေအတွက်၊ ဘယ်ပါတီက ဘယ်အမတ်လောင်း တစ်ယောက်စီက ရတဲ့ မဲလက်မှတ် အရေအတွက်၊ ပယ်မဲ အရေအတွက် စတာတွေ ရှင်းရှင်းလင်းလင်း စာရင်းပြုစု၊ အမတ်လောင်းကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ မဲစာရင်းရေတွက်၊ မဲလက်မှတ်တွေကို ထုတ်ပိုး၊ အဲဒါတွေ အားလုံး မြို့နယ် ကော်မရှင်ရုံးကို ပေးပို့ရတာမျိုး ဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်ရုံးမှာတော့ အဲဒီ မဲရုံ အသီးသီးက ပေးပို့လာတဲ့ စာရင်းတွေ မှန်မှန်ကန်ကန် ဖြည့်သွင်း၊ မသွင်း စာရင်းတွေ ပြန်တိုက်ကြည့်ရုံ၊ မြို့နယ်ရုံးကို ရောက်လာတဲ့ ကြိုတင်မဲတွေကို ပြန်ရေတွက်ရုံနဲ့ မသမာမှု ရှိမရှိ အလွယ်တကူ သိနိုင်၊ ဖော်ထုတ်နိုင်တဲ့ ကိစ္စမျိုးပါ။


အခု ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကော်မရှင် အဆင့်ဆင့်ဟာ အဲလို မဲမသမာမှုမျိုးကို တိတိကျကျ စိစစ်ဖော်ထုတ်နိုင်ခြင်း ရှိခဲ့ပုံ မရပါဘူး။ တကယ်တော့ ကျင်းပပြီးသွားတဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလဟာ Covid-19 ကပ်ရောဂါ ကာလ ဖြစ်နေပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာ လေ့လာရေး အဖွဲ့တွေကတော့ စောင့်ကြည့်လေ့လာ၊ အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအလိုက် စောင့်ကြည့်ရေး အဖွဲ့တွေ ထားရှိခဲ့သလို၊ ဂျပန်နိုင်ငံဆိုရင် ဂျပန်ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထားပြီးတောင် လေ့လာ စောင့်ကြည့်စေခဲ့တာ ဖြစ်ပါတယ်။ အားလုံးရဲ့ တူညီတဲ့ အကဲဖြတ်ချက်ကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှု ကြီးကြီးမားမား မတွေ့ရ၊ ရွေးကောက်ပွဲ ရလာဒ်ကို ပြောင်းလဲစေနိုင်လောက်တဲ့ မသမာမှုမျိုး မတွေ့ရှိ၊ မဲစာရင်း ကောက်ယူခြင်း အပါအဝင် လုပ်ထုံးလုပ်နည်း ဆိုင်ရာ အားနည်းချို့ယွင်းချက်တစ်ချို့တော့ တွေ့တယ် ဆိုပြီး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြည်တွင်းကရော၊ နိုင်ငံတကာကပါ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လောက်ပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောဆိုနေစေကာမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ စစ်တပ်ကတော့ မဲစာရင်းတွေကို ကိုယ့်ဖာသာကိုယ် တစ်ဖက်သတ် စစ်၊ ကိုယ့်ဖာသာကိုယ် “ မဲမသမာမှု ဖြစ်နိုင်ဖွယ်ရှိတဲ့ မဲစာရင်း ၁၀ သန်းလောက်” တွေ့ရတယ် ဆိုပြီး ကြေညာ၊ မဲစာရင်းတွေ ပြန်စစ်ဖို့၊ လွှတ်တော် အသစ်ခေါ်တာကို ဆိုင်းငံ့ဖို့ တောင်းဆို၊ အဲဒါကို တည်ဆဲ လွှတ်တော်တာဝန်ရှိသူတွေဘက်က မလိုက်လျောလို့ ခုလို အာဏာသိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မဲမသမာမှုဖြစ်စေနိုင်တဲ့ မဲစာရင်းတွေကိစ္စကနေ “မဲမသမာမှုတွေ ရှိခဲ့တယ်” ဆိုတာ သက်သေပြဖို့ တာဝန် ရှိလာပါတယ်။ အဲဒီအတွက်လည်း အာဏာသိမ်းပြီးတာနဲ့ ရာနဲ့ချီရှိတဲ့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နဲ့ အထက်အဆင့် အရာရှိတွေကို ဖမ်းဆီး ထိမ်းသိမ်းခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အဲဒီ ကော်မရှင် တာဝန်ရှိသူတွေဆီကနေ မဲမသမာမှု လုပ်ခဲ့တယ် ဆိုတာမျိုး၊ လုပ်တာကို သိရှိတယ် ဆိုတာမျိုး ထွက်ဆိုချက်နဲ့ သက်သေ အထောက်အထား တစ်စုံတရာ မရခဲ့တာကြောင့် လနဲ့ချီကြာတဲ့ ထိမ်းသိမ်းထားမှုကနေ ပြန်လွှတ်ပေးခဲ့ပြီး မဲစာရင်းစစ်တာတွေပဲ လုပ်ခဲ့တာ ဒီကနေ့အချိန် အထိပါပဲ။ ခုဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခန့်အပ်တဲ့ ဦးသိန်းစိုး ဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံတဝှမ်းက ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ၃ လကျော် အချိန်ယူပြီး စစ်ဆေးခဲ့တဲ့တိုင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ် ဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထား မပြနိုင်တဲ့အတွက် မဲစာရင်း ကောက်ယူမှု ချို့ယွင်းချက်တွေနဲ့ အရင် ကော်မရှင် ထုတ်ပြန်ချက်တွေကို ကိုးကားပြီး “ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ/နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စစ်ဆေး တွေ့ရှိရသည်” ဆိုတာလောက်ပဲ နိဂုံးချုပ် ထုတ်ပြန်နိုင်ခဲ့တာကို တွေ့မြင်ရကြောင်းပါ။

---------------------------------------------------------




XS
SM
MD
LG