သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကျောင်းသူ ဖြိုးဖြိုးအောင်ထံ သမ္မတဟောင်း Bush ဇနီးမောင်နှံ စာပေးပို့


(Credit: Crown North Okkalapa)
(Credit: Crown North Okkalapa)

သာယာဝတီအကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို အမေရိကန် သမ္မတဟောင်း George W Bush နဲ့ သမ္မတကတော် Laura Bush တို့က ချီးကျူးအားပေးကြောင်း ရေးသားပေးပို့လိုက်တဲ့စာဟာ အဖမ်းဆီးခံ ကျောင်းသားတွေအတွက် ခွန်အားဖြစ်စေသလို၊ နိုင်ငံတကာက အခုလို ပံ့ပိုးမှုတွေကြောင့် အဖမ်းဆီးခံ ကျောင်းသားတွေအားလုံး အမြန် ပြန်လွတ်လာမယ်လို့ မျှော်လင့်မိကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်အတွက် မေလ ၁၄ ရက် နေ့စွဲနဲ့ ရေးသားပေးပို့လိုက်တဲ့ အမေရိကန် သမ္မတဟောင်း George W Bush ရဲ့ အားပေးစာနဲ့ လက်ဆောင်ပစ္စည်းတွေကို ထိုင်းနိုင်ငံကတဆင့် လူကြုံနဲ့ မဖြိုးဖြိုးအောင်ဆီကို ပေးပို့ခဲ့တာဖြစ်ပြီး၊ မေလ ၂၅ ရက် ရုံးထုတ်ချိန်မှာ မဖြိုးဖြိုးအောင် လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

သမ္မတBush ရဲ့စာဟာ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတယ်လို့ မဖြိုးဖြိုးအောင်က သတင်းမီဒီယာကို ပြောခဲ့သလို၊ မဖြိုးဖြိုးအောင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းကလည်း သမ္မတ Bush က သူ့သမီးဖြစ်သူအတွက် ရေးလာတဲ့စာဟာ အဖမ်းဆီးခံ ကျောင်းသားတွေအတွက် ခွန်အားဖြစ်စေတယ်လို့ ပြောဆိုလိုက်ပါတယ်။

“အမေရိကန်သမ္မတဟောင်း George W. Bush နဲ့ သူ့ရဲ့ဇနီး Laura Bush တို့ကို အများကြီး ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဒီလို အနစ်နာခံ ထောင်ထဲမှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ သမီးတို့ကို အထူးသဖြင့် သမီးကို ဒီလို ဟုတ်လား အားပေးစကားပြောတယ်၊ ချီးကျူးဂုဏ်ပြုတယ် သမီးတို့အတွက်ကို ဒါဟာဖြင့်ရင် အများကြီး ခွန်အားဖြစ်စေပါတယ်လို့နော်။ နောက်တခုက ဒီကိစ္စနဲ့ပတ်သက်လို့ ဟုတ်လား ပြည်တွင်းက မကျေနပ်မှုတွေနဲ့ နိုင်ငံတကာက မကျေနပ်မှုတွေ များလာမယ်ဆိုရင်တော့ ဒါ အစိုးရအတွက်က တော်တော် မကောင်းဖြစ်လာမယ်နော်၊ အဲ့အခါဆိုလို့ရှိရင်တော့ အစိုးရကတော့ ပြန်လွှတ်ပေးကောင်း ပြန်လွှတ်ပေးနိုင်ပါတယ်ခင်ဗျ။”

သမ္မတ Bush ရဲ့စာထဲမှာတော့ Bush Institute ကပို့ချပြီး မဖြိုးဖြိုးအောင် အပါအဝင် မြန်မာလူငယ် ၁၈ ဦးတို့ တက်ရောက်နေတဲ့ Liberty & Leadership Forum သင်တန်း နောက်ဆုံးအပိုင်းနဲ့ လာမယ့်ဇွန်လထဲလုပ်မယ့် ကျောင်းဆင်းပွဲကို မဖြိုးဖြိုးအောင်နဲ့ သူ့ခင်ပွန်းဖြစ်သူ ကိုလင်းထင်နိုင် (ခေါ်) ဂျိမ်းစ် တို့ မတက်ရောက်နိုင်တော့တာကို စိတ်မကောင်းဖြစ်မိကြောင်း၊ ဒါပေမဲ့ ကျောင်းဆင်းပွဲမှာ မဖြိုးဖြိုးအောင်ကိုဂုဏ်ပြုမယ့် အစီအစဉ်တွေ ထည့်သွင်းသွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒီစာနဲ့ပတ်သက်လို့ မဖြိုးဖြိုးအောင်ရဲ့ ခင်ပွန်းလည်းဖြစ် ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌလည်းဖြစ်တဲ့ ကိုလင်းထက်နိုင်က အခုလို ရှင်းပြပါတယ်။

“အားလုံးသိတဲ့အတိုင်းပဲ ဖြိုးဖြိုးအောင်ကလည်းပဲ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ ကျနော်ကလည်းပဲ ဝရမ်းထုတ်ခံထားရပြီးတော့ ပတ်စ်ပို့လည်း အသိမ်းခံထားရတယ်ပေါ့။ အဲ့အခါကျတော့ ကျနော်တို့အနေနဲ့ သွားရောက်ဖို့ အဆင်မပြေနိုင်တော့ဘူးဆိုတာကို သူတို့ကို ကျနော်တို့က အသိပေးထားတယ်။ အသိပေးတော့ သူတို့ကလည်း ဒါနဲ့ပတ်သက်ပြီး စိတ်မကောင်းဘူးဆိုတာကို ပြောတယ်ပေါ့နော်။ ကျနော်တို့ စာထဲမှာလည်း တွေ့ရတယ်။ ဆိုတော့ သူလုပ်ခဲ့တဲ့သင်တန်းသားတွေ ဒီလို အခက်အခဲ၊ ဒုက္ခကြုံနေတဲ့အခါမှာ သူ့ရဲ့ရပ်တည်ချက်ကို ထပ်မံပြီးတော့ ဖော်ပြရေးထားတယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပညာရေးဥပဒေတရပ် ပေါ်ပေါက်လာရေးအတွက် ရက်ရှည်ဆန္ဒပြတောင်းဆိုကြတဲ့ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပြီးခဲ့တဲ့မတ်လထဲ ရဲတွေက အင်အားသုံး ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။ သမ္မတ Bush ရဲ့စာထဲမှာ မဖြိုးဖြိုးအောင် ပြန်လည် လွတ်မြောက်လာမယ်လို့ မျှော်လင့်မိကြောင်းလည်း ရေးထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုလင်းထက်နိုင် ပြောတာက -

“ဒီကျောင်းသားသပိတ်ကို ဖြိုခွဲလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သမ္မတဟောင်း George Bush သူနဲ့ သူ့ဇနီးသည်က ကြေညာချက်တစောင် ထုတ်လိုက်တာလည်း ကျနော်တို့ တွေ့ရှိရတယ်ပေါ့နော်။ နောက်တချက်က ဒီစာထဲမှာတော့ ဖော်ပြခြင်းမရှိဘူး။ ဒါပေမဲ့ ကျနော်တို့ကို သီးခြားအကြောင်းကြားလို့ သိရှိထားတာဆိုရင် ဒီကျောင်းသားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဦးသိန်းစိန်အစိုးရကို ဖိအားပေးဖို့ ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ အမေရိကန် လက်ရှိအစိုးရကို သက်ဆိုင်ရာတွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာတွေကိုတော့ ကျနော်တို့ သိထားတာပါ။”

ဒီလို နိုင်ငံတကာရဲ့ တွန်းအားပေးမှုတွေရှိနေပေမဲ့ မြန်မာ့လွှတ်တော်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း ကိုလင်းထက်နိုင်က အခုလို ထောက်ပြ တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ ဒီ ပညာရေးပြုပြင်ပြောင်းလဲဖို့ ကျောင်းသားတွေ ဆန္ဒထုတ်ဖော်တယ်။ အဲဒီအပေါ်မှာ လက်ရှိအစိုးရက အကြမ်းဖက် ဖြိုခွင်းတဲ့အပေါ်မှာ နိုင်ငံတကာမှာရှိနေတဲ့ အဖွဲ့အစည်းတွေ၊ နောက် နိုင်ငံတကာမှာရှိတဲ့ ထင်ရှားကျော်ကြားသူတွေပေါ့နော် ဒီကျောင်းသားတွေကို ထောက်ခံကြောင်းတွေ ကျနော်တို့ တွေ့ရှိရတယ်။ အဲဒီလိုပဲ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရဲ့အားပေါ့ လိုအပ်နေပါတယ်။ အဲဒါက ဘာလဲဆိုတော့ လွှတ်တော်ဆိုတာက ဥပဒေပြုရေးတင် မဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုလည်း ထိန်းကျောင်းဖို့ သူ့မှာ တာဝန်ရှိပါတယ်။ အဲတော့ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားလက်လွန် ပြုမူဆောင်ရွက်မှုအပေါ်မှာ လွှတ်တော်ကနေပြီးတော့ မည်သည့်ထိန်းကျောင်းမှု၊ မည်သည့်ဝေဖန်ပြောဆိုမှုမှ မရှိတဲ့အပေါ် ကျနော်တို့အနေနဲ့ စိတ်ပျက်စွာ မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်အနေနဲ့လည်း ဒီအုပ်ချုပ်ရေးမဏ္ဍိုင်က တရားလက်လွန်လုပ်နေတာတွေကို ထိန်းကျောင်းပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။”

သမ္မတဟောင်း Bush ရေးလိုက်တဲ့စာထဲမှာတော့ မဖြိုးဖြိုးအောင်ကို သတိတရ ရှိနေသလို သူရင်ဆိုင်နေရတဲ့ အခက်ခဲဆုံးအချိန်တွေ လွန်မြောက်စေဖို့ ဆုတောင်းပေးနေကြောင်း၊ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိမယ့် ပညာရေးစနစ် ပေါ်ပေါက်လာအောင် ကြိုးပမ်းနေတဲ့ မဖြိုးဖြိုးအောင်ရဲ့သတ္တိနဲ့ စိတ်အားထက်သန်မှုကို လေးစားမိကြောင်း ရေးသားထားပါတယ်ခင်ဗျာ။

XS
SM
MD
LG